Thursday, November 19, 2015

၂ဝ၁၅ ခုနှစ် ရှမ်းပြည်နယ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲကျင်းပ

၂ဝ၁၅ ခုနှစ် ရှမ်းပြည်နယ် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲကျင်းပ

တောင်ကြီး နိုဝင်ဘာ ၁၈

၂ဝ၁၅ ခုနှစ် ရှမ်းပြည်နယ်တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲကို နိုဝင်ဘာ ၁၈ ရက် ညနေ ၅ နာရီခွဲက တောင်ကြီးမြို့ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ ကျင်းပပြီး စူဠာမုနိလောကချမ်းသာ ဘုရားရင်ပြင်တော်ပေါ်တွင် စိန်နားပန် မီးပုံးပျံတစ်လုံးကို လွှတ်တင်ပူဇော်ပေးကြသည်။

ဆက်လက်၍ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးဝင်းနှင့် ဇနီး ဒေါ်ဌေးဌေးဝင်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ တိုင်းရင်းသားရေးရာ ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စာရင်းစစ် ချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများတို့သည် အဝေရာကုန်းသာယာ မီးပုံးပျံကွင်းသို့ ရောက်ရှိနေရာယူပြီး တန်ဆောင်တိုင်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းနှင့် မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲပိတ်ပွဲကျင်းပရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်တို့က မီးပုံးပျံပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ် ယဉ်ကျေးမှုအဖွဲ့က ကိန္နရီကိန္နရာ အကနှင့် ဓားသိုင်းအကတို့ဖြင့် ကပြဖျော်ဖြေပြီး တောင်ကြီးပညာရေး ကောလိပ်ကျောင်းမှ သင်တန်းသူလေးများနှင့် ရှမ်းပြည်နယ်တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များက မြင်ကြည့်စမ်းလှည့် တို့ရိုးရာတန်ဆောင်တိုင် သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။ ဆက်လက်၍ ကျောင်းသား ကျောင်းသူလေးများက မီးပုံးကလေးများဖြင့် ရှမ်းပြည်နယ်ကိုယ်စားပြု ရှမ်းအလံ၊ ရှမ်းအိုးစည်၊ မီးပုံးပျံလွှတ်တင်ပုံဖော် ခြင်းတို့ဖြင့် သရုပ်ဖော် ကပြကြသည်။

၎င်းနောက် တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံလွှတ်တင်ပွဲတော်ကို တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ နာယက ရှမ်းပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား) ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးအောင်က စက်ခလုတ်နှိပ်၍ မီးရှူးမီးပန်းများ ပစ်လွှတ်ဖွင့်လှစ်ပေးပြီး စိန်နားပန်မီးပုံးပျံအကြီး လေးလုံးလွှတ်ခြင်း၊ ဖွင့်ပွဲ ပိတ်ပွဲကော်မတီမှ နှစ်လုံး၊ မာဃမြင့် ကုမ္ပဏီမှတစ်လုံး၊ ကျိုင်းတုံစွမ်းအင် ကုမ္ပဏီမှ တစ်လုံးနှင့် မီကိုကော်ဖီမစ်မှ မီးပုံးပျံငယ် ၁၅ဝဝ လွှတ်တင်ကြကြောင်း သိရှိရသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ပြိုင်ပွဲဝင် ညမီးကြီး ၈၄ လုံး၊ စိန်နားပန် ၃၇ လုံး၊ နေ့လွှတ်ခြေ နှစ်ချောင်း ၁၃၈ လုံး၊ ခြေလေးချောင်း ၉၃ လုံး၊ အုပ်စု (၅၂) အုပ်စု စုစုပေါင်း နေ့လွှတ်၊ ညလွှတ် ၄ဝ၄ လုံး၊ ဓာတ်ပုံပြိုင်ပွဲတွင် ခေါင်းစဉ် လေးမျိုးဖြစ်သည့် (၁)မြို့လုံးကျွတ် မဟာဘုံကထိန်လှည့်လည်ပူဇော်ပွဲ၊ မသိုးသင်္ကန်းရက်ပြိုင်ပွဲ၊ မီးပဒေသာ လှည့်လည်ပူဇော်ပွဲ၊ (၂) မီးပုံးပျံပြိုင်ပွဲ နေ့လွှတ်တစ်ကောင်ချင်းအုပ်စု အရုပ်မီးပုံးပျံနှင့် ပွဲတော်ရှုခင်း၊ (၃) ယမ်း မီးကြီးညအလှပြိုင်ပွဲ၊ (၄) စိန်နားပန် မီးပုံးပျံပြိုင်ပွဲနှင့် ပွဲတော်ရှုခင်း၊ ကွင်းဖွင့်ပွဲရှုခင်းများဖြင့် ကျင်းပမည် ဖြစ်သည်။ မြို့လုံးကျွတ်မဟာဘုံကထိန် ကို နိုဝင်ဘာ ၂၅ ရက်တွင် လှည့်လည်ကြကာ ညနေပိုင်းတွင် မသိုးသင်္ကန်း ရက်ပြိုင်ပွဲ ဖွင့်ပွဲကို ဖွင့်လှစ်၍ နိုဝင်ဘာ ၂၆ ရက် လပြည့်နေ့ နံနက်ပိုင်းတွင် မသိုးသင်္ကန်းဆက်ကပ် ပူဇော်ကြမည်ဖြစ်ရာ နေ့လည်ပိုင်းတွင် မြို့လုံးကျွတ်မဟာဘုံကထိန် တရားနာရေစက်ချပွဲနှင့် ညပိုင်းတွင် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်များမှ မီးပဒေသာပင်များဖြင့် လှည့်လည် ပူဇော်ကြကာ ပွဲတော်တွင် ပျော်ပွဲရွှင်ပွဲ ဖျော်ဖြေရေးအစီအစဉ်များ ကျင်းပပြီး နိုဝင်ဘာ ၂၇ ရက် ညနေ ပိုင်းတွင် တန်ဆောင်တိုင်ဖွင့်ပွဲပိတ်ပွဲ သီချင်းဆုရရှိသူများ၊ ဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသူများနှင့် နေ့၊ ည လွှတ်မီးပုံးပျံပြိုင်ပွဲတွင် ဆုရရှိသူများ တို့ကို ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)


No comments: