Thursday, November 19, 2015

KIA ကို သနားရမှာလား ဒါမှမဟုတ် ချေမှုန်းသုတ်သင်ရမှာလား

KIA ကို သနားရမှာလား ဒါမှမဟုတ် ချေမှုန်းသုတ်သင်ရမှာလား

ကချင်ပြည်နယ်၊ မိုးညှင်းမြို့အနီးတစ်ဝိုက်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးအစိုးရတပ်ရဲ့ တိုက်ခိုက်မှုကြောင့် မရှုမလှရှုံးနိမ့်နေတဲ့ KIA အပေါ် ကရုဏာသက်ကြသူတွေရှိပါတယ်။ တချို့ကတော့ ချေမှုန်းသုတ်သင်ပါလို့ အားပေးထောက်ခံကြတယ်။ KIO နဲ့ KIA ခေါင်းဆောင်တွေဟာလည်းမီဒီယာတွေနဲ့တွေ့ဆုံပြီးလုပ်လိုက်တဲ့ အင်တာဗျူးတွေကလည်းမနည်းတော့ဘူး။ ထူးခြားတာကတော့ မီဒီယာတွေအနေနဲ့ မိုးညှင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အစိုးရတပ်က တာဝန်ရှိသူ တစ်ဦးတစ်ယောက်ကိုမျှ မေးမြန်းထားတာ မတွေ့ရသေးပါဘူး။ တိုက်ပွဲသတင်းဆို တာလေဖမ်းဒန်းစီး ရေးလို့ရတာမျိုးမဟုတ်ပါဘူး။ နှစ်ဖက်စလုံးကိုမေးမြန်းပြီးရင်တောင် တိုက်ပွဲဖြစ် နေတဲ့ နေရာမှာနေထိုင်တဲ့ ဒေသခံပြည်သူတွေကို မေးရဦးမှာပါ။ ဒါမှ သတင်းအမှန်ကို အတည် ပြုနိုင်မှာဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး အဆုံးမသတ်နိုင်ရတဲ့ အကြောင်းရင်းခံတွေထဲမှာ ပြည်တွင်းမီဒီယာတွေရဲ့ ဘက်လိုက်ဖော်ပြ ရေးသားမှုတွေဟာလည်း တစ်ချက်အပါအ၀င်ဖြစ်နေပါ တယ်။

လက်ရှိ မိုးညှင်းဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး အဖြစ်မှန်ကိုဖော်ထုတ် ရေးသား ဖို့ အကြောင်းဖန်လာရပါတယ်။ ပြည်သူတွေအနေနဲ့ မီဒီယာတချို့ရဲ့ ငွေရရေးရောင်းကောင်း အောင် ရေးထားတဲ့ သတင်းတွေအပေါ် မျက်စိမှိတ်မယုံဖို့နဲ့ အဖြစ်မှန်တွေကိုသိဖို့ လိုအပ်ပါတယ်။ အဲဒီမိုးညှင်းမြို့အနီးဝန်းကျင်ဟာ KIA အဖွဲ့သွားလာ နေထိုင်လို့ရတဲ့နေရာဟုတ်ရဲ့လားအရင်ဆုံး ကြည့်ရအောင်ပါ။

- KIA ပြောခွင့်ရပုဂ္ဂိုလ် လနန်က DVB နဲ့ အင်တာဗျူးမှာ မိုးညှင်းမြို့၊ အရှေ့ဘက်မှာရှိတဲ့ KIA တပ်မဟာ(၈) ထိန်းချုပ်နယ်မြေဘက်မှာ အစိုးရတပ်တွေက ထိုးစစ်ဆင်လာတာ ဖြစ်တယ်လို့ ပြောသွားပါတယ်။
- KIA မှာ တပ်မဟာ(၈)ဆိုတာ မရှိပါဘူး။ လက်ရှိ KIA ရဲ့ ဖွဲ့စည်းပုံအရ တပ်မဟာ ၅ ခုပဲ ရှိပါတယ်။ တပ်မဟာ(၁)က အင်ဂွန်းလ၊ တပ်မဟာ(၂)က ဂျော်ဆွန်တောင်၊ တပ်မဟာ(၃)က ၀န်ဂေါဘွမ်၊ တပ်မဟာ(၄)က လွယ်တန်(ရှမ်းမြောက်)၊ တပ်မဟာ (၅)က မုန်ဆန်ယန် စတဲ့ နေရာအသီးသီးမှာ ဌာနချုပ်တွေရှိတာဖြစ်ပါတယ်။
ဒါဆိုရင် လနန်ပြောတဲ့ တပ်မဟာ (၈)က ဘယ်တုန်းက ပေါ်လာတာလဲ။ ဖြေပေးပါ။ ပြီးရင် KIA မှာ တပ်မဟာ(၈)အထိ ရှိ၊ မရှိ KIA ခေါင်းဆောင်တွေဖြစ်တဲ့ ဂမ်ရှောင်နဲ့ဂွမ်မော်တို့ ဖြေရှင်းပေးပါ။ မီဒီယာတွေကို လိမ်လည်လှည့်ဖြားပြောဆိုပြီး ကိုယ့်အပြစ်ကိုဝန်မခံရဲတဲ့ KIO နဲ့ KIA ခေါင်းဆောင်တွေဟာ ယောက်ျားမပီသတဲ့ အပုန်းကြီးတွေလို့သာ ပြောရပါတော့မယ်။ တပ်မဟာ (၈)မရှိတဲ့အတွက် KIA ထိန်းချုပ်နယ်မြေဆိုတာ လိမ်ညာနေမှန်းပေါ်လွင်နေပါပြီ။ ဒါဖြင့်ရင် မိုးညှင်းမြို့အနီးကို ဘာလာ လုပ်တာလဲ။ သစ်မှောင်ခိုလာလုပ်တာလား၊ ဒါမှမဟုတ် ဆက်ကြေး ကောက်၊ လူသစ်စုဖို့လား။ ရည်ရွယ်ချက်က ဘာလဲဆိုတော့ KIA ဟာ မိုးညှင်းမြို့ကိုဝင်စီးပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ပါ။ လက်ရှိအစိုးရကိုပုံရိပ်ကျအောင်လုပ်မယ့်သဘောပါ။ မိုးညှင်းမြို့ အရှေ့ ဘက်တောင်ကြောပေါ်ကို အင်အား ၃၀၀ နဲ့ KIA ဘာလာလုပ်တာလဲ။ သူ့နယ်မြေမှ မဟုတ်တာ။ နယ်မြေခံအစိုးရ စစ်ကြောင်းနဲ့တွေ့တော့ တိုက်ပွဲဖြစ်ရော။ အခုဗုံးကြဲတော့ မီဒီယာ တွေပေါ်မှာ တောင်အော်မြောက်အော် လျှောက်အော်နေ တော့တာ။
KIA ရဲ့ရည်ရွယ်ချက်ဟာမိုးညှင်းမြို့ကိုဝင်စီးဖို့ပါ။လက်လွတ်စပယ်ပြောတာမဟုတ်ပါဘူး။ အတိတ် မှာ KIA လုပ်ခဲ့တဲ့ အောက်တန်းစား ကလိန်ကကျစ်လုပ်ရပ် ရှိခဲ့ဖူးပါတယ်။
- ၁၉၈၈ ခုနှစ်အရေးအခင်းကာလမှာ တစ်နိုင်ငံလုံးဆူပူအုံကြွမှုတွေ ဖြစ်နေတော့ နယ်စပ် ဒေသ တွေမှာ တရားဥပဒေစိုးမိုးမှု လက်လှမ်းမမီတဲ့ အခြေအနေဖြစ်ပါတယ်။ ဆူပူမှု တွေ အချိန် မသေတဲ့ကာလ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ KIA သူပုန်အဖွဲ့က မိုးညှင်းမြို့ ကိုဝင်စီးပြီး မီးရှို့ ဖျက်ဆီးခဲ့တယ်။ မယုံရင် မိုးညှင်းမြို့ခံတွေကို မေးကြည့် နိုင်ပါတယ်။
- ရွေးကောက်ပွဲကာလမှာ နိုင်ငံရေးအမြတ်ထုတ်တဲ့အနေနဲ့ မိုးညှင်းမြို့ကို အရင်တုန်းက လုပ်ခဲ့ဖူးတဲ့ သူခိုးကျင့်သူခိုးအကြံအတိုင်း သွေးတိုးစမ်းကြည့်တာ မအောင်မြင်တော့မှ အစိုးရ တပ်တွေက လေယာဉ်နဲ့ဗုံးကြဲပြီး ထိုးစစ်ဆင်နေပါတယ်လို့ အော်တာ။ မိုးညှင်း မြို့မှာနေတဲ့ ရှမ်းတိုင်းရင်းသားတွေဆိုရင် အဲဒီအဖြစ်မှန်ကို ဒီနေ့အထိ မမေ့နိုင်ကြသေး ဘူးလို့ပြောကြတယ်။

မိုးညှင်းမြို့ပေါ်မှာ နေထိုင်တဲ့ အသက်ငါးဆယ်အရွယ် ရှမ်းတိုင်းရင်းသားတစ်ဦးက အခုလိုပြောပြ သွားပါတယ်။

``အရေးအခင်းကာလတုန်းက ငါတို့မြို့ကို KIA အဖွဲ့တွေ ၀င်စီးခဲ့တာ အမှန်ပဲလေ။ လူတွေ၊ အိမ် တွေ၊ ဈေးတွေ၊ ကျောင်းတွေ၊ အကုန်လုံး မီးရှို့ဖျက်ဆီးခဲ့တာ၊ ငါတို့ ရှမ်းတိုင်းရင်းသားတွေကိုလည်း အမြဲတမ်း အနိုင်ကျင့်တယ်။ အရွယ်မရောက်သေးတဲ့ ကလေးတွေကို လူသစ်ဆိုပြီးဖမ်းသွားတယ်။ ပြီးရင် KIA ထဲမှာ စစ်မှုထမ်းခိုင်းတယ်။ ဒီနေ့အထိ ပြန်မလာနိုင်တော့တဲ့ လူငယ်တွေအများကြီးပဲ။ မြို့ရွာတွေ အနီးမှာ ဗုံးခွဲ၊ မိုင်းထောင်တာလည်း သူတို့အဖွဲ့ပဲ။ ဒုက္ခိတတွေ အများကြီးဖြစ်နေပြီ။ KIA ခေါင်းဆောင်တွေကို ဖြေရှင်းပေးဖို့တောင်းဆိုတာ အကြိမ်ကြိမ်ရှိပေမယ့် တစ်ခါမှ ဖြေရှင်းပေး တာမရှိဘူး။ ဒေသခံတွေကို ဒုက္ခပေးနေတဲ့ KIA အဖွဲ့ကို အဲဒီလိုမှ မရှင်းပေးရင် ဒီထက်ပိုဆိုး လာဦးမှာ။ ပြီးတော့ ဒီနယ်မြေဟာ သူတို့ နယ်မြေလည်းမဟုတ်ဘဲနဲ့ လာနေတာပါ။ ဒီနယ်မြေကို KIA အဖွဲ့နောက်ထပ် မလာရဲအောင် ထိထိ ရောက်ရောက် နှိမ်နင်းပေးဖို့တောင်းဆိုချင်ပါတယ်´´

မီဒီယာတွေ မဖော်ပြခဲ့တဲ့ ဒေသခံတွေရဲ့ ရင်တွင်းခံစားချက်တွေပါ။ KIA အဖွဲ့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေဟာ ပြောလို့တောင်ကုန်မှာမဟုတ်ပါဘူး။ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်မှာနေတဲ့ ပြည်သူတိုင်း KIA ရဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို ယနေ့တိုင်ခံစားနေရဆဲဖြစ်ပါတယ်။ လက်ရှိ မိုးညှင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး KIA ဟာ သနားစရာလား ဒါမှမဟုတ် ချေမှုန်း သုတ်သင်စရာလား ဒေသခံ ပြည်သူတွေကို သွားမေးကြည့်ပါ။ အမြစ်ပြတ်ချေမှုန်းသုတ်သင်ပေး ပါလို့ တညီတညွတ်တည်း တောင်းဆို နေကြတာဖြစ်ပါတယ်။ KIA နိဂုံးချုပ်သင့်ပြီလို့ ဆိုချင် ပါတယ်။ @Status of လင်းသန့်@


No comments: