Tuesday, December 22, 2015

ဆေးဖက်ဝင် အသွင်ဆန်း အံ့မခန်းတဲ့ ရတနာ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®

ဆေးဖက်ဝင် အသွင်ဆန်း အံ့မခန်းတဲ့ ရတနာ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®

မပူလွန်းမအေးလွန်းသော မျှတသည့် ရာသီဥတုအောက် တွင် မြစ်ကြီးနားမြို့သည် ဣနြေ္ဒရစွာ လှပလျက်ရှိသည်။ ယခင်နှင့်များစွာ ထူးခြားခြင်းမရှိဘဲ လုပ်ငန်းခွင် သွားရောက် သူ၊ ဈေးရောင်း ဈေးဝယ် သူ၊ ကျောင်းတက်သူများဖြင့် စည်ကားသက်ဝင်နေသည်။ သို့သော် အမြင်အာရုံကိုဖမ်းစားနိုင်သော ထူးခြားမှုတစ်ခုကိုတော့ သတိပြုမိသည်။ ဒေသခံလူကြီး လူငယ်အတော်များများသည် ပယင်းပုတီး၊ ပယင်းလည်ဆွဲနှင့် လက်ကောက်များကို ယခင်ကထက်ပို၍ ဝတ်ဆင်သုံးစွဲလာကြခြင်းပင် ဖြစ်သည်။

လက်ငုတ်လက်ရင်း အလုပ်အကိုင်အပြင် ပယင်း သွေးခြင်း၊ ရောင်းချခြင်းကို တွဲဖက်လုပ်ကိုင်လာသူ လည်း များပြားလာသည်ကို တွေ့မြင်ရပါသည်။ ပယင်း ပန်းပုလုပ်ငန်းလုပ်ကိုင်သူ ဦးချစ်ကိုက ၄င်းပြုလုပ်ထား သည့် မက်မွန်သီးပုံ၊ ဗုဒ္ဓပုံ၊ ငါးရုပ်ပုံ ပယင်းများကို ပြသခဲ့ပြီး ပယင်းတူးဖော်ပုံအဆင့်ဆင့်နှင့် ဆေးဖက်ဝင် ပုံကို ပြောပြခဲ့ပါသည်။
''ပယင်းအစ သစ်စေးက'' ဟူ၍ ဆိုရပေမည်။ နှစ် သန်းပေါင်းများစွာက ပေါက်ရောက်ခဲ့ကြသော ထင်းရှူး မျိုးနွယ်သစ်ပင်ကြီးများမှ သစ်စေးများသည် ကမ္ဘာမြေ၏ အပူချိန်နှင့်ဖိအားကြောင့် နှစ်ပေါင်းများစွာ ကြာလာ သည့်အခါ ပယင်းဟူသော ရတနာအဖြစ်သို့ ပြောင်းလဲ ရောက်ရှိ လာကြောင်း မှတ်သားခဲ့ရပါသည်။

''ပယင်းအရောင်အသွေးအမျိုးမျိုးရှိတယ်။ ဈေးကွက် အဝင်ဆုံးကတော့ ခိုသွေးရောင်၊ လက်ဖက်စိမ်းရောင်၊ အဝါကြည်၊ ဝက်ဆီ၊ အဲဒါပထမတန်းစားပယင်းတွေ ပါ။ ဒီဇယ်၊ ဒီဇယ်ဝါနဲ့ အပိတ်သားတွေက ဈေးသိပ် မရဘူး။ အပိတ်သားဆိုတာက မီးထိုးကြည့်လို့မရဘူး။ အလင်းမပေါက်နိုင်ဘူး'' ဟု ၄င်းက ပြောရင်း အဝါ ကြည်ရောင်ပယင်းကို နေရောင်ထဲ၌ ထောင်ပြသည်။

သဘာဝနေရောင်အောက်တွင် ပယင်း၏ လက္ခဏာရပ် များ ပေါ်လွင်လျက်ရှိနေသည်။ အေးမြသည့်ရာသီ များတွင် အခြားသော ကျောက်မျက်ရတနာများကဲ့သို့ မဟုတ်ဘဲ ပယင်းသည် ဝတ်ဆင်ထားသူ၏ အရေပြားနှင့် ထိတွေ့သည့်အခါ ပူနွေးနေသည်ကပင် နှစ်ခြိုက်စရာဟု ထင်မိသည်။
ကျောက်မျက်ရတနာတစ်ပါးဖြစ်သည့် ပယင်းသည် အင်အော်ဂဲနစ်မဟုတ်ဘဲ သစ်ပင်မှရသည့် အော်ဂဲနစ် ကျောက်မျက်ဖြစ်ပါသည်။

အလင်းပေါက်နိုင်စွမ်းရှိပြီး အပေါ့ပါးဆုံးသော ကျောက်မျက်ဖြစ်သည်။ ပွတ်တိုက် ကြည့်ပါက လျှပ်စစ်ဓာတ်ဖြစ်ပေါ်လာပြီး ပေါ့ပါးသော အရာဝတ္ထုများကို ဆွဲငင်နိုင်စွမ်းရှိသည်။ ထို့ကြောင့် ဂရိလူမျိုးများက ပယင်းကို (Elektron )ဟု ခေါ်ဆိုကြ သည်။ သွေးလည်ပတ်မှု အားကောင်းစေပြီး အနာ ရောဂါများကို သက်သာပျောက်ကင်းစေသဖြင့် ဆေးများ ဖော်စပ်ရာတွင် လည်းကောင်း၊ ရေမွှေးများဖော်စပ်ရာ တွင်လည်းကောင်း အသုံးပြုကြကြောင်း သိရပါသည်။

ကမ္ဘာပေါ်တွင် အမေရိကန်၊ ပိုလန်၊ ရိုမေးနီးယား နှင့် ကနေဒါနိုင်ငံများသည် ပယင်းထွက်ရှိသော နိုင်ငံ များဖြစ်ကြပြီး မြန်မာနိုင်ငံတွင်လည်း ဟူးကောင်းချိုင့် ဝှမ်း၊ တနိုင်းဒေသတွင် ပယင်းအမြောက်အမြား ထွက်ရှိ ပါသည်။
''မြန်မာ့ပယင်းက သက်တမ်းမလွန်သေးဘူး။ သက် တမ်းလည်းမနုဘူး။ အနေတော်ပဲ။ ရေ၊ မြေ၊ ရာသီ ဥတုတွေနဲ့လည်း အဆင်ပြေ တယ်။ မြန်မာနိုင်ငံမှာတောင် တနိုင်းဒေသကထွက်တဲ့ ပယင်းက အရည်အသွေး အကောင်းဆုံးပဲ။ ရှမ်းပြည်နယ် (ကျောက်မဲ)မှာလည်း ပယင်းထွက်တယ်။ ယောကလည်းထွက်တယ်။ ယောပယင်းက သက်တမ်းနည်းနည်း လွန်သွားတယ်။ ဒီအတိုင်းအကြမ်းထည်ကို ခွဲလိုက်တဲ့အချိန်မှာ အနီရောင်၊ အရောင်တင်လိုက်တဲ့အခါ နီပုပ်ပုပ် အရောင်ပြောင်းသွား တယ်။ ခန္တီးကထွက်တဲ့ ပယင်းကျတော့ သက်တမ်းနုလွန်းလို့ အပေါက်ဖောက်တဲ့အခါ အဆင်မပြေဘူး''ဟု မြန်မာ့ မြေပေါ်မှထွက်သော ပယင်းများအကြောင်း ပြောပြခဲ့သည်။

ပယင်းပန်းပု လုပ်ငန်းမှာ စိတ်ဝင်စားဖွယ်ကောင်း လှသည်။ ဦးစွာ မြေသားများ ကပ်ငြိနေသော ပယင်း တုံး အကြမ်းထည်ကို အခွံချွတ်လိုက်ပြီး အမည်းစက်၊ အမှုန်များ၊ အနာများ ပါနေသည့်အပိုင်းကို မော်တာဖြင့် သန့်စင်ဖယ်ရှားလိုက်သည်။ ထိုသို့ ဖယ်ရှားပြီးနောက် အကောင်းဆုံးရှိနေသည့်အပိုင်းကို အနီးစပ်ဆုံးတူသည့် ပုံသဏ္ဌာန်အတိုင်း အရုပ်ထွင်းလိုက်ခြင်းဖြစ်သည်။

''ဘူးသီးနဲ့တူသလား၊ နဂါးနဲ့တူသလားကြည့်တယ်။ ထွင်းတဲ့အခါ ခက်ချိန်သိပ်လျော့မသွားအောင်၊ အများ ကြီး ကလော်တဲ့ပုံမဖြစ်ရအောင် အနီးစပ်ဆုံးပုံဖော်သွား တာ။ ပယင်းကို တရုတ်လူမျိုးတွေအများဆုံး စိတ်ဝင်စား ကြတဲ့အတွက် သူတို့ရာဇဝင်ထဲမှာရှိတဲ့ပုံတွေ ဥတည် ဘွား၊ ကွမ်ရင်မယ်တော်ပုံတွေ ထွင်းတယ်။ ပယင်းက အနီ ရောင်ဆိုရင် မက်မွန်သီးပုံ၊ အစိမ်းဆို စောင်းလျားသီးပုံ ထွင်းတယ်။ အရောင်တင်တဲ့အခါမှာတော့ ကျောက်တွေ ချောအောင်တိုက်တဲ့ အမှုန့်တွေ နံပါတ်အမျိုးမျိုးရှိတယ်။ ပယင်းတိုက်တဲ့ အဖြူမှုန့်ကတော့ အနုဆုံးပါပဲ။ အဲဒီ အဖြူ မှုန့်ကို အမွေးဘီးလေးနဲ့ သုံးတာ။ ပယင်းမဖြစ်မီ စေးကပ် တဲ့ သဘာဝ၌ရှိနေတုန်း လာရောက်ကပ်ငြိကြတဲ့ ပျား၊ ပိတုန်းနှင့် လိပ်ပြာလို အကောင်ငယ်လေးတွေ သစ်စေး အတွင်း ကပ်ငြိပိတ်မိရာက မာကျောလာတဲ့ သစ်စေးနှင့် အတူ အချိန်ကာလများစွာ ကြာလာတဲ့အခါ ရုပ်ြ<ွကင်းငယ် ပါရှိသော ပယင်းရတနာအဖြစ်သို့ ရောက်ရှိလာပါတယ်။ ပုစဉ်းရုပ်ကြွင်းပါသော ပယင်း၊ သစ်မြစ်၊ သစ်ရွက် ကလေးများဝင်နေသော ပယင်းစသည်ဖြင့် အမျိုးစုံကို မြင်တွေ့ခဲ့ရပါတယ်။

''ယင်ကောင်တစ်ကောင်က အဝါကြည်မှာ ဝင်နေ တာဆိုရင် ဈေးပိုရမယ်။ ဆိုက်ချင်းတူရင်တောင် ဒီဇယ် က အမျိုးအစားနိမ့်တော့ ဒီဇယ်မှာဝင်ရင် ဈေးသိပ်မရ ဘူး။

လက်ဖက်စိမ်းလို ကျောက်သားအလွန်ကောင်းတဲ့ အထဲမှာ ပိုးကောင်ဝင်ရင် ကြည်ပေါက်ပြီး လင်းပြီး အမြင် သိပ်လှတယ်။ ထူးခြားမှုပိုသွားတာပေါ့။ ဒါကြောင့် ကျောက်သားကောင်းလို့ အဆင့်မြင့်တဲ့နေရာမှာ အကောင် ဝင်ရင် အဲဒီကျောက်သားရဲ့ မူလတန်ဖိုးထက် လေးငါးဆ ပိုသွားတယ်။ အပိတ်သားထဲမှာသွားဝင်ရင် အမြင်မှာ ဆွဲဆောင်မှုမရှိတဲ့အတွက်ဈေးလည်းမရတော့ဘူး'' ဟု ပယင်းအမျိုးအစားနှင့် ဈေးနှုန်းကွာခြားပုံကို ရှင်းပြသည်။
''ရှဝါနန်'' ဟု ရိုးရာအခေါ်ဖြင့် ခေါ်ဝေါ်ကြသော ပယင်းဖြင့် စီရင်ထားသည့် လည်ဆွဲတစ်မျိုးရှိပါသည်။ ရှဝါနန်သည် ဘိုးစဉ်ဘောင်ဆက်ကတည်းက ရှိလာ ခဲ့သော သတို့သားက သတို့သမီးအား အမြတ်တနိုး တင်တောင်းသည့် ကချင်လူမျိုးများ၏ရိုးရာပစ္စည်းဖြစ်ပါသည်။ ရှဝါနန်အစစ်တစ်ခုသည် ပယင်း၊ ဆင်စွယ်၊ ငွေနှင့် ကျောက်များဖြင့်ပြုလုပ်ထားပြီး တန်းဖိုးကြီးမြင့်လှသည်။ ထို့ကြောင့် လူတိုင်းပြုလုပ်ရန် မလွယ်ကူသည့်အတွက် ရှေးဟောင်း ပစ္စည်းကိုအတုခိုးကာ ပယင်းများထည့်ပြီး ဆင်စွယ်နေရာတွင် ဆင်စွယ်နှင့်အလားတူစေမည့်အခြား ပစ္စည်းများထည့်ကာပြုလုပ်ကြသည်။

''ကချင်လူမျိုးတွေ သတို့သမီးတောင်းရမ်းတဲ့အခါ မောင်းပါရတယ်၊ ကျွဲပါရတယ်၊ ရှဝါနန်ပါရတယ်၊ ကွမ်းဖိုးလို့ခေါ်တယ်။ ရှဝါနန်ဆွဲထားတာကို ကြည့်ပြီး အမြတ်တနိုးတောင်းရမ်းလက်ထပ်ခြင်းခံရတဲ့ အမျိုး သမီးအဖြစ် ဂုဏ်ယူကြပါတယ်'' ဟု ပြောသည်။

နောက်ထပ် စိတ်ဝင်စားဖွယ်ကောင်းသော ပယင်းအမျိုးအစားမှာ ''မီးကျန်'' ဟုခေါ်သော ပယင်း ဖြစ်သည်။ ထိုပယင်းပေါ်တွင် ဓာတ်မီးဖြင့်အဝိုင်းပုံထိုး လိုက်လျှင် အဝိုင်းပုံလေးအတိုင်း ကျန်နေတတ်သည်။ ညဘက်တွင် ပိုမိုထင်ရှားသည်။ ဂငယ်ပုံထိုးလျှင် ထိုပုံ အတိုင်း ကြာကြာလင်းနေပြီး ပြီးမှ ပြန်မှိန်သွားသည်။ အလင်းရောင်ကို စုပ်ထားနိုင်သော ပယင်းဖြစ်သည်။
ပယင်းသည် ဂေါက်ရောဂါ၊ လည်ချောင်းနာ၊ သွားနာ၊ အစာအိမ်နာရောဂါများကို ပျောက်ကင်းစေ သည့်အပြင် သွေးလည်ပတ်မှုကိုပါ ကောင်းစေသည်ဟု ဆိုပါသည်။ တရုတ်လူမျိုးများက ပယင်းဖြင့်အသားကို ပေါင်းစားကြပြီး အသက်ရှည် ဆေးအဖြစ် မှီဝဲကြသည်။ ပယင်းအမှုန့်သန့်သန့်ကို ဖက်ကြမ်းဖြင့် လိပ်ပြီးနောက် မီးရှို့၍ အငွေ့ကိုရှူရှိုက်လျှင် သစ်မွှေးနံ့ထွက်ပေါ်လာပြီး အမူးအမော်ပြေပျောက်ကာ ပေါ့ပါး လန်းဆန်းစေပါသည်။ ထို့ပြင် စိတ်ခွန်အားကို မြှင့်တင်ပေးနိုင်စွမ်းရှိသော ရတနာအဆောင်လည်း ဖြစ်သည့်အတွက် လူကြီးများကမူ ကျန်းမာရေးအတွက် ဝတ်ဆင်ကြသည်။

ပယင်းရောင်းဝယ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးထံ စူးစမ်းကြည့်ရာ ပယင်းတူးဖော်ရာတွင် ပေအနက် ၃ဝ၊ ၄ဝ မှ ပေ ၅ဝဝ ကျော် ၆ဝဝ အထိ နက်အောင် တူးဖော်ရသည်လည်း ရှိပါသည်။ ပယင်းထွက်သောမြေ သည် ကျောက်စိမ်းမြေကဲ့သို့မမာပေ။ သတိအထားရဆုံး အချိန်မှာ ပယင်းကို မြေသားထဲမှာ ခွာယူချိန်ဖြစ်သည်။ ပယင်းသည် မာခြင်းအဆင့် ၂ ဒသမ ၅ ရှိပြီး သိပ် သည်းဆ ၁ ဒသမ ဝ၇ သာရှိသည့်အတွက်ြ<ွကပ်ဆတ် ပြီး ကွဲအက်နိုင်သောကြောင့် ဖြစ်သည်။ သံတိုင်ဖြင့် ဖွတူးပြီးနောက် လက်ဖြင့်နှိုက်၍ ရလောက်သည့် အခြေ အနေရောက်လျှင် လက်ဖြင့် ဖြည်းဖြည်းချင်း ကုပ်ယူ လိုက်ရသည်။
တွင်းထဲဆင်းသည့်အခါ အပေါ်မှနေ၍ အောက်ဆီ ဂျင်ပေးရာတွင် တွင်းအနက် ပေ ၁ဝဝ ရှိလျှင် ပေ ၇ဝ လောက်အထိရောက်အောက် လေပိုက် ကို ချရသည်။ လူနှင့် ကွက်တိဖြစ်နေလျှင် ဓာတ်ငွေ့ပြန်ရိုက်ပြီး မွန်းကျပ်နိုင်သည်။ မြေကြီးစုပ်ယူမှု၊ လူကစုပ်ယူမှုကို ပုံမှန်အနေအထားဖြစ်စေရန် အောက်ဆီဂျင်ပိုက်ကို အနည်းငယ်ခွာထားပြီး ပေးရသည်။ အောက်ဆီဂျင် ပြတ်လျှင် အသက်အန္တရာယ်ရှိနိုင်ပြီး တွင်းပြိုနိုင်သည် ကိုလည်း သတိထားရပါသည်။
''တချို့က မြေအောက်မှာ ပယင်းကိုတွေ့တဲ့အခါ အဝတ်နဲ့ပတ်ပြီးမှ အပေါ်ကို တင်ရတယ်။ ဒါမှမဟုတ် ရင် အနာပါသွားတတ်တယ်ဆိုပြီးပြောတယ်။

တကယ် တော့ အရည်အသွေး ကောင်းပြီး ပယင်းစစ်ရင် အဲလို လုပ်ဖို့မလိုပါဘူး။ ဒီတိုင်းတင်ရုံပဲ'' ဟု ပယင်းလုပ်ငန်း လုပ်ကိုင်သူက ဆိုသည်။ ၄င်းပြောပြချက်များအရ တရုတ်နိုင်ငံတွင် ပယင်းကို အထည်ထုတ်၍ ရသည့် အဆင့်တွင် အထည်ထုတ်ပြီး အထည်ထုတ်၍ မရသည့် အဆင့်တွင် ကော်လောင်း၍ ကြွေပားကဲ့သို့ကပ်ပြီး စက်ဖြင့် ညှိလိုက်သည်။ ပန်းချီ ပန်းပုအဖြစ်လည်း ထွင်းထုသည်။ ကနေဒါနိုင်ငံတွင် ချမ်းသာကြွယ်ဝသူများ၏ နေအိမ်၌ ပယင်းအရောင်မျိုးစုံကို နံရံတွင်ကပ်၍ အလှဆင်ကြသည်။ ခန်းဆီးကန့်လန့်ကာ အဖြစ်လည်း အသုံးပြုကြသည်ဟု သိရသည်။

''ဈေးနှုန်းသတ်မှတ်တာကျတော့ အလုံးအဖန် ကွာတယ်။ ကြီးတဲ့ပယင်းက ခက်ချိန်၊ အလေးချိန်ပိုများ သွားမယ်။ သေးရင် ခက်ချိန်လျော့မယ်၊ ခက်ချိန်လည်း များမယ်၊ အတုံးလည်းကြီးမယ်ဆိုရင် ဈေးမြင့်မယ်။ လက်ဖက်စိမ်းချင်းတူရင်တောင် အတုံးသေးရင် တီထွင်မှု အရ ဈေးကွက်သိပ်မဝင်တော့ဘူး။ အသားလှလို့သာ ဝယ်တာ။ လက်ကောက်ဖောက်ချင်တယ်ဆို လက်ကောက် ဆိုက်မရရင် ဈေးမရဘူး။ ဥပမာ လက်ဖက်စိမ်း လက်ကောက်တစ်ကွင်းကို ကွင်းကြီးဆိုက်ဆို ငွေကျပ် သိန်း ၅ဝဝ ရမယ်။ ကွင်းလတ်ဆို ငွေကျပ် သိန်း ၃ဝဝ ပဲရမယ်။ ကွင်းသေးဆို ငွေကျပ် သိန်း ၁၅ဝ ရမယ်။ သူ့ခွင်မိမှ သူ့ဈေးပုံသေသတ်မှတ်လို့ရတာ '' စသဖြင့် ဈေးနှုန်းသတ်မှတ်ပုံကို သိရသည်။
ပယင်းလုပ်ငန်းကို လုပ်ကိုင်သူများပြားလာချိန်တွင် ဈေးကွက်ကို မထိန်းကြသူများကြောင့် ရောင်းဝယ်ရာ တွင် အခက်အခဲကြုံရသည်များလည်းရှိကြောင်း ၄င်းက ပြောပြသည်။ '' ငွေကျပ် ၅ဝဝဝဝ တန်ဖိုးရှိတဲ့ ပယင်း ကို အခြားတစ်ယောက်က ငွေကျပ် ၃ဝဝဝဝနဲ့ ရောင်း လိုက်တယ်။ အချင်းချင်းသစ္စာမရှိဘူး၊ မညီညွတ်ဘူး၊ ဈေးကွက်ကို မထိန်းဘူးဆိုရင် ပါးနပ်တဲ့ အချို့စီးပွား ရေးသမားတွေက တက်နင်းသွားတာ ခံရနိုင်ပါတယ်။ ဒါကြောင့် ဈေးကွက်မှာ စည်းကမ်းရှိကြဖို့ အလွန်အရေး ကြီးပါတယ်။''
မည်သို့ဆိုစေ အရည်အသွေးကောင်းမွန်ပြီး ဆေး ဖက်ဝင် အော်ဂဲနစ်ကျောက်မျက်ရတနာဖြစ်သည့် မြန်မာ့ ပယင်းသည် သယံဇာတတစ်ခုအနေဖြင့် မြန်မာ့မြေပေါ် မှ ထွက်ရှိခြင်းကို များစွာဂုဏ်ယူမိပါသည်။

သတင်းဆောင်းပါး-ကလျာမိုးမြင့်
ဓာတ်ပုံ-ရွှေစာ

Credit to MOI Webportal Myanmar

No comments: