Wednesday, November 18, 2015

တောင်ကြီးတွင် မီးပုံးပျံအတွက် ယမ်းဆင်နေစဉ် ပေါက်ကွဲမီးလောင်၊ သုံးဦးသေဆုံး ----------------------------------------

တောင်ကြီးတွင် မီးပုံးပျံအတွက် ယမ်းဆင်နေစဉ် ပေါက်ကွဲမီးလောင်၊ သုံးဦးသေဆုံး
----------------------------------------

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ နေကြာလမ်းရှိ နေအိမ်တစ်အိမ်တွင် နိုဝင်ဘာ ၁၇ ရက်၊ မွန်းလွဲ ၃ နာရီခန့်က မီးပုံးပျံပြိုင်ပွဲဝင်ရန် အတွက် ပြင်ဆင်နေစဉ် ယမ်းထောင်းရာမှ ပေါက်ကွဲမီးလောင်ခဲ့ရာ အသက် ၄နှစ် အရွယ် ကလေးတစ်ဦး အပါအဝင် သုံးဦး သေဆုံးကြောင်း တောင်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

အဆိုပါ နေအိမ်တွင် နေထိုင်သော အသက် ၄၀ အရွယ် ဦးကျော်စိုးလွင်က မီးပုံးပျံ ယမ်းခွေအတွက် ယမ်းထောင်းနေစဉ် ပေါက်ကွဲခဲ့ပြီး နေအိမ်မီးလောင်ခဲ့ကြောင်း၊ ယင်းသို့ မီးလောင်စဉ် ဦးကျော်စိုးလွင်၏ မိခင် အသက် ၇၂ နှစ် အရွယ် ဒေါ်စိန်စိန်၊ သားဖြစ်သူ အသက် ၄ နှစ်အရွယ် မောင်လွန်းလွန်းနှင့် အလည်ရောက်နေသော အသက် ၆၂ နှစ်အရွယ် ဒေါ်ခင်သီတို့ သုံးဦးမှာ မီးခိုးမွှန်ကာ သတိလစ်နေသဖြင့် တောင်ကြီးမြို့နယ်၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း တောင်ကြီးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးထိန်လင်းက ပြောကြားသည်။

“မီးခိုးမွှန်ပြီး အသက်ရှူကျပ် သတိမေ့နေလို့ ဆေးရုံကိုပို့တာ ဆေးရုံရောက်ပြီး သိပ်မကြာဘူး၊ ညနေ ၄ နာရီခွဲလောက်မှာ ဆုံးသွားတာ၊ ဒီလိုမျိုးပေါက်ကွဲ စေတတ်တဲ့ ပစ္စည်းတွေကို ထုထောင်းပြင်ဆင်တဲ့ အချိန်မှာ သတိထားပြီး ကိုင်တွယ် ဆောင်ရွက်သင့်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ယမ်းပေါက်ကွဲ မီးလောင်မှုကြောင့် နှစ်ထပ် RC တိုက်အိမ်တစ်လုံး၊ မော်တော်ယာဉ် ၂စီး မီးလောင် ပျက်စီးခဲ့ကြောင်း၊ မီးလောင်ပြင်သို့ မီးသတ်ယာဉ် ၈ စီးလာရောက် ငြှိမ်းသတ်ခဲ့ပြီး ညနေ ၄နာရီခန့်တွင် မီးငြိမ်းခဲ့ကြောင်း တောင်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့ရုံးထံမှ သိရသည်။

လူသုံးဦးသေဆုံးသည့် ပေါက်ကွဲ မီးလောင်မှုကြောင့် အသက် ၄၀ အရွယ် ဦးကျော်စိုးလွင်ကို (ပ) ၃၀၄/၁၅၊ ပြစ်မှု ပုဒ်မ ၂၈၅/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း တောင်ကြီး မြို့မရဲစခန်းထံမှ သိရှိရသည်။


No comments: