Wednesday, December 30, 2015

ရဟန်းများအနေဖြင့် လိုအပ်ပါက သေနတ်ကိုင်ရဲကြောင်း ဦးပါမောက္ခမိန့်ကြား ------ ----

ရဟန်းများအနေဖြင့် လိုအပ်ပါက သေနတ်ကိုင်ရဲကြောင်း ဦးပါမောက္ခမိန့်ကြား
------       -------         --------

လိပ်ကျွန်းအရေး ဆန္ဒပြနေသော မိမိတို့ ဘုန်းကြီးများ အနေဖြင့် လိုအပ်ပါက
သင်္ကန်းချွတ်၍ သေနတ်ကိုင်ရဲကြောင်း မဘသ ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

“ဘုန်းကြီးတို့အရေးကြုံလာလို့ သေနတ်တောင် မဖြုတ်တတ် မတပ်တတ်
မထည့်တတ်ဘူး ဆိုရင် မိမိတို့နိုင်ငံသူ နိုင်ငံသားတွေအတွက် အန္တရာယ်နဲ့
ရင်ဆိုင် မရနိုင်ဘူးလား၊ အဲ့ဒီလိုဆိုရင် နိုင်ငံသားတိုင်း စစ်မှုထမ်းတယ် ဆိုတဲ့
ဥပဒေ ကိုလည်းပဲ ပြဋ္ဌာန်းသင့်တယ်လို့ထင်တယ်" ဟု ဒီဇင်ဘာလ ၂၉ ရက်နေ့က
ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းတွင် ပြုလုပ်ကျင်းပသော လိပ်ကျွန်းလူသတ်မှုနှင့်
ပတ်သက်၍ သေဒဏ် ချမှတ်ခံရသော မြန်မာနှစ်ဦး လွတ်မြောက်ရေး
ဆန္ဒဖော်ထုတ်ပွဲတွင် ဆရာတော်ဦးပါမောက္ခက မိန့်ကြားသည်။

"အခုလိုကိစ္စမျိုးမှာ
နောက်ထပ် လေးလလောက်ထိအောင် စစ်ဆေးဦးမှာ။ ယခုကနေပြီးတော့
နိုင်ငံသားတွေ အားလုံး စစ်မှုထမ်းမယ်ဆိုရင် စစ်ထဲ ၀င်နိုင်တယ် မဟုတ်ဘူးလား။
ဘုန်းကြီးတို့က ယခုလည်းပဲ သင်္ကန်းကိုချွတ်ပြီးတော့ သေနတ်ကို ကိုင်ရဲတယ်
ဆိုတာ ဒီနေရာကနေ ရဲရဲဝံ့ဝံ့ပြောရဲပါတယ်” ဟု ဆရာတော်ဦးပါမောက္ခက ဆိုသည်။

ထိုကဲ့သို့မိန့်ကြားခဲ့မှုနှင့် ပတ်သက်၍ စာရေးဆရာ စည်သူအောင်မြင့်က ‘ အခုပဲ
သင်္ကန်းချွတ်ပြီးတော့ တပ်ထဲကိုသွားဝင်လို့ ရပါတယ်လို့ ။ ၀င်ပြီးရင် နယ်စပ်မှာ
တာဝန် ထမ်းဆောင်ချင်ကြောင်း အဲ့ဒီမှာပြောပြီးတော့ သွားပါလို့  ။
စည်သူအောင်မြင့် က အဲ့လိုပဲပြောတယ်လို့ရေးလိုက်ပါ” ဟု The Ladies သို့
ပြောသည်။

ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် နှစ်နာရီခန့် ကြာမြင့်သော အဆိုပါဆန္ဒပြပွဲမှာ
မဘသ ရဟန်းအချို့ ( ပါဝင်သူများကတော့ မဘသ နှင့် မသက်ဆိုင်ကြောင်း ပြောဆိုထား ) နှင့် ဦးနေမျိုးဝေကဲ့သို့ အမျိုးသားရေးဝါဒီများ
ပူးပေါင်း ပြုလုပ်ခြင်းဖြစ်ပြီး လိပ်ကျွန်း လူသတ်မှု စီရင်ချက်ချမှတ်သည့် ကနဦး
ရက်များကဲ့သို့ ဆန္ဒပြပွဲတွင် လူထု အများအပြား ပါဝင်ခြင်း မရှိပေ။ ဆန္ဒပြသူများ
သည် ဗိုလ်စိန်မှန်ကွင်းမှ တစ်ဆင့် ပြည်လမ်းရှိ ထိုင်းသံရုံးကို ချီတက်ခဲ့ကြပြီး
အိတ်ဖွင့်ပေးစာ တစ်စောင်လည်း ပေးပို့ခဲ့ကြသည်ဟု သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ညပိုင်းက မဘသ သံဃာတော်အချို့မှ
ဦးဆောင် ပြုလုပ်ခဲ့သည့် မန္တလေးမြို့မှ ဆန္ဒပြပွဲတွင် ထိုင်းစားသောက်ဆိုင်
အချို့ရှေ့သို့ သွားရောက် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ပြီး ထိုင်းလူမျိုးများ ထွက်သွားရန်
တောင်းဆိုခဲ့သည့် အတွက် ဝေဖန်မှုများလည်း လတ်တလောတွင် မြင့်တက် လာသည်။

“ဆန္ဒပြပွဲတွေက အစပိုင်းမှာ လူတွေ စိတ်ဝင်စားတယ်။ ရုံးပိတ်တွေလည်းဖြစ်တော့
စည်ကားတယ် ။ ဒါပေမဲ့ မဘသတွေ ပါလာတော့ လူတွေက သိပ်မ၀င်စားတော့ဘူး ။
လမ်းချော်မှာလည်း ကြောက်နေကြတယ်” ဟု အင်းစိန်မြို့နယ်နေ ကိုသန့်စင်က
ပြောသည်။

သတင်း - ဇော်မင်းထွန်း

The Ladies News Journal

No comments: