Friday, November 20, 2015

ရိုဟင်ဂျာကိုနိုင်ငံသားအခွင့်အရေးအပြည့်ပေးရန် မြန်မာနိုင်ငံကိုတိုက်တွန်းရေး ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်မူကြမ်းကိုမြန်မာအစိုးရကန့်ကွက်

ရိုဟင်ဂျာကိုနိုင်ငံသားအခွင့်အရေးအပြည့်ပေးရန် မြန်မာနိုင်ငံကိုတိုက်တွန်းရေး ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်မူကြမ်းကိုမြန်မာအစိုးရကန့်ကွက်

နယူးယောက် နိုဝင်ဘာ ၁၉

အကြိမ် ၇၀ မြောက်ကုလသမဂ္ဂညီလာခံ၏ လူ့အခွင့်အရေးကော်မတီကမြန်မာနိုင်ငံတွင် လူနည်းစုမွတ်ဆလင်ဘာသာဝင်များအပေါ်ဖိနှိပ်မှုများကို ပြစ်တင်ဝေဖန်ပြီး ရိုဟင်ဂျာများကိုနိုင်ငံသားအခွင့်အရေးအပြည့်ပေးရန်တိုက်တွန်းကြောင်း ဗုဒ္ဓဟူးနေ့တွင်ဆုံးဖြတ်ချက်မူကြမ်း ချမှတ်မှုအပေါ် မြန်မာအစိုးရက ကန့်ကွက်ကြောင်းပြန်လည်ထုတ်ပြန်လိုက်သည်ဟု Reuters သတင်းဌာနတွင်ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင်ကျင်းပလျက်ရှိသည့်အကြိမ် ၇၀ မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၏ လူ့အခွင့်အရေး ကော်မတီကမြန်မာနိုင်ငံရှိရိုဟင်ဂျာများအရေးနှင့်ပတ်သက်ပြီး လိုက်နာဆောင်ရွက်ရန်မလိုသောဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ထုတ်ပြန်ခဲ့သည်။

ဥရောပနိုင်ငံများ၊အမေရိကန်ပြည်ထောင်စုနှင့်အခြားအနောက်နိုင်ငံများကဦးဆောင်ဆွေးနွေးသောအဆိုပါဆုံးဖြတ်ချက်မူကြမ်းတွင် ရခိုင်ပြည်နယ်ရှိရိုဟင်ဂျာနှင့်အခြားလူနည်းစုဖြစ်သောလူမျိုးစုများအပေါ် ကန့်သတ်ပိတ်ပင်မှုများ၊ဖိနှိပ်မှုများနှင့်လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည့်အပေါ် အလွန်တရာစိုးရိမ်မိသည်ဟု ဖော်ပြထားသည်။

ရိုဟင်ဂျာများအပါအဝင် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ချင်း၏ ရသင့်ရထိုက်သောအခြေခံလူ့အခွင့်အရေးများ ရရှိအောင်ကာကွယ်ပေးရန်မြန်မာအစိုးကိုတောင်းဆိုကြောင်း အပြင်ရိုဟင်ဂျာများကိုနိုင်ငံသားအခွင့်အရေးနှင့်အခြားရသင့်၊ရထိုက်သည့်အခွင့်အရေးများပေးအပ်ရန်လည်း ယင်း ဆုံးဖြတ်ချက်မူကြမ်းတွင် ပါဝင်သည်။

ကုလသမဂ္ဂအထွေထွေညီလာခံ၏ လူ့အခွင့်အရေးကော်မတီကချမှတ်သောအဆိုပါဆုံးဖြတ်ချက်မူကြမ်းကိုမြန်မာအစိုးရကကန့်ကွက်ကြောင်း နှင့်ရိုဟင်ဂျာဆိုသည်မှာမြန်မာတိုင်းရင်းသားလူမျိုးစုအစစ်အမှန်မဟုတ်သဖြင့်ထိုအသုံးအနှုန်း အသုံးပြုခြင်းကိုလည်း ကန့်ကွက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ဦးကျော်တင်ကပြန်လည်ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ဦးကျော်တင် က မြန်မာအစိုးရကိုယ်စား ကုလသမဂ္ဂလူ့အခွင့်အရေးကော်မတီ ၏ ဆုံးဖြတ်ချက်မူကြမ်းကိုကန့်ကွက်ကြောင်း ပြန်လည်တင်သွင်းရာတွင်မြန်မာနိုင်ငံတွင်ဘာသာရေးနှင့်လူမျိုးရေးကိုအခြေခံ၍ဖိနှိပ်မှုများရှိနေသည်ဆိုသောအချက်မှာမှားယွင်းလျက်ရှိကြောင်း တုံ့ပြန်ပြောကြားထားသည်။

မြန်မာနိုင်ငံသားအဖြစ်ခံယူခွင့်ရခြင်း၊ မရခြင်းမှာလူမျိုး၊ ဘာသာပေါ်တွင်မူတည်ခြင်း မရှိဘဲနိုင်ငံသားဖြစ်ခွင့်ဥပဒေများ၊ ပြဋ္ဌာန်းချက်များနှင့်ညီညွတ်မှုရှိခြင်း၊ မရှိခြင်းနှင့်သာသက်ဆိုင်သည်ဟုလည်း ၎င်းကတုံ့ပြန်ပြောကြားထားသည်။

ထို့အတူအခြားသောကမ္ဘာ့နိုင်ငံများကဲ့သို့ပင်မြန်မာနိုင်ငံတွင်လည်း ရွေးကောက်ပွဲတွင်မဲပေးခွင့်ကဲ့သို့သောနိုင်ငံရေးဖြစ်စဉ်များတွင် ပါဝင်ခွင့်ကို နိုင်ငံသားများကိုသာပေးအပ်နိုင်မည်ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

ထို့အပြင်လက်ရှိအချိန်တွင်မြန်မာနိုင်ငံ၌ရွေးကောက်ပွဲကို နိုင်ငံတကာစောင့်ကြည့်မှုများအောက်၌ အောင်အောင်မြင်မြင်ကျင်းပပြီးစီးခဲ့ပြီးပြီဖြစ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနှင့်ချောချောမွေ့မွေ့ အာဏာလွှဲပြောင်းပေးအပ်ရန် နိုင်ငံရေးပါတီအားလုံးလည်း သဘောတူညီပြီးဖြစ်ကြောင်း ၊ ထို့ကြောင့်လွတ်လပ်၍အချုပ်အခြာအာဏာပိုင်သောနိုင်ငံတိုင်းသည် ၎င်း၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှု ၊ အခြေအနေ၊ အခြေခံဥပဒေတို့နှင့်ကိုက်ညီသောကိုယ်ပိုင်နိုင်ငံရေးစနစ်တစ်ရပ်ကိုရွေးချယ်ခွင့်ရှိသည်နှင့်အညီကုလသမဂ္ဂ၏ လူ့အခွင့်အရေးကော်မတီကချမှတ်သည့်ဆုံးဖြတ်ချက်မူကြမ်းအတွင်းမှအခြားနိုင်ငံတစ်နိုင်ငံ၏ အခွင့်အရေးကိုစွက်ဖက်ရာကျသောဖော်ပြမှုများကိုလက်ခံနိုင်ခြင်းမရှိကြောင်းလည်း ဖော်ပြထားသည်ကိုတွေ့ရသည်။

အကြိမ် ၇၀ မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၏ လူ့အခွင့်အရေးဆိုင်ရာကော်မတီတွင်အီရန်၊ မြောက်ကိုရီးယားနှင့်ဆီးရီးယားတို့ရှိလူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်၍လည်း ဝေဖန်ပြစ်တင်ရန်၊ ဆုံးဖြတ်ချက်မူကြမ်းများထုတ်ပြန်ရန်မဲခွဲဆုံးဖြတ်သွားမည်ဖြစ်သည်။



No comments: