Friday, October 30, 2015

၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နိုင်ခဲ့သလဲ? (အပိုင်း-၂)

၅ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဘာတွေလုပ်နိုင်ခဲ့သလဲ? (အပိုင်း-၂)
  ================================================

၂၀၁၀ နိုဝင်ဘာလမှ ၂၀၁၁ ခုနှစ် နိုဝင်ဘာလအထိ တစ်နှစ်ကျော် ကာလအတွင်း ဘာမှအောင်မြင် အောင် လုပ်ဆောင်နိုင်ခြင်း မရှိသည့် အပေါ် ဝေဖန်မှုများ ရှိလာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သာမန် အရပ်သားတစ်ဦးသာ ဖြစ်နေခြင်းကြောင့် ဘာမှမလုပ်နိုင် သေးကြောင်း NLD ဘက်မှ တုန့်ပြန်ဖြေရှင်းခဲ့ဖူး ပါတယ်။ အကယ်၍ လွှတ်တော် အမတ်တစ်ဦးဖြစ်ပါက ဒီထက်ပို လုပ်နိုင်မယ် ဟု မျှော်လင့်ချက်ပေးခြင်းကြောင့် NLD ကို ပြည်သူတို့ မဲထည့်ခဲ့ ရပြန်ပါတယ်။ ဒါပေမယ့် ပြည်သူတို့ရဲ့ မျှော်လင့်ချက်မပြည့်ခဲ့ရပါဘူး။

၂၀၁၂ နှစ်ဆန်းပိုင်းအတွင်းမှာ ယနေ့လိုပဲ NLD ပါတီ ရွေးကောက်ပွဲအနိုင်ရရှိရေး တစ်ခုအတွက်သာ အာရုံစိုက်ခဲ့ပြီး နယ်လှည့်စည်းရုံးရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါတယ်။  ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရပါက ဖွဲ့စည်းပုံပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင် ပေးပါမယ်ဆိုပြီး ကတိတွေပေးကာ မဲဆွယ်ခဲ့ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားကို ယုံကြည်ခဲ့သည့် ပြည်သူများရဲ့ မဲထည့်မှုကြောင့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲအပြတ်အသက်နိုင်ခဲ့ပေမယ့် ယနေ့အထိ ကတိပေးထားတဲ့ သုံးခုလုံးကို မလုပ်နိုင်ခဲ့ပါဘူး။ ဒါ့အပြင်  လွှတ်တော်ရောက်စဉ် စာသားပြင်မပေးလျှင် ကျမ်းမကျိန်ဟု ဆန္ဒပြခဲ့သော်လည်း နောက်ပိုင်းတွင် မူဝါဒ ထပ်မံပြောင်းလဲကာ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်” ဟု ကျမ်းကျိန်ခဲ့ရပြန်ပါတယ်။

ယခင်က ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လွတ်လပ်လပ် နိုင်ငံရေးလုပ်ခွင့်ပေးလိုက်ပါ၊ နတ်ရေကန်ထဲ ပစ်ချလိုက်သလို နိုင်ငံတိုးတက်ပြောင်းလဲသွားမယ်ဆိုသူများ တဖြည်းဖြည်းအသံတိုးသွားပါတယ်။ လွှတ်တော် အမတ်ဖြစ်လာရုံသာမက တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဋ္ဌဖြစ်ပြီးချိန်အထိ တရားဥပဒေစိုးမိုးအောင် ဘာမှအကြံမပေးနိုင်ခဲ့ပါဘူး။ ဒါ့အပြင် ပြည့်တန်ဆာဥပဒေ၊ ကျောင်းဆရာများကို အခေါ်အဝေါ်ပြောင်းခိုင်းတဲ့ ဆွေးနွေးမှု၊ ခေါင်းပေါင်းချွတ်ခွင့်တင်သွင်းမှု စတဲ့ လွတ်တော်ထဲက ရေးမပါတဲ့ ဆွေးနွေးမှုတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အတွက် လက်ခုပ်သံတွေ ဆိတ်သုဉ်းသွားခဲ့ရပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်း စုကြည်အပါအဝင် NLD အမတ်များ လွှတ်တော်ထဲမှာ အိပ်ငိုက်ခဲ့တဲ့ပုံများ ထွက်လာခြင်းကြောင့် ပြည်သူ့ဘဏ္ဍာ တစ်လ ၁၀ သိန်းစားပြီး အိပ်ငိုက်တယ်ဆိုပြီး ဝေဖန်ခံခဲ့ရပြန်ပါတယ်။ အဆိုးဆုံးကတော့ ပြည်ထောင်စု လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၃၄)ရက်မြောက် အစည်းအဝေးမှာ နည်းဥပဒေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အရေးကြီးအဆိုတစ်ခု တင်သွင်းခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်း စုကြည် ဥပမာပေးခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ နည်းဥပဒေက ထွက်ပြီးခဲ့တာလနဲ့ချီကြာခဲ့ပြီ ဖြစ်ကြောင်း ဒေါက်တာကံဇော်က ပြန်လည်ဖြေရှင်းခဲ့တာကြောင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်ပေါင်း ၆၀၀ ကျော်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် အရှက်ဗြန်းဗြန်းကွဲခဲ့ရပါတယ်။ ဆက်လက်ဖော်ပြပါမည်။

ဒေါက်တာမျိုးချစ်(Soe Myint ဖေ့ဘုတ်)

No comments: