Friday, October 30, 2015

လော်စပီကာသံမခံနိုင်၍ စကားများရာမှ NLD အမတ်လောင်းဓါးခုတ်ခံရ

လော်စပီကာသံမခံနိုင်၍ စကားများရာမှ NLD အမတ်လောင်းဓါးခုတ်ခံရ

ရန်ကုန်တိုင်းသာကေတမြို့နယ် နယ်မြေ ၉ လမ်းထိပ်မှာဖျော်ဖြေရေးကားတွေ ရပ်ပြီးတော့ ရပ်ကွက်နေလူထု နားမခံသာအောင် အသံချဲ့စက်ကိုအကျယ်ကြီးဖွင့်ပြီးမူးမူးနဲ့ပေါက်တတ်ကရဟောပြောနေတဲ့အတွက် အသံချဲ့စက် အသံတိုးပေးဖို့ပြောတဲ့ ရပ်ကွက်နေပြည်သူတစ်ဦးကို မိုက်မိုက်ရိုင်းရိုင်းပြောဆိုရုံမက ကိုယ်ထိ လက်ရောက်ထိုးကြိတ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကလွှတ်တော် ကိုယ်စားလှယ်လောင်း နိုင်ငံလင်းကို မခံမရပ်နိုင်တဲ့ မဲဆန္ဒရှင်တစ်ဦးကဓါးနဲ့ခုတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်ပြီး အခုရွေးကောက်ပွဲမှာ သာကေတမဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်တဲ့ နိုင်ငံလင်းနဲ့ NLD မဲဆွယ်စည်းရုံးရေး အဖွဲ့ဝင်တွေဟာ ကြာသပတေးနေ့ ညပိုင်းကသာကေတမြို့နယ် နယ်မြေ ၉ လမ်းထိပ်မှာ ဖျော်ဖြေရေး ကားတွေ ရပ်ပြီးတော့ အသံချဲ့စက်ကို အသံကုန်တင်ပြီး နိုင်ငံလင်းက စကားပြောခဲ့ကြောင်း၊ အဲဒီအချိန်မှာ နိုင်ငံလင်းကမူးနေပြီးပေါက်တတ်ကရတွေ လျှောက်ပြောနေတဲ့အတွက် အနားကကွမ်းယာဆိုင်မှာ ကွမ်းယာဝယ်နေတဲ့ မဲဆန္ဒရှင်တစ်ဦးက အသံနဲနဲလျော့ပေးဖိုပြောတဲ့အချိန်မှာ နိုင်ငံလင်းနဲ့ပါလာတဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ဝင်တစ်ဦးက မိုက်မိုက်ရိုင်းရိုင်း ပြောရာက စကားများရန်ဖြစ်ခဲ့ကြောင်း ဒီဖြစ်စဉ်ကိုမျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတဲ့ သာကေတက ကိုကျော်ထက်ဝင်း က ပြောပါတယ်။

“ဒါးနဲ့ခုတ်တဲ့အထိ ဖြစ်သွားတော့ ခုတ်တဲ့လူအလွန်ဖြစ်သွားတာပေါ့။ တကယ်တမ်းကတော့ NLD က ကောင် တွေ တော်တော်မိုက်ရိုင်းတယ်။ အဲဒီအမတ်ဆိုတဲ့ကောင်ရောပဲ။ လမ်းထိပ်မှာသူတို့ကားကြီးရပ် လော်ကို အသံကုန်တင်ပြီး ပေါက်တတ်ကရတွေ လျှောက်ပြောနေတယ်။ နိုင်ငံလင်းကတော်တော်မူးနေတယ် ထင်တယ်။ ရပ်ပါလိုလိုဘာလိုလိုနဲ့ ကျွန်တော့်နာမည် နိုင်ငံလင်းပါ။ တစ်နိုင်ငံလုံးထွန်းလင်းဖို့ နိုင်ငံလင်းကို မဲပေးစို့၊ ပြောင်းလဲဖို့အချိန်တန်ပါပြီ ဘာညာနဲ့ အသံဗြဲကြီးနဲ့အော်နေတယ်။ အဲဒီတော့ ဘေးနားက ကွမ်းယာဆိုင်မှာဝယ်နေတဲ့ ဇော်လတ်က ခင်ဗျားတို့ အဲလောက်ကြီးဆူညံနေတာတော့ မကောင်းဘူး။ လမ်းထဲမှာ သက်ကြီးရွယ်အိုတွေရော၊ နေထိုင် မကောင်းတဲ့သူတွေရောရှိတယ်။ အသံနဲနဲလျော့ပေးပါလို့ သွားပြောတော့ အဲဒီအမတ်နဲ့ ပါလာတဲ့ တစ်ကောင်က မင်းကဘာဖြစ်တာလဲ။ ငါတို့ပါတီက အသိဥာဏ်ရှိတဲ့ လူတိုင်းထောက်ခံတဲ့ ပါတီ၊ မင်းတို့လာပြောတိုင်းနားထောင်ရမှလား၊ လွတ်လပ်စွာမဲဆွယ် စည်းရုံးနေတာလာမရှုပ်နဲ့၊ အရေးယူခံရမယ် လို့ ပြောတော့ ဟိုလူကလဲမခံနိုင်ဖြစ်ပြီးစကားများ ကြတော့ NLD က ကောင်ကစပြီး လက်သီးနဲ့ထိုးပါလေရော။ ဇော်လတ်က ပြန်ထိုးတော့ NLD က လူအုပ်နဲ့ ဝိုင်းပြီးထိုးကြိတ်လွှတ်လိုက်တာ။ အထိုးခံရတဲ့သူက သူ့အိမ်ပြန် ဓားဆွဲပြီးထွက်လာတဲ့အချိန်မှာအဲဒီ နိုင်ငံလင်းကသွားပြီးဟောက်တယ်။ ဒါးနဲ့ လူတွေကိုသွားပြီးခြောက်တော့ ဒါးနဲ့ တွယ်လိုက်တာပဲ။ စဖြစ်တာကအသံချဲ့စက် အကျယ်ကြီးဖွင့်တာကနေ ဖြစ်တာ။ ဟိုလူကသူ့အိမ်မှာဆိုင်းဘုတ် ချိတ်ထားတာ။ NLD တွေ မလာနဲ့၊ မစည်းရုံးနဲ့၊ ဒါးနဲ့ခုတ်လွှတ်မယ်ဆိုပြီးတော့။ မှားတာတော့ နှစ်ဖက်စလုံးမှားတာပဲ”လို့ ပြောပါတယ်။

သာကေတမြို့နယ်မှ အလွတ်တန်းရှေ့နေ ကိုသာဦးကလည်း “NLD ပါတီအနေနဲ့ အများသူငါ စိတ်အနှောက်အယှက်ဖြစ်အောင် လော်စပီကာတွေ အကျယ်ကြီးဖွင့်တာတွေ သတိထားဖို့ လိုတယ်။ အားလုံးက NLD ကြိုက်တဲ့သူတွေချည်းပဲမဟုတ်ဘူး။ ကြိုက်တဲ့သူရှိသလိုမကြိုက်တဲ့သူလည်းရှိမှာပဲ။ အခုဟာကဒီလိုနေရာမျိုးကိုလာပြီးစည်းရုံးရင် ဒီလိုနေရာရဲ့ အကြောင်းသိထားသင့်တယ်။ NLD က လူတွေ မူးနေတာလို့ ပြောတယ်။ ကွမ်းယာဆိုင်မှာကွမ်းယာဝယ်ရင်းစပြီးစကားများတာ။ ပြီးတော့ မခံနိုင်တဲ့သူက လိုက်သွားပြီးထိုးတော့ NLD က လူတွေ ဝိုင်းထိုးကြတယ်။ အထိုးခံရလို့ မကျေမနပ်ဖြစ်ပြီးအိမ်ပြန် ဒါးယူပြီးဝင်ခုတ်တော့တာပဲ။ ရဲစခန်းကိုလိုက်သွားပြီး NLD လူအုပ်စုကြီးနဲ့ တရားခံကိုအခုချက်ချင်းထုတ်ပေး၊ မပေးရင် ရဲစခန်းကိုမီးနဲ့ ရှို့မယ် ဆိုပြီး ခြိမ်းခြောက်ကြတယ်။ ခုတ်တဲ့သူလည်းလွန်တယ်။ NLD က လူတွေလည်းလွန်တယ်။ စည်းရုံးရေးဆင်းနေတယ် ဆိုတာကိုနားလည်သင့်တယ်။ လူထုကိုဝိုင်းပြီးထိုးကြိတ်ဖို့ မပြောနဲ့ ပြေလည်အောင် ဆက်ဆံရမှာ။ မခံနိုင်တဲ့သူနဲ့ တွေ့တော့ ဒီလိုတွေ ဖြစ်ကုန်တာပါပဲ။ ဒါးနဲ့ ခုတ်တဲ့သူတွေကိုအရေးယူသင့်တယ်။ ရဲစခန်းကိုလူအုပ်နဲ့ဝိုင်းပြီးမီးရှို့ဖို့ ခြိမ်းခြောက်တဲ့ NLD တွေလည်း အရေးယူရမှာ။ အရက်မူးနေတဲ့၊ လူအုပ်နဲ့ ဝိုင်းပြီးထိုးကြိတ်လွှတ်လိုက်တဲ့ NLD တွေကိုလည်းအရေးယူရမှာပဲ။ ဖမ်းထားတဲ့သူတွေကိုလည်းအရေးယူ၊ လူထုနားမခံသာအောင် လော်စပီကာကြီးတွေ အသံကုန်ဖွင့် နားဒုက္ခ ပေးတဲ့ NLD တွေ၊ လူအုပ်နဲ့ ဝိုင်းပြီးထိုးကြိတ်လွှတ်၊ ရဲစခန်းကိုလူအုပ်နဲ့ဝိုင်းပြီး ခြိမ်းခြောက်တဲ့ NLD တွေ ကိုလည်း အရေးယူ၊ NLD ပါတီဝင်တွေကိုမူးယစ်ဆေးဝါး၊ အရက်သေစာ သုံးစွဲထားသလားစစ်ဆေးရမယ်။ ဒါမှ နှစ်ဖက်စလုံး မျှတမယ်” လို့ ပြောပါတယ်။

အမတ်လောင်းနိုင်ငံလင်းဟာခေါင်းမှာ ပြတ်ရှဒဏ်ရာရရှိခဲ့ပြီးရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာကုသခံနေရပြီး အသက်အန္တရယ် မစိုးရိမ်ရဘူးလို့ သိရပါတယ်။
နိုင်ငံလင်းကိုဓါးနဲ့ခုတ်တဲ့သူကိုရဲကချက်ချင်းဖမ်းဆီးခဲ့ပေမယ့် နိုင်ငံလင်းရဲ့မဲဆွယ်ကားမှာပါလာတဲ့ NLD ပါတီဝင်တွေကသာကေတရဲစခန်းကိုဝိုင်းရံခဲ့ပြီး တရားခံကိုထုတ်ပေးဖို့ လူအုပ်စုနဲ့ ဖိအားပေးကာ ရဲစခန်းကို မီးနဲ့ရှို့မယ်လို့ လုပ်ခဲ့ကြတဲ့အတွက် ရဲတွေကသေနတ်တွေနဲ့တန်းစီပြီး အင်အားပြမှ ထွက်ပြေးသွားကြကြောင်းလည်း သိရပါတယ်။

ပြည်သူ့အာဏာ

No comments: