Monday, December 28, 2015

မုံရွာမြို့တွင် နှမ်းနက်အတုများ လိုက်လံရောင်းချ

မုံရွာမြို့တွင် နှမ်းနက်အတုများ လိုက်လံရောင်းချ

မုံရွာဈေးကွက်အတွင်း ဈေးကောင်းရနေသည့်နှမ်းနက်များကို အတုပြုလုပ်၍ လိုက်လံရောင်းချမှုများ ရှိနေကြောင်း မုံရွာမြို့ခံနှမ်းကုန်သည်များကဆိုသည်။

တောင်သူအယောင်ဆောင်၍ တန်ဖိုးနည်းနှမ်းများဖြစ်သည့် ဆီးနှမ်းနှင့် နှမ်းဖြူအောက်စများကို အနက်ရောင်ဆေးဆိုးကာ ဒီဇင်ဘာလ ၂၇ ရက် မွန်းလွဲပိုင်း မုံရွာမြို့ခံပွဲစားများ ကုန်စည်ဒိုင်သို့ သွားရောက်အရောင်းအဝယ်ပြုလုပ်နေစဉ် လိုက်ထရပ်ယာဉ်တစ်စီးဖြင့် မုံရွာမြို့ မြို့သစ်ရပ်ကွက်နှင့် ကွေးကြီးရပ်ကွက်များရှိ ပွဲရုံသုံးရုံသို့ လိုက်လံရောင်းချခဲ့ခြင်းဖြစ်ကြောင်း ပဲပွဲစားတစ်ဦးဖြစ်သည့် ဦးဇော်မျိုးနိုင်က ဆိုသည်။

"ကုန်စည်ဒိုင်မှာရောက်နေတဲ့အချိန် အိမ်ကဖုန်းလှမ်းဆက်ပြီး နှမ်းနက်တင်း ၆၀ လာရောင်းနေတယ်လို့ပြောတယ်။ ဒီမှာက ပွဲရုံတွေက သူ့နယ်နဲ့ သူ့ပွဲစားနဲ့ကုန်ဝင်နေကျ၊ အခုလာရောင်းတဲ့သူတွေက မြိုင်နယ်ကလို့ပြောတယ်။ ကျွန်တော်က သိပ်မသင်္ကာတာနဲ့ ပစ္စည်းကြည့်ပြီးမှ ဝယ်မယ်လို့ ပြောလိုက်တော့ သူတို့ဟာ သူတို့ ကားပေါ်ပြန်တင်ပြီးထွက်သွားတယ်လို့ ပွဲရုံကအလုပ်သမားတွေက ပြန်ပြောတယ်" ဟု ၎င်းကဆိုသည်။

ပွဲရုံအချင်းချင်းဆက်သွယ်ပြောကြားခဲ့သဖြင့် မှားယွင်းဝယ်ယူခဲ့ခြင်းမရှိကြောင်း၊ ရေကိုကိုင်၍ နှမ်းကိုပွတ်ကြည့်ပါက အမဲရောင်အမှုန့်များကပ်ပါလာလျှင် နှမ်းနက်တုများဟု သိရှိနိုင်ကြောင်း၊ လက်ရှိနှမ်းအောက်စပေါက်ဈေးမှာ တစ်တင်းကို နှစ်သောင်းခွဲခန့်သာရှိသော်လည်း နှမ်းနက်တစ်တင်းကို ကျပ်ငါးသောင်းကျော်ဈေးပေါက်နေသဖြင့် ဆီးနှမ်းနှင့် နှမ်းဖြူအောက်စများကို ဆေးဆိုးခြင်း၊ ဓာတ်ခဲအမှုန့်များနှင့် နှမ်းကိုမဲအောင်လုပ်ပြီး လိမ်ရောင်းလာကြခြင်းဖြစ်ကြောင်း နှမ်းကုန်သည်တစ်ဦးကဆိုသည်။

No comments: