Monday, December 28, 2015

"အပြစ်ရှိသော ပြည်သူများ"

"အပြစ်ရှိသော ပြည်သူများ"

ဒီရက်ပိုင်း FB user တစ်ချို့ရဲ့ Status တွေမှာ ဒေါ်စုကို ဆီးသွားဝမ်းသွားကိစ္စတွေအထိ တာဝန်ရှိတယ်လို့ ဝိုင်းပြောနေကြတယ်ဆိုတဲ့ သဘောမျိုး သရော်ခနဲ့စာတွေ ရေးကြတဲ့ Trend တစ်ခုဖြစ်လာတာကိုတွေ့ရတယ်။

ကျွန်တော်အဲ့ဒိအပြုအမူကို လုံးဝမနှစ်သက်လို့ ဒီစာကိုရေးပါတယ်။

(၁) ပြည်သူတွေဟာ သူတို့ လက်ရှိရင်ဆိုင်နေရတဲ့ ဘဝရဲ့ ပြသနာပေါင်းခပ်သိမ်းကို ဒေါ်စု အကုန်ရှင်းပေးနိုင်ရမယ်လို့ တောင်းဆိုနေကြတာမဟုတ်ပါဘူး။

မြန်မာအများစုဟာ ရိုးသားပြီး ဆင်းရဲကြတယ်ဆိုပေမယ့် အဲ့ဒိလောက် အလိုက်ကန်းဆိုးမသိ နုံအကြတာတော့ မဟုတ်ပါဘူး။
ဒါပေမယ့် သူတို့ဟာ ဒေါ်စုကို အားကိုးတစ်ကြီး ချစ်ခင် လေးစား ယုံကြည်လွန်းလို့ ဘယ်သူကသမ္မတဖြစ်လာမှာလဲဆိုတာတောင် ခုချိန်ထိ မပြောနိုင်သေးတဲ့ NLD ကို ဒေါ်စုမျက်နှာတစ်ခုထဲ မျက်စေ့စုံမှိတ်အာရုံပြုပြီး မဲဝိုင်းထည့်ပေးခဲ့ကြရှာတာပါ။
ဒီအတွက် သူတို့မှာ သိပ်ပြင်းထန်လာတဲ့ နာကျင်မှုကို ဖွင့်ပြခွင့်တော့ရှိသင့်ပါတယ်။

ဒီအမှုရဲ့ မှားယွင်းတဲ့ စီရင်ချက်ဟာ ဒီကလေးနှစ်ယောက်ရဲ့ ရှင်သန်ခြင်းကိုသာ ထိခိုက်စေတာမဟုတ်ပါဘူး။
မြန်မာနိုင်ငံသားအားလုံးရဲ့ ဂုဏ်သိက္ခာ နဲ့ အနာဂါတ် ကမ္ဘာလှည့်ခရီးသည် စီးပွားရေးတွေကိုလဲ များစွာ နစ်နာမှုရှိစေမှာ ဖြစ်ပါတယ်။
ဒီပြသနာဟာ ရေ/မီး ပုံမှန်မလာလို့ ဖုန်းလိုင်းတွေ မကြည်လို့ ဆိုတာမျိုး ဌာနဆိုင်ရာ အသေးအမွှား ပြည်တွင်းပြသနာတစ်ခုမဟုတ်ပါဘူး။
အဲ့ဒိလို အရေးမပါတာတွေကိုလဲ ယနေ့ထိ ဘယ်ပြည်သူတွေကမှ ဒေါ်စုကို မတောင်းဆိုသေးပါဘူး။
ပြည်သူတွေမှာသာ သူတို့ကို အမှန်တစ်ကယ်ပြောင်းလဲပေးမယ်ဆိုသူက တစ်ခွန်းလေး ခိုင်းလိုက်တာနဲ့ အမှိုက်ကောက်ဆိုတော့လဲ ပျော်ပျော်ကြီး ကောက်ခဲ့ကြရှာတာပါ။

ပြည်သူတွေတောင်းဆိုနေတာ ဒီကလေး နှစ်ယောက်ရဲ့ အမှုလွတ်ဖို့ တစ်ခုတည်းမဟုတ်တာကို လေးနက်စွာတွေးပြီး စာနာနားလည်သင့်ပါတယ်။
ဒီအမှုဟာ မြန်မာ နဲ့ ထိုင်း နှစ်နိုင်ငံ ကြား အစိုးရတွေရော ပြည်သူတွေပါ သိက္ခာချင်း ထပ်လဲရမယ့် ကမ္ဘာ့အဆင့်ထိ အရေးပါနေပါတယ်။
ဒီတော့ ဒါဟာ ဘာမှ မဟုတ်တဲ့ သာမန် မြန်မာလူငယ်နှစ်ယောက်ရဲ့ အမှုမို့ ဒေါ်စု ဝင်ပါစရာမလိုဘူးဆိုတာကို လက်မခံပါဘူး။

(၂) ဒေါ်စု လက်ထဲမှာ အာဏာမှမရှိသေးတာ လက်ရှိ အစိုးရကိုသွားပြောပေါ့ ဆိုတဲ့အတွေးအခေါ်ဟာ ကလေးဆန်ပြီး တာဝန်မဲ့လွန်းပါတယ်။

ဒီလိပ်ကျွန်းအမှုဟာ ထိုင်းပိုင်နက်ထဲမှာ ဖြစ်ပွားခဲ့တာမို့ မြန်မာအစိုးရသာမက သေသွားတဲ့ ခရီးသည်နှစ်ဦးရဲ့ မိခင်နိုင်ငံကအစိုးရတွေတောင် ထိုင်းနိုင်ငံတရားစီရင်ရေးကို စွက်ဖက်ပိုင်ခွင့်မရှိဘူးဆိုတာ ၊ ဒီကိစ္စမျိုးမှာ အစိုးရချင်း အာဏာနဲ့ စေခိုင်းနိုင်စွမ်းမရှိပါဘူးဆိုတာ ပြည်သူအများစုကသိပြီးသားပါ။
နောက်ပြီး မြန်မာအစိုးရကို လဲ ထိုင်း အစိုးရက ဂရုကိုမစိုက်ဘူးဆိုတာ အမှုစီရင်ချက်က ထင်ရှားစွာသက်သေပြပြီးဖြစ်ပါတယ်။

ပြည်သူတွေဟာ ဒေါ်စုကို ထိုင်းနိုင်ငံကိုသွားပြီး ငါ့လူတွေကို လွှတ်စေ ဆိုပြီး ရာဇသံသွားပေးခိုင်းဖို့ စိတ်ကူးယဉ်နေကြတာမဟုတ်ပါဘူး။
ဒေါ်စုကို ထိုင်းသံရုံးရှေ့ အမှိုက်ကောက်ခိုင်းနေကြတာလဲ မဟုတ်သလို ဆိုင်းဘုတ်ကိုင် ဆန္ဒပြခိုင်းနေကြတာလဲ မဟုတ်ပါဘူး။

ဒါပေမယ့် ဒေါ်စုဟာ သာမန် အစိုးရတစ်ရပ်ထက် ကမ္ဘာကပိုလေးစားခံရသူ Nobel ဆုရှင်တစ်ဦးဖြစ်တယ်။
သူမ ရဲ့လက်ထဲမှာ ဘာအာဏာမှမရှိပေမယ့် သူမရဲ့ သြဇာဟာ အာဏာတွေ ရာထူးတွေ လက်နက်တွေထက် ပိုအရှိန်အဝါကြီးတယ်။
သူမ ရဲ့ စကားတစ်ခွန်းဟာ အစိုးရတစ်ရပ်လုံးထက်ပိုပြီး အလေးထားစရာဖြစ်စေတယ်လို့ ပြည်သူတွေယုံကြည်ထားကြပါတယ်။
ဒါကြောင့် ဒီအနေအထားမှာ အာဏာအရရော သြဇာအရပါ လုံးဝ အားကိုးလို့မရတဲ့ စစ်အစိုးရကိုလဲ ဘယ်ပြည်သူတွေကမှ အားမကိုးတာ သဘာဝကျပါတယ်။
စစ်အစိုးရကျတော့ တာဝန်မရှိဘူး ဒေါ်စုမှာသာတာဝန်ရှိတယ်ဆိုတဲ့ သဘောထားမျိုး ဘယ်ပြည်သူမှာမှ မရှိပါဘူး။

ကိုယ့်နိုင်ငံသား ကလေးနှစ်ယောက် မတရားအနိုင်ကျင့်ခံလိုက်ရတာကို သိနေပေမယ့် ဘာမှ မစွမ်းသာတဲ့ ပြည်သူတွေဟာ နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ သူတို့ ယုံကြည်အားကိုးတဲ့ ဒေါ်စုကို ကောက်ရိုးတမျှင်လိုဆွဲယူ အားကိုးမိကြတာ အပြစ်မဟုတ်သလို လှောင်ပြောင်ပျက်ရယ်ပြုဖို့ မသင့်ပါဘူး။

စိတ်ပညာအရ လူသားတွေဟာ မွေးကင်းစကတည်းက နူးညံ့ချိုသာတဲ့ မိခင်ကို ပိုချစ်ပြီး ပိုအားကိုးလေ့ရှိကြတဲ့ သဘောရှိပါတယ်။
ဒီတော့ ခုလိုပြသနာတွေကြုံလာတိုင်းမှာလဲ အောက်ခြေကပြည်သူတွေဟာဒေါ်စုကို မိခင်တစ်ဦးလို အားကိုးကြရှာတာပါ။
သက်သက် အပြစ်တင်တိုက်ခိုက်နေကြတာမဟုတ်ပါဘူး။

မိခင်ရဲ့ လစ်လျူရှုမှုကိုခံရတာဟာ ဘယ်လောက် နာကျင်ရတယ်ဆိုတာကို ခံစားဖူးတဲ့သူတွေဘဲ ပိုနားလည်ကြမှာပါ။

ဒါပေမယ့် ပြည်ပ နိုင်ငံတွေနဲ့ ပါတ်သက်လာရင် အမြဲ နှုတ်ဆိတ်နေခဲ့တဲ့ ဒေါ်စုရဲ့ ကြိမ်ဖန်များစွာ အေးစက်စက်လစ်လျူရှုမှုဟာ ပြည်သူတွေ ဘယ်လိုမှ မသိကျိုးကျွံပြုပြီး ခွင့်လွှတ်လက်ခံမပေးနိုင်တော့တဲ့အထိ ထင်ရှားလာခဲ့ပါတယ်။ ဒီတော့ ပြည်သူတွေရဲ့ နှလုံးသားတွေမှာ နာကျည်းမှု အရောင်တွေ တဖြေးဖြေးစွန်းထင်းလာပါပြီ။

ဒီလူ့သဘာဝကို အခွင့်ကောင်းယူပြီး ဒေါ်စုကို နိုင်ငံရေးအရ တိုက်စစ်ဆင်သူတွေလဲရှိနေနိုင်ပါတယ်။
ဒါပေမယ့် အဲ့ဒိ လူနည်းစု လက်တစ်ဆုပ်စာကြောင့်အတွက် ရိုးသားတဲ့ ပြည်သူတွေရဲ့ အားကိုးတစ်ကြီး တိုင်တည်သံတွေကိုပါ လစ်လျူရှုဖို့တော့ မသင့်ပါဘူး။
အထူးသဖြင့် ခုလို ကလေးဆန်တဲ့ ဥပမာတွေနဲ့ နာကျင်မွန်းကျပ်နေတဲ့ ပြည်သူတွေကို လှောင်ပြောင်တာဟာ သိမ်နုပ်နုံချာတဲ့ အပြုအမူသာဖြစ်ပါတယ်။

(၃) ပြည်သူတွေဟာ စစ်အစိုးရကို အားကိုးမရလို့ ၊ ဒေါ်စုကို အားကိုးခဲ့ကြလို့သာဘဲ NLD အနိုင်ရခဲ့တာပါ။

ဒါကို ခုမှ ဒေါ်စုကိုဘဲ အရာရာလိုက်အားကိုးရကောင်းလားဆိုပြီး အားကိုးတစ်ကြီး မဲပေးခဲ့တဲ့ ပြည်သူတွေကိုတော့ ပြန်မစော်ကားကြပါနဲ့ ..

ဒီလောက် အသေးအဖွဲပြသနာလေးတွေတော့ ကိုယ့်ဖာကိုယ်ရှင်းကြပေါ့ဆိုရင် ပြည်သူတွေကလဲ အောင်ဆန်းစုကြည်ကို ဘာကိစ္စလိုအပ်နေဦးတော့မှာလဲ?
ရိုးအ တဲ့ ပညာမတတ်တဲ့ ပြည်သူတွေဟာ သူတို့ထက် အများကြီးတော်တဲ့ ပညာတတ်ကြီး ဒေါ်စုကို ခုလိုအချိန်တွေမှာ အားကိုးမိတာ အပြစ်တဲ့လားဗျာ?

"အစိုးရဆိုတာ ပြည်သူတွေရဲ့ အလုပ်သမားတွေသာဖြစ်တယ်"
"ကျမတို့ကို ခိုင်းပါ ၊ ကျမတို့ကို အသုံးချပါ" ဆိုတဲ့ ဒေါ်စုရဲ့ ကတိတွေ ဘယ်ရောက်သွားသလဲဆိုတာမျိုးတွေ ပြည်သူတွေရင်ထဲမှာ အကျယ်ကြီး စမြည်ဟီးနေပါပြီ။

ဒေါ်စုရဲ့ ကျေးဇူးရှင်အစစ်ဟာ သူမရထားတဲ့ ဆုတွေကို ချီးမြှင့်ခဲ့တဲ့ နိုင်ငံတွေ အဖွဲ့အစည်းတွေချည်းမဟုတ်ပါဘူး။

သူမ ကို အဖေမျက်နှာနဲ့ ခိုင်မာစွာ ထောက်ခံ ယုံကြည်ခဲ့ကြတဲ့ ဆင်းရဲပြီးရိုးသားတဲ့ မြန်မာလူမျိုးတွေသာဖြစ်ပါတယ်။

တစ်ကယ်ဆို ...

"ချစ်ခင်လေးစားအပ်ပါသော အဆွေတော်ထိုင်းဘုရင်ကြီးရှင့်"

"ကျမ တို့ နိုင်ငံသား ကလေးနှစ်ယောက်မှာ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားတဲ့ သက်သေမရှိဘဲ သေဒါဏ်ပေးခဲ့ခြင်းဟာ တရားမျှတမှု မရှိပါသဖြင့် နှစ်နိုင်ငံ အနာဂါတ်ချစ်ကြည်မှု မပျက်သုန်းရေးကို ရှေးရှုသောအားဖြင့် ပြန်ငဲ့ညှာသုံးသပ်ပေးပါရန် လေးနက်စွာတောင်းဆိုပါတယ်။"

(အောင်ဆန်းစုကြည်) ... ဆိုတဲ့ အဓိပ္ပါယ်ပါတဲ့ စကားလေးနှစ်ခွန်းကို TV Camera တွေရှေ့မှာ တစ်မိနစ်လောက်လေး ပြောဖို့ဟာ လ နဲ့ ချီ လူကိုယ်တိုင် ကမ္ဘာပါတ်ပြီး Sanctions တွေကို အကုန်ပြန်မဖွင့်ပေးကြဖို့ လိုက်ပြောခဲ့ရသလောက် မပင်ပန်းပါဘူးဗျာ သေချာပါတယ်။

ကျေးဇူးပြုပြီး ပြည်သူတွေအတွက် မဟုတ်တောင် နိုင်ငံတော် သိက္ခာအတွက် ကလေးနှစ်ယောက်ဖက်က ရပ်တည်ပေးပါ ဒေါ်အောင်ဆန်းစုကြည် ... ။

လက်သန်းတွေမှာ မှင်တွေမခြောက်သေးပါဘူး ..... ။ ။

အမျိုးသားသစ္စာဖြင့်

မျိုးချစ်မြန်မာ

No comments: