Tuesday, November 17, 2015
စစ်ဗိုလ်ချုပ်တွေဟာ …. တပ်မတော် ကို တကယ်တည်ဆောက်ခဲ့သလား… =============================
စစ်ဗိုလ်ချုပ်တွေဟာ ….
တပ်မတော် ကို တကယ်တည်ဆောက်ခဲ့သလား…
=============================
ရေးသားသူ - နေရီ ( ရဲမိုး )
*************************************
၁၉၈၈ခု စက်တင်ဘာ ၁၈ရက်မှာ
တပ်မတော်က အာဏာသိမ်းပြီး
စစ်အစိုးရတစ်ရပ် တက်လာခဲ့ပါတယ် ။
စစ်အစိုးရ ဖြစ်တဲ့ အတွက်
အာဏာသုံးရပ်ကို တစ်ပေါင်းတည်း ချုပ်ကိုင် ကျင့်သုံးပါတယ် ။
ဗိုလ်ချုပ်ကြီးများ အများအပြား ပါဝင်တဲ့  ကောင်စီဖြစ်ပါတယ် ။
ဗိုလ်ချုပ်တွေ အများအပြားပါဝင်တယ်ဆိုပေမယ့်လဲ
တကယ်တန်း အာဏာရှိတဲ့  သူကတော့
ထိပ်တန်းဗိုလ်ချုပ်ကြီး သုံးလေးဦး မျှသာ ဖြစ်တယ်လို့  ဆိုပါတယ် ။
စစ်အစိုးရ လက်ထက်မှာ
စီမံကိန်းတွေ အများအပြား
အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ် ။
ဒီစီမံကိန်းတွေဟာ အောင်မြင်တာ ရှိသလို
မအောင်မြင်တာတွေလဲ ရှိပါတယ် ။
ဒီစီမံကိန်းတွေ လုပ်ဆောင်တဲ့ နေရာမှာ
နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကို
အထက်မှာ ဖော်ပြခဲ့တဲ့  စစ်ကောင်စီကပဲ ထိန်းချုပ်သုံးစွဲခဲ့ပါတယ် ။
စစ်အစိုးရဟာ တိုင်းပြည်ရဲ့ ဘယ်ကဏ္ဍကို
ဘယ်လောက်ငွေပမာဏသုံးစွဲခဲ့တယ်ဆိုတာ
ထုတ်ပြန်ကြေငြာခြင်း မပြုခဲ့ပေမယ့်
ကာကွယ်ရေးကဏ္ဍမှာ
အများဆုံးသုံးစွဲခဲ့တယ်ဆိုတဲ့  အချက်ကိုတော့
အကြမ်းဖျင်း မှန်းဆသုံးသပ်နိုင်ပါတယ် ။
အတည်မပြုနိုင်တဲ့  သတင်းတွေအရ
တစ်ခါတစ်ရံမှာ ဘတ်ဂျက်ရဲ့ ၆၀ရာခိုင်နူန်းအထိ သုံးစွဲပြီး
တပ်မတော်ကို အကြီးအကျယ် အဆင့်မြှင့်တင်ခဲ့တယ်လို့  ဆိုပါတယ် ။
ဒီအခါမှာ စစ်အစိုးရဟာ
တပ်မတော်ကို တကယ် အဆင့်မြှင့်တင်ခဲ့ရဲ့ လား ဆိုတဲ့ 
မေးခွန်းတစ်ခု ပေါ်ပေါက်လာပါတယ် ။
ဒီမေးခွန်းဟာ အင်မတန် ရှုပ်ထွေး အငြင်းပွားရတဲ့  မေးခွန်းပါ ။ စစ်ရေးအဆင့်မြှင့်တင်မှုတွေဟာ
ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် သိပ်ပြီး ပွင့်လင်းမြင်သာ
သတင်းထုတ်ပြန်လေ့ရှိတဲ့  အခန်းကဏ္ဍမဟုတ်ပါဘူး ။
ဒါဆိုရင် မြန်မာနိုင်ငံ စစ်အစိုးရလို အင်မတန် လျို့ ဝှက်ပြီး
တစ်သီးတစ်ခြားနေလေ့ရှိတဲ့  စစ်အစိုးရတစ်ရပ်အဖို့ 
ဒီလိုကိစ္စမျိုးကို သတင်းထုတ်ပြန်ဖို့ ဆိုတာ
အင်မတန်မှ မဖြစ်နိုင်တဲ့ ကိစ္စရပ်တစ်ခုပါပဲ ။
ဒါပေမယ့် သေချာတာတစ်ခုကတော့
စစ်အစိုးရအနေနဲ့  ပြင်ပအကူအညီ မရရှိဘဲ
တပ်မတော်ကို အဆင့်မြှင့်တင်ဖို့ ဆိုတာ
အလွန်ခက်ခဲလွန်းလှပါတယ် ။
ပြင်ပအကူအညီ ရယူရပြီဆိုတာနဲ့ 
သတင်းပေါက်ကြားမှုတွေ ဖြစ်လာခဲ့ပြီဆိုတာလဲ
ဓမ္မတာ တစ်ခုလို ဖြစ်နေပါတယ် ။
ရနိုင်သမျှ ပြင်ပသတင်းအချက်အလက်တွေကို
စုဆောင်းကောက်ချက်ဆွဲကြည့်တဲ့ အချိန်မှာ
စစ်ဗိုလ်ချုပ်တွေဟာ ….
တပ်မတော် ကို တကယ်တည်ဆောက်ခဲ့သလား ဆိုတဲ့  မေးခွန်းကို
အကြမ်းဖျဉ်း ပုံဖော်လာနိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ် ။
ဒီမေးခွန်းမှာ ပထမဆုံး စပြီး ချဉ်းကပ်ရမယ့် အချက်ကတော့
ပြည်ပ ကာကွယ်ရေး ၀က်ဆိုဒ်နဲ့ 
တိုက်ခိုက်ရေး တပ်မ ၈ခု နဲ့ 
တပ်ဖွဲ့ ဝင် ၂သိန်း မပြည့်တပြည့်သာ ရှိခဲ့ပါတယ် ။
အတိအကျ ပြောရမယ်ဆိုရင်
ကြည်းတပ်မှာ ၁၈၄,၀၂၉ ယောက် ၊
ရေတပ်မှာ ၈,၀၆၅ ယောက်  နဲ့ 
လေတပ်မှာ ၆, ၅၈၇ ယောက် တို့ ဖြစ်ပါတယ် ။
တပ်ဆင်ထားတဲ့ လက်နက်၊ စစ်ယာဉ်တွေဟာ
ဒုတိယ ကမ္ဘာစစ် က သုံးခဲ့တဲ့   လက်နက်အမျိုးအစား အများစု နဲ့ 
၁၉၆၀ နှစ်ဦးပိုင်းမှာ ထုတ်လုပ်ခဲ့တဲ့ 
ဆက်သွယ်ရေး စနစ် နဲ့ ထောက်ပံ့ ပို့ ဆောင်မှု စနစ်တွေဟာ
အရွယ်အစားသေးငယ်တဲ့ 
စစ်ဆင်ရေး မျိုးတွေကိုသာ ထောက်ပံ့ နိုင်စွမ်းရှိပြီး
ရေတပ်ဟာ မြစ်တွင်း နဲ့  ကမ်းခြေစောင့် စစ်ရေယာဉ်
အနည်းငယ်ကိုသာ ပိုင်ဆိုင် ပါတယ် ။
လေတပ်ဟာ လဲ မြေပြင်တပ်ဖွဲ့ များကို သာ
အထောက်အပံ့ ပေးနိုင်စွမ်းရှိပြီး အင်အား အလွန်နည်းပါးလွန်းလှပါတယ် ။
ဒါပေမယ့်  ၁၉၉၀ ခုနှစ် နှစ်ဦးမှာတော့
မြန်မာ့တပ်မတော်ဟာ တစ်မျိုးတစ်ဖုံ
စတင်ပြောင်းလဲနေတယ်ဆိုတဲ့ အချက်တွေကို
သိသိသာသာ မြင်တွေ့ စပြုလာရပါတယ် ။
တပ်မတော် အနေနဲ့ 
ပထမဆုံး ပြုပြင်ပြောင်းလဲဖို့ ကြိုးစားတာကတော့
ကာကွယ်ရေး သိပံ္ပ နဲ့  ...
နည်းပညာ ဆိုင်ရာ အဆောက်အအုံတွေ ဖြစ်ပါတယ် ။
၁၉၉၀ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသအချို့ က
တပ်မတော် ကာကွယ်ရေးပစ္စည်း စက်ရုံတွေဟာ
အနောက်ဂျာမဏီ ဖက်စပ် ၇.၆၂ မီလီမီတာ ကျည်သုံး ..
G3 မောင်းပြန်ရိုင်ဖယ်တွေ ကို အစား ထိုး နိုင်ဖို့ အတွက်
၅.၅၆ မီလီမီတာ ကျည်သုံး မောင်းပြန်ရိုင်ဖယ် အသစ်တစ်မျိုး နဲ့ 
ခြေလျင်တပ်သုံး လက်နက်မျိုးစုံတို့ ကို
အကြီးအကျယ် စတင် စမ်းသပ်နေကြပါတယ် ။
လက်နက်ပုံစံ အသစ်တွေဟာ
၁၉၉၅ နှစ်ဦးမှာ စတင် ထုတ်လုပ်တဲ့ အဆင့်ကို ရောက်ရှိလာပြီး
၁၉၉၈ ခုနှစ် ၀န်းကျင်မှာ
တပ်မတော် တစ်ခုလုံးက တိုက်ခိုက်ရေးတပ်မတွေကို
စတင် လဲလှယ်တပ်ဆင် ပါတယ် ။
အဲဒီ လက်နက်တွေကတော့ မြန်မာ့ တပ်မတော်မှာ လက်ရှိအသုံးပြုနေတဲ့ 
MA series မောင်းပြန်ရိုင်ဖယ်များ ၊ စက်သေနတ်များ ၊ မော်တာများ ၊
လောင်ချာများ ၊ မိုင်းများ အစရှိတဲ့ လက်နက်တွေပဲ ဖြစ်ပါတယ် ။
အလားတူပဲ ၁၉၉၀ ခုနှစ် နှစ်ဦးပိုင်းမှာ
တပ်မတော် ရဲ့ သံချပ်ကာ တပ်ဖွဲ့ တွေဟာ
ခေတ်မီ တိုက်ခိုက်ရေး သံချပ်ကာယာဉ်တွေကို စတင် လက်ခံရရှိပါတယ် ။
ဆယ်စုနှစ် တစ်ခုကျော် အတွင်းမှာ
T 72 ပင်မ တိုက်ပွဲဝင် တင့် ၁၃၉ စီး ( ယူကရိန်း ၊ ရုရှား ) ၊
Type 59 D ပင်မ တိုက်ပွဲဝင် တင့် ၂၈၀ စီး +  ( တရုတ် ) ၊
Type 69 .2 ပင်မ တိုက်ပွဲဝင် တင့် ၁၉၀ စီး +  ( တရုတ် ) ၊
Type 80 ပင်မ တိုက်ပွဲဝင် တင့်  ( ×× ) စီး ( တရုတ် ) ၊
Type 85 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( တရုတ် ) ၊
Type 55 ပင်မ တိုက်ပွဲဝင် တင့် ( ×× ) စီး ( အိန္ဒိယ ) ၊
Type 63 အပေါ့စား တင့် ၁၅၀ စီး + ( တရုတ် ) ၊
BTR 3U IFV သံချပ်ကာ တိုက်ယာဉ် ၁၀၀၀ စီး + 
( ယူကရိန်း နှင့် ဖက်စပ် ပြည်တွင်းတွင် ထုတ်လုပ်သည် ) ၊
Type 85  APC သံချပ်ကာ လူသယ်ယာဉ်  ၂၅၀ စီး ( တရုတ် ) ၊
Type 90  APC သံချပ်ကာ လူသယ်ယာဉ် ၂၄၀ စီး ( တရုတ် ) ၊
EE 9 Cascavel  AFV  သံချပ်ကာတိုက်ယာဉ် ၁၄၀ စီး ( ဘရာဇီး ) ၊
AML 90 Armoured  Cars ( ×× ) စီး ( တောင်အာဖရိက ) ၊
72 MAV -1 IFV  သံချပ်ကာ တိုက်ယာဉ် ( ×× ) ( ပြည်တွင်းထုတ် ) တို့ ကို
လက်ခံ ရရှိခဲ့ တယ်လို့  ဆိုပါတယ် ။
သို့ သော် တကယ်တန်း အကြီးမားဆုံး ပြောင်းလဲသွားတာကတော့
အမြောက်တပ်ဖွဲ့  ပဲ ဖြစ်ပါတယ် ။
အမြောက်တပ်ဖွဲ့ ဟာ ၁၉၉၀ နှစ်ဦးပိုင်းက စတင်ပြီး
၁၅၅ မမ နဲ့  ၁၂၂ မမ ဟောင်ဝဇ်ဇာ အမြောက်များ အပါအ၀င်
MLRS အတွဲလိုက် ဒုံးပစ် စနစ်များ ၊
ရာပေါင်းများစွာ ရှိတဲ့  အမြောက် ၊ စိန်ပြောင်းများကို
စတင် တပ်ဆင် အဆင့်မြှင့်တင် လာပါတယ် ။
လက်နက်တွေဟာ  အစ္စရေး ၊ တရုတ် ၊ ရုရှား နဲ့ 
မြောက်ကိုရီးယား နိုင်ငံထုတ် လက်နက်တွေ
အဓိက ပါဝင်တယ်လို့ လဲ ဆိုပါတယ် ။
ဒုံးတပ်ရင်းများ စတင်ဖွဲ့စည်းလာပြီး
ယိုးဒယား - မြန်မာ နယ်စပ်တင်းမာမှု ပြသနာအပြီး
၂၀၀၃ နဲ့  ၂၀၀၄ ခုနှစ် ၀န်းကျင်လောက်မှာ
ဒီ ဒုံးတပ်ရင်းတွေဟာ တရုတ်နိုင်ငံ လုပ် M11 တာတိုပစ် ဒုံးပျံ တွေနဲ့ 
မြောက်ကိုရီးယားလုပ် Hwasong အမျိုးအစား စကဒ်ဒုံးပျံတွေကို
အများအပြား စတင် လက်ခံရရှိခဲ့တယ်လို့  ဆိုပါတယ် ။
တောင်ကိုရီးယား သတင်းဌာန ရဲ့ ၂၀၀၆ ခုနှစ် သတင်းထုတ်ပြန်ချက်အရ တပ်မတော်အစိုးရဟာ ၂၀၀၂ ခုနှစ် မေလမှာ
Daewoo ကော်ပရေးရှင်း နဲ့  အမေရိကန်ဒေါ်လာ ၁၃၃.၈ သန်းတန်
ဒုံးပျံနည်းပညာဆိုင်ရာ စစ်လက်နက် ကန်ထရိုက်တစ်ခု ကို
လက်မှတ် ရေးထိုးခဲ့တယ်လို့ လဲ သိရပါတယ် ။
၂၀၀၄ခုနှစ် နှောင်းပိုင်းမှာ
တရုတ်နိုင်ငံ ( CPMIEC ) ကနေ အဆင့်မြှင့်တင်ထားတဲ့ 
တာတိုပစ် ဒုံးပျံ M11 ( DF 11 A ) နဲ့ 
M9 ( DF 15 ) ( အရေအတွက် မသိရ ) တို့ ကို လက်ခံရရှိခဲ့ပြီး
DF 11 A ဟာ 500kg  ဒုံးထိပ်ဖူးတစ်ခု နဲ့ 
ကီလိုမီတာ ၅၀၀ - ၇၀၀ အကွာအဝေးကို ပစ်ခတ်နိုင်ကာ
DF 15 ဟာ ကီလိုမီတာ ၆၀၀ အကွာကို ပစ်ခတ်နိုင်စွမ်း ရှိပါတယ် ။
ဒီ ဒုံးပျံတွေအားလုံးဟာ ယာဉ်တင် အမျိုးအစားတွေဖြစ်ပြီး
လွယ်ကူစွာ ရွှေ့ ပြောင်း သယ်ယူနိုင်တာမို့ 
အချိန်တို အတွင်း တစ်နိုင်ငံလုံးမှာ
တပ်ဖြန့်  နေရာချထားနိုင်တယ်လို့  ဆိုပါတယ် ။
၁၉၈၈ ခုနှစ် ၀န်းကျင်က မြန်မာ့တပ်မတော် ဟာ
မင်္ဂလာဒုံ လေဆိပ် အနီးမှာ ထားရှိတဲ့  တပ်ခွဲတစ်ခွဲ သာ ပိုင်ဆိုင်ပါတယ် ။
ဒီ တပ်ခွဲဟာလဲ ၄၀ မမ ဘိုဖာ အမြောက်
၃.၇ မမ MK3A  ယာဉ်ဆွဲ လေယာဉ်ပစ် အမြောက် နဲ့ 
၂၀ မမ M 38 လေယာဉ်ပစ်အမြောက် အနည်းငယ်ကိုသာ ပိုင်ဆိုင်ပြီး
အနိမ့်ပျံလာတဲ့  လေယာဉ်တစ်ချို့ ကိုသာ တိုက်ခိုက်နိုင်စွမ်း ရှိပါတယ် ။
သို့ သော် လက်ရှိအချိန် နဲ့  ချိန်ထိုးနိုင်းယှဉ်ရင်တော့
၁၉၈၈ခုနှစ်က မြန်မာ့ တပ်မတော်ရဲ့
လေကြောင်းရန်ကာကွယ်ရေး တပ်ခွဲလေး ဟာ
စစ်သမိုင်း ပြတိုက်ထဲကို ရောက်ရှိနေခဲ့ပါပြီ ။
လက်ရှိ တပ်မတော် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ ဟာ
လေကြောင်းရန် ကာကွယ်ရေးဇုန်ကြီး ၆ခု ၊
လေကြောင်းရန် ကာကွယ်ရေးတပ်ရင်းပေါင်း ၃၀ ကျော် နဲ့  ဖွဲ့ စည်းထားပါတယ် ။
တပ်မတော် အစိုးရ တက်လာပြီးတဲ့  နောက်ပိုင်း
ပထမဆုံး စတင်ဝယ်ယူခဲ့တဲ့ လေကြောင်းရန်ကာကွယ်ရေး လက်နက်ဟာ
စကာင်္ပူနိုင်ငံလုပ် Blood Hound MK 2 မြေပြင်မှ ဝေဟင်ပစ် ဒုံးတွေဖြစ်ပါတယ် ။
အဲဒီနောက် အမြောက်အများ ထပ်မံဝယ်ယူခဲ့တာကတော့
တရုတ်နိုင်ငံလုပ် HN 5A အနီအောက်ရောင်ခြည်သုံး …
ပုခုံးထမ်း ဒုံးပျံတွေ ဖြစ်ပါတယ် ။
ဒီ ဒုံးပျံတွေဟာ အနီအောက်ရောင်ခြည်သုံး
ပစ်မှတ်ရှာဖွေ စနစ် ပါဝင်ပြီး
အမြင့်မီတာ ၃၀၀၀ ၊ အကွာအဝေး မီတာ ၃၀၀၀ အကွာကို
လူ နှစ်ဦးတည်းနဲ့  ပစ်ခတ်နိုင်စွမ်းရှိပါတယ် ။
မြန်မာ့ တပ်မတော်ဟာ ဘူလ်ဂေးရီးယား နိုင်ငံကနေ
SA-16 Gimlet ( Igla - 1E ) ပုခုံးထမ်း လေယာဉ်ပစ်ဒုံးတွေ
အများအပြား ၀ယ်ယူခဲ့တယ်လို့ ဆိုပါတယ် ။
ဒီ ဒုံးပျံတွေဟာ အမေရိကန် နိုင်ငံလုပ် Stinger ပုခုံးထမ်း ဒုံးပျံတွေ နဲ့ 
အလားသဏ္ဍန်တူပြီး အမြင့်မီတာ ၃၅၀၀ က ပျံသန်းလာတဲ့  လေယာဉ်ကို
မီတာ ၅၂၀၀ အကွာအဝေးကနေ ပစ်ချနိုင်စွမ်း ရှိပါတယ် ။
၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ထပ်မံဖြည့်တင်းလာတာကတော့
လေကြောင်းရန် ကာကွယ်ရေး လက်နက်တွေပဲ ဖြစ်ပါတယ် ။
ဒီလက်နက်တွေထဲမှာ ရေဒါနဲ့  ပစ်ခတ်နိုင်တဲ့ 
Tunguska ( SA – 19 ) လို လက်နက်တွေပါဝင်လာပြီး
လက်ရှိ ရုရှား နဲ့  အရှေ့ ဥပရောပ နိုင်ငံတွေမှာ ဖြန့် ချထားတဲ့ 
လေကြောင်းရန် ကာကွယ်ရေးလက်နက် အမျိုးအစားတွေ ဖြစ်ပါတယ် ။
၂၀၀၀ ခုနှစ် အတွင်းမှာပဲ ယူကရိန်း နိုင်ငံက
36 D6 လေကြောင်းရန် ကာကွယ်ရေး ရေဒါ စနစ်တွေ ရောက်ရှိလာခဲ့ပြီး
မြန်မာနိုင်ငံမှာ ရုရှားလုပ် P 37 နဲ့ 1L – 117 ရေဒါ အမျိုးအစားတွေကို
တပ်ဆင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ် ။
၂၀၀၆ ခုနှစ် ဗိုလ်ချုပ်ကြီး မောင်အေး ရဲ့ ရုရှား ချစ်ကြည်ရေး ခရီးစဉ်အပြီးမှာ
SA – 15 ( Tor M1 ) နဲ့  SA – 17 ( BUK M1 – 2 ) လို
လက်နက်မျိုးတွေ စတင်ရရှိလာပါတယ် ။
ဒီလက်နက်တွေဟာ ခေတ်မီ တာဝေးပစ် အမြင့်ပျံ
လေကြောင်းရန် ကာကွယ်ရေးလက်နက် တွေ ဖြစ်ပြီး 
SA – 17 ဟာ အမြင့်မီတာ ၁၅၀၀၀ ကနေ ပျံသန်းလာတဲ့  ပစ်မှတ်ကို
မီတာ ၃၀၀၀၀ အကွာကနေ ပစ်ချနိုင်စွမ်း ရှိပါတယ် ။
လက်ရှိ အခြေအနေမှာတော့
မြန်မာ့ တပ်မတော် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့ 
ခေတ်မီ SAM ဒုံးပျံ တွေဖြစ်တဲ့ 
SA 2 ,SA 6 ,SA 15 ,SA 17 ,SA 18 , SA 19 , Pechora 2M လို
လက်နက်မျိုးတွေ အများအပြား ပိုင်ဆိုင်ထားပြီလို့ သိရပါတယ် ။
ဒါဟာ အစီရင်ခံစာ တစ်ခုက ဖော်ပြခဲ့တဲ့ 
၁.၁၀.၁၉၆၆  ကနေ ၃၁ ၃.၁၉၆၉ အတွင်း
မြန်မာ့ လေပိုင်နက်ထဲကို
အမျိုးအမည်မသိ လေယာဉ် ၁၀၀ ကျော် ဖြတ်သန်းဝင်ရောက်ခဲ့မှုကို
လက်ပိုက်ကြည့်နေခဲ့ရတယ်ဆိုတဲ့  ဖြစ်ရပ်ရဲ့ 
အကျိုးဆက်တွေကြောင့်လဲ ဖြစ်နိုင်ပါတယ် ။
၁၉၈၈ ခုနှစ်မတိုင်မီက မြန်မာ့ ရေတပ်ဟာ
မြစ်တွင်း နဲ့  ကမ်းခြေစောင့် စစ်ရေယာဉ် အနည်းငယ်သာ ပိုင်ဆိုင်တဲ့ 
အင်အားသေးငယ်တဲ့ ရေတပ်တစ်ခု ဖြစ်ပါတယ် ။
ဒါပေမယ့် နောက်နှစ်အနည်းငယ် အကြာမှာတော့
အခြေအနေဟာ စတင်ပြီး ပြောင်းလဲပါတယ် ။
၁၉၉၀ ခုနှစ်မှာ တပ်မတော် ရေ ကို ပထမဆုံး ရောက်ရှိလာတာကတော့
ရေမိုင် ၃၀ အထိမောင်းနှင်နိုင်တဲ့ 
PB 90 အမျိုးအစား ကမ်းခြေစောင့် စစ်ရေယာဉ်
( UMS 424 ,UMS 425, UMS 426 ) တွေ ဖြစ်ပါတယ် ။
ဒုတိယ ထပ် ရောက်လာတာကတော့
၅၉ မီတာအရှည် Hainan အမျိုးအစား
Type 037 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေယာဉ် ဆယ်စီး ဖြစ်ပါတယ် ။
၁၉၉၁ ဇန်န၀ါရီလမှာ ပထမ အသုတ် စစ်ရေယာဉ် ၆ စီးကို လက်ခံရရှိခဲ့ပြီး
၁၉၉၃ မေလ မှာ တော့ ဒုတိယအသုတ် စစ်ရေယာဉ် ၄ စီး
( UMS 441 – UMS 450 ) တို့ ကို  လက်ခံ ရရှိခဲ့ပါတယ် ။
၁၉၉၄ ခုနှစ် မတ်လမှာ တပ်မတော် အစိုးရဟာ
၆၃ မီတာအရှည်ရှိတဲ့  Houxin အမျိုးအစား
ဒုံးပျံတင် အမြန်သွား စစ်ရေယာဉ် ၆ စီး
( UMS 471 – UMS 476 ) ကို ၀ယ်ယူဖို့ 
တရုတ်နိုင်ငံ နဲ့  စာချုပ်ချုပ်ဆိုခဲ့ပါတယ် ။
ဒီ သင်္ဘောတွေကို ၁၉၉၅ , ၁၉၉၆ နဲ့  ၁၉၉၇ ခုနှစ်တွေမှာ
တပ်မတော်ရေ က လက်ခံရရှိခဲ့ ပြီး
YJ -1 ( C 801 ) သင်္ဘောဖျက် ပဲ့ထိန်း ခရုစ် ဒုံးပျံတပ်ဆင်ထားတဲ့ 
စစ်သင်္ဘောတွေ ဖြစ်လာပါတယ် ။
၁၉၉၅ ခုနှစ်မှာတော့
တပ်မတော် ရေတပ်သဘောင်္ကျင်း နဲ့ မြန်မာ့ သင်္ဘောကျင်း လုပ်ငန်းတွေဟာ …
တရုတ် နည်းပညာ အထောက်အပံ့ တွေကို
အမြောက်အများ လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ် ။
၁၉၉၀ ကနေ ၂၀၀၆ ခုနှစ် ကာလအတွင်း မှာတော့
တပ်မတော်ရေတပ် သင်္ဘောကျင်း ဟာ
၅၀မီတာ အရှည်ရှိတဲ့ အမြန်ကင်းလှည့်ရေယာဉ် ၆စီး
( UMS 551 – UMS 556 ) ၊
ဒုံးပျံတင် အမြန်တိုက်ခိုက်ရေး ရေယာဉ် ၄စီး  ( UMS 557 – UMS 560 ) ၊
၂၇ ပေ အရှည်ရှိတဲ့  မြစ်တွင်း ကင်းလှည့်ရေယာဉ် ၁၄စီး
( ငမန်း ၁ - ငမန်း ၁၄ ) နဲ့ 
အခြားအထောက်အကူပြု စစ်ရေယာဉ် အများအပြားကို
တည်ဆောက် ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ် ။
ရေတပ် သင်္ဘောကျင်း ရဲ့ 
အကြီးစား သင်္ဘောတည်ဆောက်ရေး ပရိုဂရမ်တွေဟာ
၂၀၀၀ ပြည့်နှစ်မှာ ...
အင်ပြည့်အားပြည့် စတင်ပါတယ် ။
၇၇ မီတာ အရှည်ရှိတဲ့  ကော်ဗက် စစ်ရေယာဉ်
( UMS 771 – UMS 773 ) သုံးစီးကို တည်ဆောက်ခဲ့ပြီး
၂၀၀၅ ခုနှစ် နောက်ပိုင်းမှာတော့
ဖရီးဂိတ် စစ်သင်္ဘောတွေကို
စတင်ထုတ်လုပ်နိုင်တဲ့  အဆင့်ကို ရောက်ရှိလာပါတယ် ။
လက်ရှိအနေအထားမှာတော့ တပ်မတော် ရေ ဟာ …
ဒုံးပျံတင် ဖရီးဂိတ် နဲ့ ကောဗက် စစ်ရေယာဉ်များ ၊
အမြန်တိုက်ခိုက်ရေး ရေယာဉ်များ ၊
ကမ်းခြေစောင့် ကင်းလှည့် စစ်ရေယာဉ်များ ၊
ကမ်းတက်ရေယာဉ်များ ၊မိုင်းရှင်း ရေယာဉ်များနဲ့ 
သယ်ယူပို့ ဆောင်ရေး ရေယာဉ် အမြောက်အများကို ပိုင်ဆိုင်တဲ့ 
ဒေသတွင်း ခေတ်မီ ရေတပ် တစ်ခု ဖြစ်နေပြီ ဖြစ်ပါတယ် ။
၁၉၉၀ ခုနှစ် မတိုင်မီ က မြန်မာ့လေတပ်ဟာ
၁၉၆၂ ခုနှစ် နဲ့  ၁၉၇၀ ခုနှစ် ၀န်းကျင်က ၀ယ်ယူခဲ့တဲ့ 
ဟောင်းနွမ်းနေတဲ့  လေယာဉ် နဲ့  ရဟတ်ယာဉ် မျိုးစုံ
၁၃၁ စီးလောက်သာ ပိုင်ဆိုင်ပါတယ် ။
လေတပ် ဟာ အရွယ်အစားသေးငယ် ဆင်းရဲ ပြီး
သယ်ယူပို့ ဆောင်ရေး ၊ ထောက်ပံ့ ရေး နဲ့ 
အထောက်အကူပြုနိုင်တဲ့ အနေအထား လဲ ဖြစ်ပါတယ် ။
၁၉၉၀ ပြည့်လွန်နှစ်တွေမှာ
လေတပ်ကို အဆင့်မြှင့်တင်ဖို့ 
ဘယ်လို စာချုပ်တွေ ချုပ်ဆိုခဲ့တယ်ဆိုတာ အတိအကျ မသိရပေမယ့်
၁၉၉၀ ဒီဇင်ဘာလ မှာပဲ တပ်မတော်လေ ဟာ
F7 2k ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ် ၁၀ စီး ၊
GAIC FT – 7 Trainers လေယာဉ် ၂စီး ၊
PT 6  အမောင်းသင်လေယာဉ် အစီး ၃၀ ကို စတင် ရရှိခဲ့ပါတယ် ။
၁၉၉၁ ခုနှစ်မှာ ယူဂိုဆလားဗီးယားနိုင်ငံက
G4 Super Galab တိုက်လေယာဉ် တစ်အုပ် ထပ်မံ ရောက်ရှိလာပြီး
၁၉၉၃ ခုနှစ်မှာ F7 2K လေယာဉ် ၁၂ စီး ထပ်မံရောက်ရှိလာပါတယ် ။
၁၉၉၅ , ၁၉၉၇ နဲ့  ၁၉၉၉ ခုနှစ်တွေမှာ
တပ်မတော်လေ အနေနဲ့  ကြားဖြတ်တိုက်ခိုက်ရေး တိုက်လေယာဉ်အုပ်တွေ
အများအပြား ဖွဲ့ စည်းထားနှင့် ပြီးပါပြီ ။
တပ်မတော်လေ ရဲ့ ပထမဆုံး ဗုံးကြဲ တိုက်လေယာဉ် A5 တွေကို
၁၉၉၂ ခုနှစ်မှာ စတင် လက်ခံရရှိတယ်လို့  ဆိုပါတယ် ။
၈ နှစ်အတွင်းမှာ A5 ဗုံးကြဲ တိုက်လေယာဉ် ၃၆ စီးကို လက်ခံရရှိခဲ့ပြီး
၁၉၉၈ နဲ့  ၁၉၉၉ ခုနှစ်တွေမှာတော့
K8 အမောင်းသင် ဂျက်တိုက်လေယာဉ်တွေ
အများအပြား စတင်ရောက်ရှိလာပါတယ် ။
လေယာဉ်တွေ အများအပြား ရောက်ရှိလာပြီး
ကျွမ်းကျင် လေသူရဲတွေ အများအပြား
ရုတ်တရက်လိုအပ်လာတဲ့  ပြသနာကို ဖြေရှင်းနိုင်ဖို့ 
တပ်မတော် အစိုးရဟာ ...
၁၉၉၅ ခုနှစ် စစ်တက္ကသိုလ် လက်ခံပတ် တစ်ခုတည်းမှာတင်
လေသူရဲ ဗိုလ်လောင်း ၂၅၀ ကို သီးသန့်  စတင်ခေါ်ယူခဲ့ပါတယ် ။
ဒီဗိုလ်လောင်းတွေဟာ စစ်တက္ကသိုလ် ဒုတိယနှစ်မှာတင်
လေယာဉ်မောင်း သင်တန်းကျောင်း အသီးသီးကို သွားရောက် သင်ကြားရပြီး
နောက်ဆုံးနှစ် ကျောင်းဆင်းခါနီး အချိန်မှသာ
စစ်တက္ကသိုလ်ကို လာရောက်ပူးပေါင်း ကျောင်းဆင်းခဲ့ပါတယ် ။
ကျောင်းဆင်းပြီးချိန်မှာတော့ ဒီအရာရှိတွေဟာ
တပ်မတော်လေ ရဲ့  အမာခံ လေသူရဲ အုပ်စုတွေ ဖြစ်နေ ပြီးပါပြီ ။
နောက်ထပ် စစ်တက္ကသိုလ် လက်ခံပတ်အချို့ မှာလဲ
ဒီအစီအစဉ်အတိုင်း လေသူရဲ ဗိုလ်လောင်း အတော်များများကို
သီးသန့် ခေါ်ယူလေ့ကျင့် မွေးထုတ်ခဲ့တယ်လို့ သိရပါတယ် ။
၁၉၉၀ ကနေ ၂၀၀၀ ခုနှစ်အတွင်း
တပ်မတော်လေ ရဲ့ ဟောင်းနွမ်းနေတဲ့ ဖော်ကာလေယာဉ်များ နေရာမှာ
အစားထိုးဖို့ စတင်ရောက်ရှိလာတာကတော့ 
SAC Y8 အမျိုးအစား သယ်ယူပို့ ဆောင်ရေး လေယာဉ်တွေ ဖြစ်ပါတယ် ။
ပိုလန်နိုင်ငံက ၀ယ်ယူလိုက်တဲ့  PZL W3 Sokol အမျိုးအစား
ဘက်စုံသုံး ရဟတ်ယာဉ် ၁၃ စီး နဲ့ 
Mi 2 ရဟတ်ယာဉ် အစီး ၂၀ ကို လက်ခံရရှိပြီးတဲ့ နောက်
ရုရှားနိုင်ငံလုပ် Mi 17 ရဟတ်ယာဉ် ၁၃ စီးလဲ 
ထပ်မံ အားဖြည့် ရောက်ရှိလာပါတော့တယ် ။
၂၀၀၁ ခုနှစ် ယိုးဒယား နယ်စပ်ပြသနာ ဖြစ်ပြီးတဲ့ နောက်
အလျှင်အမြန် ထပ်မံ ရောက်ရှိလာတာကတော့
ခေတ်မီ MiG 29 UB ဂျက်တိုက်လေယာဉ် ၁၂ စီး ပဲ ဖြစ်ပြီး …
၂၀၀၆ ခုနှစ် ဗိုလ်ချုပ်ကြီး မောင်အေး ရဲ့ ရုရှား ခရီးစဉ်အပြီးမှာ
MiG 29 ဂျက်လေယာဉ်တွေ ထပ်မံရောက်ရှိလာခဲ့တယ်လို့ လဲ ဆိုပါတယ် ။
ဆယ်စုနှစ် တစ်စု အတွင်းမှာပဲ
မကွေးလေယာဉ်ကွင်း ၊ ကော့သောင်း ၊ မြိတ် ၊ ထားဝယ် နဲ့ 
မော်လမြိုင်မှာရှိတဲ့  လေယာဉ်ကွင်းတွေကို
အဆင့်မြှင့်တင် တိုးချဲ့ တည်ဆောက်မှု များ
တောက်လျှောက်ပြုလုပ်ခဲ့ကြတာကို တွေ့ ရပြီး
လေယာဉ်တည်ဆောက်ရေး နည်းပညာလဲ
စတင် ဖွံဖြိုးလာတာကို တွေ့ ရှိရပါတယ်  ။
၂၀၀၂ ခုနှစ် နဲ့  ၂၀၀၅ ခုနှစ်တွေမှာ
တပ်မတော် လေ ဟာ
အပေါ့စားလေယာဉ် တစ်စီးစီကို အောင်မြင်စွာ စမ်းသပ်တပ်ဆင်နိုင်ခဲ့ပြီး
၂၀၀၆ ခုနှစ်မှာတော့ STOL CH – 701 အမျိုးအစား
အပေါ့စားလေယာဉ် တစ်စီးကို
အောင်မြင်စွာ တပ်ဆင် …
ပျံသန်းနိုင်ခဲ့တယ်လို့ သိရှိရပါတယ် ။
ခြေလျင်တပ်မများ အနေနဲ့ ကတော့
၁၉၉၀ ခုနှစ်က ၂၀၀၀ ခုနှစ် အတွင်း မှာပဲ
တစ်နိုင်ငံလုံးမှာ ...
တိုက်ခိုက်ရေး ခြေမြန်တပ်မ ၂၅ ခုလောက်
အသစ် တိုးချဲ့ ဖွင့်လှစ်ခဲ့ တာကို တွေ့ ရှိရပါတယ် ။
၁၉၈၈ ခုနှစ် မတိုင်ခင်က
တပ်မတော် ရဲ့ အစွန်အဖျား အကျဆုံး တပ်ရင်းတွေဟာ
၂၀၀၀ ပြည့်နှစ် အရောက်မှာ
သူ့ ထက် အစွန်အဖျားကျတဲ့  တပ်ရင်းပေါင်း ၅၀၀ လောက်
အသစ် တည်ဆောက်ထားတဲ့  အောက်မှာ
ပျောက်ကွယ်လို့ နေ နေ ပါတယ် ။
မဟာဗျူဟာအရ သုံးသပ်ရမယ်ဆိုရင်
ဘယ် အစိုးရ အဆက်ဆက်ကမှ
အခိုင်အမာ ခြေမချနိုင်ခဲ့တဲ့ 
နယ်စပ်ဒေသ အမည်းရောင်နယ်မြေတွေ အားလုံးမှာ
တပ်မတော် ရဲ့ အခိုင်အမာ တပ်ရင်းတွေ ရာနဲ့ ချီပြီး …
တည်ဆောက် တပ်စွဲ နေရာယူခဲ့ပြီး
၂၀၀၀ ပြည့်နှစ် ၀န်းကျင်က စခဲ့တဲ့  ဒီတပ်ရင်းတွေဟာ ..
လက်ရှိ ၂၀၁၅ခုနှစ် ၁၅ နှစ်ကြာပြီးချိန်မှာ
အဲဒီဒေသတွေမှာ အသားကျနေတဲ့ 
တပ်ရင်းအဟောင်းတွေ  ဖြစ်ကုန်ပါတယ် ။
တပ်မတော် အနေနဲ့  သိသိသာမြှင့်တင်ခြင်းမရှိသေးတာကတော့
တပ်မတော် က စစ်သည်တွေ ရဲ့ ….
ချပ်ဝတ်တန်ဆာ ရိက္ခာ နဲ့ 
ဖြစ်နိုင်စရာ အကြောင်းရှိတာကတော့
တပ်မတော် အစိုးရအနေနဲ့ 
နောက်တက်လာမယ့် အရပ်သားအစိုးရ လက်ထက်မှာ
ခွင့်ပြုနိုင်ဖွယ်မရှိတဲ့  စစ်လက်နက် ပစ္စည်း ၀ယ်ယူဖြည့်တင်း မှုတွေ ၊
စစ်အင်အားတိုးချဲ့ မှုတွေ ၊
တပ်အသစ်တည်ဆောက်မှုတွေကို ဦးစားပေးပြုလုပ်ခဲ့ပြီး
နိုင်ငံခြား နည်းပညာ မလို ၊ပြည်ပ ပိတ်ဆို့ မှု ကို ထဲ့တွက်ဖို့ မလို မလို ၊
ဘတ်ဂျက် အင်အားတောင့်တာ နဲ့ 
ချက်ချင်းထုတ်ပေးလို့ ရတဲ့  ပစ္စည်းတွေ ဖြစ်တဲ့အတွက်ကြောင့်
ဦးစားပေး မဆောင်ရွက်ခဲ့တာ ဖြစ်မယ်လို့  ယူဆရပါတယ် ။
ဒီကောက်ချက်ကို ပံ့ပိုးနေတဲ့ အကြောင်းတစ်ခုကတော့
အရပ်အသားအစိုးရ တက်လာပြီးနောက်ပိုင်း ၂၀၁၂ ခုနှစ်မှာ
တပ်မတော် တစ်ခုလုံးကို အရည်အသွေးမြှင့် စစ်ဖိနပ်များ
စတင်လဲလှယ် ထုတ်ပေးခဲ့ပြီး
အအေးပိုင်းဒေသ တပ်များအတွက်
အရည်အသွေးမြင့် စစ်ဂျာကင်တွေ
စတင် ပြောင်းလဲ ထုတ်ပေးခဲ့တယ်လို့ သိရပါတယ် ။
ရိက္ခာယူနစ် မှာလဲ
တီးမစ်များ ၊ ဘီယာဘူးများ ၊အာမီရမ် ပုံစံသစ်များ
စတင် ပါရှိလာခဲ့ပါတယ် ။
လက်ရှိ အခြေအနေမှာတော့
၂၀၁၆ မကုန်မီ တပ်မတော် တစ်ခုလုံး
ကျည်ကာ အကျီ င်္နဲ့  ဟဲလမက်များ …
လူစေ့ တပ်ဆင်သွားမည်ဟု သိရပြီး
လက်ရှိ ထုတ်ပေးထားသော
ကျည်ကာအင်္ကျီတစ်ထည်၏ တန်ဖိုးမှာ …
၂ သိန်းကျပ် ဖြစ်ကြောင်း သိရှိရပါတယ် ။
စစ်သည်များ ၀တ်ဆင်မည့်
ပုံစံသစ် Equiment များ ကိုလဲ စမ်းသပ်လျက်ရှိပြီး
မကြာခင် စတင်ထုတ်လုပ် တပ်ဆင်တော့မည်ဟု သိရကြောင်း
၁၉၈၈-၂၀၁၀ ခုနှစ်အတွင်း
မြန်မာ့တပ်မတော်အား အဆင့်မြှင့်တင်မှုဆိုင်ရာ
အချက်အလက်များကို စုစည်းတင်ပြလိုက်ရပါတယ် ။
==================================
(စင်္ကာပူ နိုင်ငံ
INSTITUTE OF SOUTHEAST ASIAN STUDIES မှ
ပုံနှိပ်ထုတ်ဝေသည့်
Building the Tatmadaw ၊ Myanmar Armed forces Since 1948  ၊
By MAUNG AUNG MYOE ၏ ကျမ်းပြု စာတမ်း နှင့်
ပြည်ပ ကာကွယ်ရေး websites များ၊
ကာကွယ်ရေးဆိုင်ရာ စာစောင်များမှ
အချက်အလက်များအား မှီငြမ်းကိုးကားပါသည် ။
credit: Ye Moe
No comments: