Sunday, November 22, 2015

စခန်းမှူးနှင့် ရဲတပ်သား(၄)ဦး ငွေကျပ်သိန်း(၅ဝ) ခြိမ်းခြောက်တောင်းယူ၊ သေနတ်(၅)ချက်ပစ်ဖောက်

စခန်းမှူးနှင့် ရဲတပ်သား(၄)ဦး ငွေကျပ်သိန်း(၅ဝ) ခြိမ်းခြောက်တောင်းယူ၊ သေနတ်(၅)ချက်ပစ်ဖောက်

..................................................................................

မိုးကုတ်မြို့တွင် စခန်းမှူးအပါအဝင် ရဲတပ်သားလေးဦးသည် နေအိမ်အတွင်းဝင် ရောက်ကာ ငွေကျပ်သိန်းငါးဆယ် ခြိမ်းခြောက် တောင်းယူသွားပြီး သေနတ်ငါးချက်ပစ်ဖောက် သွားခဲ့ကြောင်း ခြိမ်းခြောက်တောင်းယူသွား ခြင်းခံခဲ့ရသူ မနီနီဝင်းက ပြောသည်။
လွန်ခဲ့သည့် နှစ်လခန့်တွင် မနီနီဝင်း၏ ညီမဖြစ်သူ(၁၉)နှစ်အရွယ် မဖြူဖြူဝင်းသည် လောက်ကိုင်မြို့သို့ အိမ်အကူအဖြစ် သွား ရောက်လုပ်ကိုင်ခဲ့ရာ အပြန်တွင် အိမ်ရှင်က မုန့်ဖိုးများ ထည့်ပေးလိုက်သောကြောင့် မြန်မာ ငွေ တန်ဖိုးကျပ်သိန်း(၁၅ဝ)ခန့် ပါလာခဲ့သည်။
ထိုသို့ နှစ်လကျော်အတွင်း ငွေများ အမြောက်အများ ပါလာမှုအား မသမာမှုဖြင့် ရရှိလာသော ငွေကြေးများဟုဆိုကာ ဖမ်းဆီး မည်ဟု ခြိမ်းခြောက်ခံရခြင်းဖြစ်ကြောင်း မနီနီဝင်းက ပြောသည်။
မိုးကုတ်မြို့နယ်၊ ပိန်းပျစ်ကျေးရွာ အုပ်စု တွင်နေထိုင်သည့် မနီနီဝင်းနှင့် မဖြူဖြူဝင်း ညီမနှစ်ဦးနေအိမ်သို့ နိုဝင်ဘာလ(၁၈) ရက် နေ့၊ ည (၈းဝဝ)အချိန်ခန့်တွင် ပိန်းပျစ်ကျေး ရွာ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်လေးဦးက နေအိမ်အတွင်း ဝင်ရောက်ကာ ငွေတောင်းယူ တစ်ခုဖြစ်ပွားခဲ့ကြောင်း မိုးကုတ်မြို့နယ် NLD ပါတီဝင် ဦးစိုးမြင့်ကလည်း ပြောသည်။
''ကျွန်မ ညီမလေးက လောက်ကိုင်မှာ အလုပ်သွားလုပ်ပြီး ပြန်လာခဲ့တာ။ ပါလာတဲ့ ပိုက်ဆံတွေက တအားများတယ်။ မသမာမှုနဲ့ ရလာတာဆိုပြီး သံသယရှိတယ်။ အခုဖမ်းရ မယ်လို့ ပြောလာတယ်။ အဖေနဲ့ အမေနဲ့က တောင်းပန်ပေမယ့် လက်မခံဘဲ အတင်းအခု ညတွင်းချင်း ဖမ်းမယ်၊ ဆီးမယ်ဆိုပြီး စခန်းမှူး ဦးခင်မောင်ဌေးကိုယ်တိုင်က ပြောပါတယ်။နောက်ပြီး နင်တို့ပါလာတဲ့ ပိုက်ဆံအကုန်ရှိ လားလို့မေးတယ်။ မရှိတော့ပါဘူးဆိုတော့ ရှိတဲ့ သိန်းငါးဆယ်ကိုပဲ အတင်းတောင်းယူ သွားတယ်။ ပြီးတော့ ဒီကိစ္စကိုလည်း ဘယ်သူ ကိုမှမပြောရဘူးဆိုပြီး ပြောသွားတယ်။အဲဒီ အတွက် ကျွန်မတို့ လုံးဝမကျေနပ်ပါဘူး။သူ တို့ကို ထိုက်သင့်တဲ့ ပြစ်ဒဏ်တစ်ခုခုနဲ့ အရေး ယူမှကို ကျေနပ်မှာပါ''ဟု မနီနီဝင်းက ပြော သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူး လွန်မှုတွင် ပါဝင်ခဲ့သည့် ပိန်းပျစ်ကျေးရွာ စခန်းမှူး ရဲအုပ်ခင်မောင်ဌေးအား တယ်လီ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် ''အဆင်ပြေပါတယ်။ အခုသူတို့တွေ အဆင်ပြေ သွားပါပြီ''ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။
''လုံးဝအဆင်မပြေပါဘူး။ သူတို့ နောက်ရက်မှာ ပိုက်ဆံတဝက် ပြန်ပေးမယ်ဆို ပြီး သိန်း (၂ဝ)လာပေးသွားတယ်။ ဒါပေမဲ့ ကျွန်မတို့ လုံးဝလက်မခံပါဘူး။ အခုထိလည်း ပိုက်ဆံတပြားမှ ပြန်မယူရသေးပါဘူး။မနက် ကလည်း သူတို့လာညှိတယ်။ သူတို့မှားပါ တယ်ဆိုပြီး၊ ဒါပေမဲ့ ကျွန်မတို့ကတော့ လက် မခံဘူး။ တစ်စုံတရာ အရေးယူမှုပြု လုပ်ဖို့ အတွက် လုပ်ဆောင်သွားမယ်။ အခုတော့ NLD ကို အကူအညီတောင်းပြီး အပ်ထား တယ်''ဟု မနီနီဝင်းက ဆက်ပြောသည်။
အဆိုပါ အခင်းဖြစ်ညတွင် နေအိမ်မှ (၉းဝဝ)နာရီကျော်ခန့်တွင် ပြန်လည်ထွက်ခွာ သွားပြီးချိန် မိနစ်(၂ဝ)ခန့်တွင် ပိန်းပျစ်ရဲ စခန်းမှ သေနတ်ပစ်ဖောက်သံ ငါးချက်ထွက် ပေါ်လာခဲ့ကြောင်းနှင့် ခြိမ်းခြောက်ငွေတောင်း ယူမှုနှင့်ပတ်သက်၍ နိုဝင်ဘာလ (၂ဝ)ရက်နေ့ တွင် မိုးကုတ်မြို့နယ်ရဲမှူးအပါအဝင် သက်ဆိုင် ရာ တာဝန်ရှိသူများထံသို့ တိုင်ကြားထား ကြောင်း မိုးကုတ်မြို့နယ် NLD ပါတီဝင် ဦးစိုးမြင့်က ပြောသည်။

(မန္တလေးအလင်း နေ့စဉ် သတင်းစာ page မှ )


No comments: