Wednesday, December 30, 2015

သမ္မတဟောင်းအတွက် လုံခြုံရေးဥပဒေကြမ်း တင်သွင်း

သမ္မတဟောင်းအတွက် လုံခြုံရေးဥပဒေကြမ်း တင်သွင်း

နိုင်ငံတော် သမ္မတတာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းတစ်ခုကို အများပြည်သူ
လေ့လာသိရှိနိုင်ဖို့ နိုင်ငံပိုင်သတင်းစာများမှာ ဒီဇင်ဘာ ၂၁ ရက်က ဖော်ပြခဲ့ပါတယ်။

အခန် ၁၄ ခန်းပါရှိတဲ့ အဆိုပါ ဥပဒေကြမ်းမှာ နိုင်ငံတော်သမ္မတ တာဝန်ကိုထမ်းဆောင်ခဲ့သူ 
သမ္မတဟောင်းနဲ့ သူ့ရဲ့မိသားစုတွေရဲ့ အသက်အန္တရာယ် လုံခြုံရေးကိုကာကွယ်ဖို့နဲ့ သမ္မတတာဝန်
ထမ်းဆောင်စဉ်က ဥပဒေနဲ့ အညီ ဆုံးဖြတ်ခဲ့မှုတွေကို စပ်လျဉ်းပြီး အနှောင့်အယှက် မခံရအောင် 
ကာကွယ်ဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြဋ္ဌာန်းရခြင်းဖြစ်တဲ့ အကြောင်းဖော်ပြထားပါတယ်။

နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်း အခန်း ၄ မှာ ပါတဲ့ 
သမ္မတဟောင်းကို အကာအကွယ်ပေးခြင်း အပိုဒ်မှာ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း 
တာဝန်အရ ဆောင်ရွက်ချက်တွေကို နောက်ပိုင်းမှာ အရေးယူတာ တရားစွဲတာ မခံရအောင် 
အကာအကွယ်ပေးထားတဲ့ အပိုင်းတွေ ပါဝင်သလို သမ္မတဟောင်းရဲ့ ကိုယ်ရံတော်အစောင့်
တစ်ဦးအပြင် နေအိမ်ကို လုံခြုံရေးအစောင့်တွေထားဖို့အတွက် သင့်လျော်တဲ့ အင်အားနဲ့ 
လက်နက်တပ်ဆင်ထားတဲ့ ကိုယ်ရံတော်တပ်ဖွဲ့ ထားရှိဖို့ ကာကွယ်ရေး၊ သို့မဟုတ်
ပြည်ထဲရေးဝန်ကြီးဌာနတွေက ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

အဆိုပါဥပဒေကြမ်းမှာ သမ္မတဟောင်းက အမည်စာရင်းတင်သွင်းသူ ကိုယ်ရံတော် တစ်ဦးကို
ပြည်ထဲရေး၊ သို့မဟုတ် ကာကွယ်ရေး ၀န်ကြီးဌာနက ခန့်အပ်ပေးရမှာ ဖြစ်သလို နေအိမ်နဲ့ ပရိဝုဏ်ကို 
စောင့်ရှောက်ဖို့အတွက် ကိုယ်ရံတော်အဖွဲ့ကို သင့်တော်သည့်လက်နက် တပ်ဆင်ခွင့်အပြင်
သမ္မတဟောင်း အပြင်သွားတဲ့အခါမှာလည်း ကိုယ်ရံတော်အဖွဲ့ကိုပါ ခေါ်ဆောင်သွားခွင့်ရှိမှာ
ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကတော့ ဒီဥပဒေဟာ အမေရိကန် ပြည်ထောင်စုက
ဥပဒေပုံစံကို အတုယူပြီး ရေးဆွဲထားတာလို့ ဧရာဝတီသတင်းဌာနကို ပြောဆိုထားပါတယ်။

အဲဒီ ဥပဒေနဲ့ပတ်သက်လို့ ဥပဒေပညာရှင်၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကြားထဲမှာ မတူတဲ့ 
အမြင်တွေနဲ့ ဝေဖန်ပြောဆိုမှုတွေ ရှိနေသလို လာမယ့် ဒီဇင်ဘာ ၂၈ ရက် လွှတ်တော်အစည်းအဝေးမှာ
အခြေအတင် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကို ဆွေးနွေးမယ့် ကိုယ်စားလှယ်စာရင်းကို ဒီဇင်ဘာ ၂၃ ရက် နောက်ဆုံး 
စာရင်းပေးသွင်းခဲ့ရကြောင်း လွှတ်တော်အမတ်တွေက ပြောဆိုပါတယ်။

"ဒီဥပဒေမှာပါတဲ့ အချက်တွေက အခြေခံ ဥပဒေနဲ့ မညီတာတွေ ရှိပါတယ်။ ဒါ့ကြောင့် ကျွန်မအနေနဲ့ 
ဥပဒေပါအချက်တွေကို သေးစိတ် သုံးသပ်ဆွေးနွေးဖို့ ရှိပါတယ်။ စာရင်းလည်းပေးထားပြီးပါပြီ"လို့ 
အင်န်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

ဒီဥပဒေဟာ လက်ရှိအစိုးရ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးပြီး
နောက်ပိုင်း ထွက်ပေါ်လာခဲ့တာမို့ အဲဒီလို တွေ့ဆုံမှုရဲ့ ရလဒ်တစ်ခု ဖြစ်နိုင်သလားဆိုတဲ့ အချက်ကိုတော့
အတိအကျ ဘယ်သူမှ ဖြေကြားနိုင်ခြင်းတော့ မရှိသေးပါဘူး။

"ဥပဒေနဲ့ပတ်သက်လို့ ယေဘုယျတော့ အငြင်းပွားစရာတော့ မရှိပါဘူး။ ဒါပေမဲ့ နိုင်ငံတော်သမ္မတ
တစ်ဦးဟာ သူ့တာဝန် ထမ်းဆောင်ချိန်မှာ ပေးထားတဲ့ အာဏာကို အလွဲသုံးစားလုပ်ခဲ့ရင်တော့ 
အရေးယူတာကို ခံရမှာပေါ'့'လို့ အင်န်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းထွန်းဟိန်က
ဆိုပါတယ်။

သာပေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းကတော့ "နိုင်ငံတော်သမ္မတ 
တာဝန်ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ
ပြဋ္ဌာန်းချက်များနှင့် သွေဖည်ခြင်းမရှိတဲ့အပြင် သမ္မတဦးသိန်းစိန် ကို အကာအကွယ်ပေးထားသည့်
ဥပဒေကြမ်းမျိုး လုံးဝမဟုတ်ဘူး"လို့ ဆိုပါတယ်။

"ဥပဒေကြမ်းထဲမှာ နောက်ကြောင်းပြန်ဆိုတဲ့ စကားလုံး လုံးဝမပါပါဘူး၊ တာဝန်အရ 
ဆောင်ရွက်ချက်များကို အကြောင်းပြုပြီးမှ တရားစွဲတာမျိုး၊ အရေးယူတာမျိုး မရှိစေရလို့ ပြောထားတာ၊ 
တာဝန်ပြင်ပမှာ သူလုပ်ချင်တာ လုပ်လို့မရဘူး။ လုပ်ရင် အရေးယူချင်တာယူလို့ရတယ်"လို့ 
ဦးဝင်းသန်းက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၅ တွင် နိုင်ငံတော်သမ္မတဟာ ဖွဲ့စည်းပုံအခြေခံအရသော်
လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ် အရသော်လည်းကောင်း၊ မိမိအား အပ်နှင်းထားသည့် တာဝန်နှင့်
လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့တည်းမဟုတ် ကျင့်သုံးဆောင်ရွက်သည့်အနေဖြင့် ပြုခဲ့သော
ပြုမူမှုအတွက် မည်သည့်လွှတ်တော်၊ မည်သည့် တရားရုံးတွင်မျှ ဖြေရှင်းရန် တာဝန်မရှိစေရလို့
ပြဋ္ဌာန်းထားတဲ့အတွက် ဒီဥပဒေဟာ ဖွဲ့စည်းပုံမှာပါတဲ့ အချက်တွေကိုပဲ ပြန်ပြီးရေးဆွဲထားတာလို့
၎င်းက ဆက်လက်ပြောဆိုပါတယ်။

အဆိုပါဥပဒေကို ပြည်ထဲရေးဝန်ကြီး ဌာနက ရေးဆွဲခဲ့တာဖြစ်ပြီး ဥပဒေပါ ပြဋ္ဌာန်းချက် ၁၄ ချက်
အနက်မှာ အချက်ငါးချက်ကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက စိစစ်၊ ပြင်ဆင်၊ 
ပယ်ဖျက်ခြင်းများ ပြုလုပ်ပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊
၂၁ ရက် မြောက်နေ့မှာ တင်သွင်းခဲ့ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ သမ္မတသက်တမ်း
ကုန်ဆုံးချိန်မှာ အလွန်အကျွံ အကြောက်တရားပိုပြီး သူ့ကို စောင့်ရှောက်ဖို့ ကိုယ်ရံတော်တပ်ဖွဲ့တွေ၊ 
အဆောင်အယောင်တွေကို လိုအပ်တာထက်ပိုပြီး လုပ်ဆောင်နေတာ ဖြစ်တဲ့အကြောင်း
ဝေဖန်ပြောဆိုပါတယ်။

"သမ္မတဟောင်းက လက်နက်ကိုင်ထားတဲ့ ကိုယ်ရံတော်တွေနဲ့ အပြင်သွားတယ်ဆိုတာ နိုင်ငံတကာမှာ
မရှိပါဘူး"လို့ ၎င်းက ဆိုပါတယ်။

ယခင်စစ်အစိုးရဟောင်း အဖွဲ့ဝင်များကို အရေးယူနိုင်ခြင်း မရှိစေဖို့အတွက်လည်း ၂၀၀၈ ခုနှစ် 
ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲချိန်မှာ ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။

ဒါပေမဲ့ သမ္မတဦးသိန်းစိန်အနေနဲ့ ပြည်သူလူထုက တင်မြှောက်ထားတဲ့ သမ္မတတစ်ဦးဖြစ်တာကြောင့်
ပြည်သူတွေက တရားစွဲဆိုအရေးယူမှာကို ကြောက်နေတာဟာ မဖြစ်သင့်ဘူးလို့ ဦးကြီးမြင့်က
ပြောပါတယ်။

"ဦးသန်းရွှေတို့၊ ဦးမောင်အေးတို့က သူ့ လုံခြုံရေး၊ ခြံစောင့်၊ ထမင်းချက် စတာတွေကို ယူပြီးပြီး၊ သူတို့က
အာဏာသိမ်းထားတဲ့သူတွေ ဆိုတော့ ရန်သူများတယ်။ ပြည်သူလူထုက ရွေးချယ်တင်မြှောက်
ထားတယ်လို့ ပြောတဲ့ ဦးသိန်းစိန်ကတော့ အဲဒီလောက်အထိ ကြောက်နေစရာမလိုပါဘူး"ဟု ၎င်းက
ပြောသည်။

နိုင်ငံတစ်နိုင်ငံရဲ့ တာဝန်တွေကို ထိပ်ဆုံးက တာဝန်ယူထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေဟာ သူတို့အနေနဲ့
နိုင်ငံတော်ရဲ့ လျှို့ဝှက်ရမယ့် အချက်တွေကို သိရှိသူတွေ ဖြစ်တာမို့ တာဝန်ပြီးဆုံးသွားပေမယ့် 
သာမန်အရပ်သားလို သဘောထားလို့မရတဲ့ အကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက
ဆိုပါတယ်။

"နိုင်ငံတော်ကလည်း ပြန်ထိန်းရတာရှိတယ်။ နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်အကုန်လုံးကို သိရှိထားတဲ့ 
လူတစ်ယောက်ကို ရိုးရိုး သာမန်အရပ်သားဆိုပြီးတော့ လွှတ်ထားလို့ မရဘူး။ သူ့ကို 
ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရသလို သူ့ကိုလည်း ပြန်ထိန်းနေရတယ်။ သူသွားချင်ရာသွား၊
ပြောချင်ရာ ပြောလို့ မရဘူး။ ပြည်ပတွေ၊ ဘာတွေ သွားပြီး ပေါက်ကြားကုန်ရင် ဘယ့်နှယ်လုပ်မလဲ"လို့ 
၎င်းက ဆိုပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကတော့ ဒီဥပဒေပါ ပြဋ္ဌာန်းချက်တွေမှာ အလွန်အကျွံ အကာအကွယ်
ပေးထားတဲ့ အချက်တွေ မတွေ့ရဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ ဥပဒေ ပြဋ္ဌာန်းဖို့ သင့်မသင့် အပိုင်းမှာတော့ လူတစ်ယောက်ချင်းစီမှာ ကွဲပြားတဲ့ 
သဘောထားတွေတော့ ရှိနိုင်တဲ့အကြောင်း ၎င်းက ဆက်ပြောပါတယ်။

"ဒီဥပဒေထဲမှာ အဓိက အငြင်းအခုံဖြစ်နေကြတဲ့ အပိုင်းက အကာအကွယ်ပေးခြင်းဆိုတဲ့ 
အပိုင်းဖြစ်ပါတယ်။ အဲဒီမှာ သမ္မတတာဝန်ထမ်းဆောင်ချိန်မှာ ဥပဒေနဲ့ အညီ တာဝန်အရ 
ဆောင်ရွက်မှုတွေမှာ အရေးမယူရဘူးလို့ပဲ ပြဋ္ဌာန်းထားပါတယ်။ ဥပဒေနဲ့ မညီတာတွေဆိုရင်တော့
အရေးယူခွင့်ရှိတဲ့ သဘောပါပဲ"လို့ ဦးကိုနီက ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးအေးသာအောင်ကတော့ မြန်မာနိုင်ငံဟာ 
အကျင့်ပျက်ခြစားမှု အမြင့်ဆုံး တိုင်းပြည်တစ်ပြည်ဖြစ်နေတာမို့ အဆိုပါ အကျင့်ပျက်ခြစားမှုတစ်ခုခုမှာ
သမ္မတဟောင်းရဲ့ ပါဝင်ပတ်သက်မှုရှိနေရင် မဖြစ်မနေ အရေးယူခံရမှာ ဖြစ်တဲ့အကြောင်း
ပြောဆိုပါတယ်။

"တကယ်လို့ နောက်ကြောင်းပြန် အရေးယူလို့ မရရင်တော့ နောက်တက်လာမယ့် သမ္မတတွေဟာ 
ထင်ရာစိုင်း လုပ်ချင်တာ လုပ်မယ့်သူတွေ ပေါ်လာနိုင်တယ်"လို့ ၎င်းက ဆိုပါတယ်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...

No comments: