Wednesday, December 30, 2015

တကယ့်အဖြစ်အပျက်

တကယ့်အဖြစ်အပျက်
-------------------------------
အစကတော့ ရပ်ကွက်ထဲကို အိမ်ငှားအဖြစ် ပြောင်းလာတယ်။ ကျောင်းစိမ်းဝတ်ကလေး ၂ ယောက်လောက်လည်းပါတယ်။

သူများအိမ်ဘေး အဖီလေးချပြီးနေ။
ဝိုင်းထဲ တဲထိုးနေ။ တစ်လ ၂ သောင်း။
လင်ရောမယားပါ ကြုံရာကျဘမ်းလုပ်။ အိမ်ကြက်မွေး။ ရောင်း။ ဒီလိုနဲ့ တစ်နှစ်ပြည့်။

ဒါပေမယ့် အလကားနေတာ မဟုတ်ဖူး။ စံမံကိန်းနဲ့။
အဲဒီတစ်နှစ်အတွင်း အပိုင်းထဲမှာရှိတဲ့ မြေကွက်အလွတ်တွေကို လိုက်ကြည့်ပြီးသား။

ဒီအကွက်က ပိုင်ရှင် ဘယ်သူ။ ဘယ်မှာနေ။ ဒီအကွက်က တစ်နှစ်အတွင်းပိုင်ရှင် လည်းမလာ။ ဘယ်သူမှ လာမကြည့်။ မှတ်ထားတယ်။ အရေးကြီး နံပါတ် တစ်။ ဒါက ယောက်ကျားဖြစ်သူ လုပ်နေတဲ့ Master Plan.

သူ့မိန်းမက လည်း ခေသူမဟုတ်။ ရပ်ကွက်လူကြီး အိမ် အဝင်ထွက်လုပ်ပြီးနေပြီ။ ဝါဝင် ဝါထွက် နဲ့ အခါကြီးရက်ကြီးတွေမှာ ကိတ်မုန့်တစ်လုံးနနဲ့ ကန်တော့ပြီးသား။ ရပ်ကွက်လူကြီး မရှိတဲ့နေရာဆို နီးစပ်ရာ ဘုန်းကြီးကျောင်းက ကျောင်းထိုင်။ Public Relation လုပ်တတ်တယ်ပေါ့။

ကျောင်းစိမ်းဝတ် ကလေးတွေက သနားစရာ။ လင်ရောမယားပါ ဖင်ပေါ့တော့ လက်တိုလက်တောင်း ခိုင်းလို့ကောင်း။ တစ်ခါ တစ်ခါ ဟင်းခွက်လေးတွေတောင်ပါ။

ကဲ စီမံကိန်းစမယ်။ ဒီအကွက်က ပိုင်ရှင်မလာတာ နှစ်ပေါက်နေပြီ။ ကျနော် ကျမတို့ တဲထိုးနေမယ်။ ရပ်ကွက်လူကြီးကို တစ်လ ၁ သောင်း မပျက်မကွက် ကန်တော့မယ်။ ကျမတို့ကို ကူညီပါ ခင်ဗျ / ရှင့်။

ရပ်ကွက်လူကြီးဆိုသူကလည်း .. ရတယ်။ မင်းတို့ ကန်တော့တာ ကျေးဇူးတင်တယ်။ မင်းတို့ ကျေးဇူးသိတတ်တယ်။ ဘာမှ မဖြစ်ဖူး။ ဝင်သာနေ။
ပိုင်ရှင်ဆိုသူတွေ ဘယ်နား သေ နေမှန်း မသိ။
ပိုင်ရှင်လာလည်း ညှိုတာပေါ့။ Done Deal.

တစ်ချို့ဆို ၄-၅ နှစ်ကြာတဲ့ အထိ မြေရှင်က မလာ။
ဒီတော့ ရပ်ကွက်ထဲက လူတွေကောင်းမှုနဲ့ အိမ်ထောင်စုဇယားလေးလုပ်။ ကဲ ဘာပြောချင်သေးလဲ။

ဒီနှစ်ပိုင်း ရောက်တော့ ပစ်မှတ် (Target ) ပြောင်းလာတယ်။ ပိုင်ရှင် ရှိတဲ့ အကွက်ကို ပို သဘောကျလာတယ်။ တဲကို ၃ ရက်အတွင် ပြီးအောင် ဆောက်တတ်လာတယ်။ တစ်မိသားစုတည်း မဟုတ်တော့။ ၂ စု ၃ စု နဲ့ ပေါင်းလုပ်တယ်။

ဆင်ထားတဲ့ အကွက်ထဲ ဝင်လာပါပြီ။ ပိုင်ရှင်က တအံတအြ နဲ့လာကြည့်။ ဒါ ကျုပ်အကွက်။ ဒီမှာ ဂရမ်။ ဒီမှာ ချလန်။

ဟုတ်ကဲ့ ပြောင်းပေးပါ့မယ်။ ကလေးတွေ စာမေးပွဲပြီးတဲ့အထိ နေပါရစေ။ မိုးကုန်တဲ့အထိ နေပါရစေ။ မျက်ရည်ခံထိုး။

ရပ်ကွက်လူကြီးကလည်း.. သူတို့လေးတွေ သနားပါတယ်ဗျာ ။ ရောက်စကတည်းက ကျနော်လည်းပြောတယ် နေလို့မရဘူးလို့။ ဇာတ်တိုက်ပြီးသား။ နိဂုံးချုပ်တော့ ကျူးကျော် ၅ သိန်း။ ရပ်ကွက်လူကြီး ၃ သိန်း။

နောက်တစ်မျိုးက ဒီလို။ ပိုင်ရှင် ရောက်လာ။ ပြူးတူး ပြာတာ။ ဒါကျုပ် အကွက်။ ခင်ဗျားတို့ ချက်ချင်းထွက်။ ရဲတိုင်လိုက်မယ်။ ဘာမှတ်လဲ။

ဒါမျိုးဆို ပိုကြိုက်တယ်။

တိုင်ချင်တဲ့နေရာတိုင်။ ဒါကျမတို့ မြေနေရာ ။ နေလာတာ ၅ နှစ်ကျော် ၁၀ နှစ်တွင်း။
ဖယ်မပေးနိုင်ဘူး။ မိသားစု ၃-၄ စုလောက် ဝိုင်းလာ။ ထမီတွေ ရှင်လျှားဝတ်။ စကားတွေများ။

ဒါရိုက်တာ ရပ်ကွက်လူကြီးက သူ့ ဟွာဟွေ့ ဖုန်းလေးနဲ့ ဓာတ်ပုံတွေ တဖြတ်ဖြတ်ရိုက်။ မှတ်တန်းတင်။ ဇာတ်နာအောင် ဇာတ်ညွှန်းပြင်။ အဆင်သင့်ထား။

ဇာတ်သိမ်းတော့။ ရဲ ၅ သိန်း။ ရပ်ကွက်လူကြီးများ အဖွဲ့ ၅ သိန်း။ ကျူးကျော် ၁၀ သိန်း။

ငွေရလာတော့ တရုတ် ဆိုင်ကယ်လေးဝယ်။ အပိုင်းတွေထဲ ရပ်ကွက်တွေထဲ မြေကွက်တွေလိုက်ကြည့်။
ဆက်မယ် ဆို ဆက်ရေးလို့ ရသေးတယ်။

ဇေမျိုးလင်း

No comments: