Saturday, November 21, 2015

တော်လှန်ရေးနှင့်နိုင်ငံရေး

တော်လှန်ရေးနှင့်နိုင်ငံရေး
------ ------ ------
၂၀၁၅၊ နိုဝင်ဘာ ၁၆ ရက်က နေပြည်တော်မှာ လွှတ်တော်အစည်းအဝေးခေတ္တနားချိန်၌ လောလောဆယ် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအနိုင်ရသွားသည့် (NLD) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က သူ၏ NLD အဖွဲ့ဝင်များကိုပြောလိုက်သည်မှာ ''၀န်ကြီးတွေ ဒုဝန်ကြီးတွေဖြစ်ဖို့ စိတ်ကူးမယဉ် ကြနှင့်''ဟူ၍ ဖြစ်သည်။ ဤစကားမှာ ရိုးရိုးသားသားပြောလိုက်ခြင်းပဲဖြစ်သည်ဟု ဆိုချင်ပါသည်။ နိုင်ငံတနိုင်ငံ၏သမိုင်းမှာ တော်လှန် ရေးသမားလိုသလို၊ နိုင်ငံရေးသမားလည်း လိုသည်။ အုပ်ချုပ်ရေးသမားလည်း လိုပါသည်။ ဒါသည် နိုင်ငံ့သမိုင်း တွင် ကဏ္ဍအသီးသီးရှိပါသည်။

မြန်မာ့လွတ်လပ်ရေးကာလတုန်းက ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လကျာ်၊ သခင်သန်းထွန်းစသည့် လူငယ်တို့မှာ တော်လှန်ရေးသမားများဖြစ်သည်။ ထိုအချိန်တုန်းက ဂျပန်နှင့်တိုက်ရမည်။ အင်္ဂလိပ်နှင့်တိုက်ရမည်။ ထိုတိုက် ပွဲကာလအတွင်းမှာ နိုင်ငံရေးသမားလို ပရိယာယ်ကြွယ်သည့် စကားများ၊ ပြည်သူကို သူ့ဘက်ပါအောင် စည်းရုံး နေမည့် နိုင်ငံရေးသမားများ မလိုသေးပါ။ ထိုအချိန်တုန်းက တကယ့်မဟုတ်မခံ၊ သတ္တိရှိ၊ ကိုယ်ကျိုးစွန့် အနစ်နာခံ၊ တိုက်ရဲသူ၊ လွတ်လပ်ရေးကို အသက်ထက် မြတ်နိုးသူတော်လှန်ရေးသမားများသာ လိုအပ်ပါသည်။ ထိုလူငယ်များသည် နိုင်ငံရေးသမားများလို ပရိယာယ်ကြွယ်သည့်စကားမျိုးလည်း ပြောတတ်ချင်မှ ပြောတတ် မည်။ အများပြည်သူကို သူ့ဘက်ပါလာအောင်၊ သူ့ပါတီကို အားပေးအောင် လူထုကျလောက်အောင် စကားပြော တတ်ချင်မှ ပြောတတ်မည်။ ပြည်သူလူထုကို အုပ်ချုပ်တတ်ချင်မှတတ်မည်။ သို့သော် သူတို့သည် မြန်မာပြည် လွတ်လပ်ရေးအတွက် အမှန်တကယ်တိုက်ပွဲဝင်ခဲ့ကြသော တော်လှန်ရေးသမားများ ဖြစ်ကြသည်။

ကမ္ဘာမှာလည်း ရှိခဲ့ပါသည်။ လက်တင်အမေရိက တော်လှန်ရေးသမား ချေဂွေဗားရားလို၊ ဖိလစ်ပိုင်မှ ဂျိုဆေးရီ ဇော်လို၊ ချက်က ဂျူးလိယက်ဖူးချစ်တို့လို လူစားမျိုးတွေကား တော်လှန်ရေးသမားများ ဖြစ်ကြသည်။ သူတို့သည် နိုင်ငံရေးအုပ်ချုပ်ရေးတို့၊ ဘာတို့ နားလည်သူများမဟုတ်၊ လွတ်လပ်ရေးမရှိဘဲ ဘယ်သို့လျှင် အုပ်ချုပ်ရေး ရှိပါမလဲ။ ဆန်ပုံးထဲမှာ ဆန်ရှိမှသာ အိုးထဲမှာ ထမင်းရှိနိုင်သည် မဟုတ်ပါလား။ လွတ်လပ်ရေးအတွက် တသက်လုံးကြိုးပမ်းအားထုတ် ကိုယ်ကျိုးစွန့်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းသည်ပင် တော်လှန်ရေးသမားဖြစ်သည်။ နိုင်ငံရေးကိုလည်း မလွဲမရှောင်သာ လုပ်ခဲ့ရသည်။ နိုင်ငံရေးလောက၏ ရှုပ်ထွေး ပွေလီမှုကြောင့် လွတ်လပ်ရေးရပြီးရင် နိုင်ငံရေးလောကထဲမှ ထွက်ကာ စာပဲရေးတော့မည်ဟုပင် ခြေကုန်လက် ပန်းကျပြီး ပြောခဲ့သေးသည်။ တော်လှန်ရေးကာလပြီးသည့်နောက် လွတ်လပ်ရေးရပြီးသည့်အခါ မှာတော့ ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းစသည့် နိုင်ငံရေးသမားများ ပေါ်လာပါသည်။ သူတို့သည် လူထုက သူတို့ကို ထောက်ခံလာအောင် စကားလုံး ကြွယ်ကြွယ်နှင့် အမျိုးမျိုးဆွယ်တရားဟောတတ်ကြသည်။ နိုင်ငံရေးသမားတို့မှာ ပရိယာယ်မာယာ များတတ်ကြသည်။ လူမှုဆက်ဆံရေးတွင်လည်း နည်းဗျူဟာအမျိုးမျိုးသုံးတတ်ကြသည်။ မုန်းသော်လည်း ချစ်သယောင် ဟန်ဆောင်ရတတ်သည်။ တော်လှန်ရေးသမား၏ စရိုက်လက္ခဏာကား ဤသို့မဟုတ်ပါ။ ရိုးသည်၊ သတ္တိရှိ သည်။ အမှန်ကို အမှန်အတိုင်း ဒဲ့ဒိုးပြောဆို လုပ်ကိုင်တတ်သည်။

ယခုကမ္ဘာမှာ ဒီမိုကရေစီဘိုးအေနိုင်ငံများဖြစ်သည့် ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်၊ ဂျာမဏီလို နိုင်ငံများမှာကား နိုင်ငံ့ခေါင်းဆောင်များသည် နိုင်ငံရေးသမားများ ဖြစ်ကြသည်။ သူတို့မှာ ဒီမိုကရေစီစနစ်ထွန်းကားအောင် ဖြတ်သန်းကျော်လွှားခဲ့ရသည့်ကာလမှာ ဒီမိုကရေစီအတွက် တော်လှန်ရေးသမားများက စွန့်စားဖန်တီးခဲ့ကြပြီး ပြီ။ မြန်မာပြည်လို အာဏာရှင်စနစ် အမြစ်တွယ်နေပြီးသော နိုင်ငံတနိုင်ငံမှာ လွတ်မြောက်ရေးမရှိသေးပါဘဲ ဘယ်သို့မျှ နိုင်ငံရေးလုပ်မရသေး။ ယခု နိုင်ငံရေးအသွင်ဆောင်သည့် လွှတ်တော်တို့၊ ပါတီတို့၊ ရွေးကောက်ပွဲ တို့ဆိုသည်မှာလည်း ဒီမိုကရေစီနိုင်ငံများလို ဟန်ဆောင်ပန်ဆောင်လုပ်ခြင်းမျှသာ ဖြစ်သည်။

ထို့ကြောင့် NLD ပါတီသည်လည်း နိုင်ငံရေးပါတီတရပ်ဟုဆိုသည့်တိုင် အာဏာရှင်စနစ်ကို တော်လှန်ထွက်ပေါ် လာသည့် တော်လှန်ရေးပါတီတရပ်သာ ဖြစ်သည်။ NLD မှာ ပါတီဝင်များ ၁၉၉၀ ရွေးကောက်ပွဲနိုင်သည့် အမတ်များ၊ NLD ကို လက်မွန်မဆွကပင် ပံ့ပိုးကူညီနေသူများသည် အာဏာရှင်ကို လက်နက်မဲ့တော်လှန် ခဲ့ကြသူများ ဖြစ်သည်။ သူတို့သည် သူတို့ကိုယ်ကျိုးအတွက်မဟုတ် အကျိုးလိုလို့ ထောင်တန်းအကျခံ၊ ဘ၀ အပျက်ခံကာ နှစ်တွေကြာရှည် မစွန့်လွှတ်နိုင်ကြပါ။ အကျိုးလိုသူသည် ဤမျှ ရေရှည်ဒဏ်မခံပါ။ အချိန်တိုတိုအတွင်း သူ့အကျိုးရလျှင်ရ၊ မရလျှင် ဖောက်ပြန်သွားကြပါသည်။ NLD ပါတီဝင်များကား လက်မွန် မဆွကပင် အာဏာရှင်ကိုတော်လှန်ခဲ့ပြီး သူတို့ဘ၀ကို ရေရှည်မြှုပ်နှံခဲ့ရသူများ ဖြစ်သည်။ ယခုအခါ ၂၀၁၅ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကား ပြည်သူ့ပါတီ NLD နှင့် အာဏာရှင်ကို တော်လှန်လိုကြသော ပြည်သူ တရပ်လုံးပူးပေါင်းကာ ရွေးကောက်ပွဲစနစ်နှင့်မဲပေးပြီး တော်လှန်လိုက်ကြခြင်းဖြစ်သည်။

တော်လှန်ရေးတာဝန် လည်း ကျေလေပြီ။ NLD အတွက် ထောင်ကျခဲ့ရ၊ ထောင်ထဲမှာနေရစဉ် ဇနီးသည်သေဆုံးခဲ့ရ၊ မိခင်သေဆုံးခဲ့ရ သည့် NLD ပါတီဝင်များလည်း ဘ၀ကိုပေးဆပ်ခဲ့ကြပြီးပြီ။ နောက်ပိုင်းဇာတ်လမ်းကိုတော့ နိုင်ငံရေးနည်းနှင့်သာ ညှိနှိုင်းဆွေးနွေးကြရပေလိမ့်မည်။ လွတ်လပ်ရေးကာလတုန်းက ဗိုလ်ချုပ်သည် အင်္ဂလိပ်နယ်ချဲ့ကို တော်လှန် ရေးအပြီးမှာ သူတို့နှင့် နိုင်ငံရေးဆွေးနွေးပွဲအကြိမ်ကြိမ် ညှိနှိုင်းခဲ့ရပါသည်။

လွတ်လပ်ရေးကတိစာချုပ်ပေးပြီး သည့် နောက်မှာပင် နယ်ချဲ့တို့သည် မသမာသောနည်းနှင့် ဂဠုန်ဦးစောကို မြှောက်ပေးကာ ဗိုလ်ချုပ်အောင် ဆန်းကို လုပ်ကြံစေခဲ့သေးသည်။ ယခုလည်း တော်လှန်ရေးကာလပြီး၍ နိုင်ငံရေးနည်းနှင့် ဖြေရှင်းရမည့် ကဏ္ဍသို့ ရောက်လာပါပြီ။ NLD မှ ကိုယ်စားလှယ်လောင်းများသည် အုပ်ချုပ်ရေး၊ ပညာရေး၊ စီးပွားရေးနားလည်ချင်မှ နားလည်ပါမည်။ နားလည် သူ ကျွမ်းကျင်ပညာရှင်များကိုအသုံးပြု၍ ဒေါ်အောင်ဆန်းစုကြည်က အမှိုက်ပုံထဲက တိုင်းပြည်ကို ပြန်လည်ဖုန်ခါ သန့်ရှင်းရေးလုပ်ပြီး အရောင်တင်ရပေလိမ့်မည်။ ပြည်သူတရပ်လုံးကလည်း ၀ိုင်းဝန်းကူညီရန် အသင့်ရှိနေကြပါ သည်။ ထို့ကြောင့် NLD ကိုယ်စားလှယ်လောင်းများ ၀န်ကြီးဖြစ်ဖို့ စိတ်ကူးမယဉ်ကြနှင့်ဦး ဆိုသည့်စကားမှာ ရိုးရိုးရှင်းရှင်း စကားတခွန်းသာ ဖြစ်သည်။

တော်လှန်ရေးသမားသည် တော်လှန်ရေးသမား

နိုင်ငံရေးသမားသည် နိုင်ငံရေးသမား

သဘောသဘာဝချင်းတော့ မတူပါလေ။

တင်တင်ဦး


No comments: