Saturday, October 31, 2015

မဲရုံတိုင်းတွင် “ ဖုန်းမပြောရ၊ ဓါတ်ပုံမရိုက်ရ ” စသည့် အမှတ်အသားပါတားမြစ်ချက်များ ရေးကပ်ထားမည်

မဲရုံတိုင်းတွင် “ ဖုန်းမပြောရ၊ ဓါတ်ပုံမရိုက်ရ ” စသည့် အမှတ်အသားပါတားမြစ်ချက်များ ရေးကပ်ထားမည်
Friday, October 30, 2015

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် မဲရုံတိုင်း၌ “ ဖုန်းမပြောရ၊ ဓါတ်ပုံမရိုက်ရ ” စသည့် အမှတ်အသားပါ တားမြစ်ဆိုင်ဘုတ်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာတို့ဖြင့် ရေးကပ်ထားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရှိရသည်။

“ မဲရုံတိုင်းမှာ ဖုန်းမပြောရ၊ ဓါတ်ပုံမရိုက်ရဆိုတဲ့ တားမြစ်ချက်တွေကို အင်္ဂလိပ်လို၊ မြန်မာလို ရေးကပ်ထားပါမယ်။ အဲဆန္ဒရှင်ပြည်သူတွေသာ မဟုတ်ပါဘူး၊ မဲရုံဝန်ထမ်းတွေကော၊ မဲရုံအတွင်းဝင်ပြီး စောင့်ကြည့်လေ့လာကြမယ်သူတွေကော ဖုန်းပြောခွင့် မရှိပါဘူး ”ဟု ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ ပြောကြားခဲ့သည်။

သတင်းမီဒီယာများအနေဖြင့် ရွေးကောက်ပွဲသတင်းယူရန်အတွက် မြို့နယ်တစ်မြို့နယ်တွင် မီဒီယာအဖွဲ့တစ်ဖွဲ့လျှင် သုံးဦးခွင့်ပြုပေးထားပြီး လုံခြုံရေးကတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ လျှို့ဝှက်ဆန္ဒပြုခြင်းကို အနှောက်အယှက်မဖြစ်အောင် သတင်းရယူခွင့်ပြုမည်ဖြစ်ပြီး မဲရုံအတွင်း၌ ဓါတ်ပုံရိုက်ခွင့်ပြုမည်မဟုတ်ကြောင်းကိုလည်း သိရှိရသည်။

နိုင်ငံခြားသားစောင့်ကြည့်လေ့လာရေးအဖွဲ့များကိုလည်း ရွေးကောက်ပွဲကော်မရှင်က International Observer ဟူ၍ ကတ်ပြားများ ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရှိရသည်။
“ နိုင်ငံခြားသား စောင့်ကြည့်လေ့လာရေးအဖွဲ့တွေမှာ Long Term Observer နဲ့ Short Term Observer ဆိုပြီး ရှိပါတယ်၊ သူတို့က ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ရပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကနေပြီး International Observer ဆိုတဲ့ကတ်တွေ ထုတ်ပေးထားပါတယ်။ သူတို့ လွတ်လွတ်လပ်လပ်သွားချင်တဲ့နေရာကို လုံခြုံရေးကော်မတီအဖွဲ့တွေ၊ သက်ဆိုင်ရာဒေသအာဏာပိုင်တွေနဲ့ ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်ပေးပါတယ် ” ဟု ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အထွေထွေရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြည်တွင်းရှိ သတင်းမီဒီယာများ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများသာမက ပြည်ပမှ နိုင်ငံတကာစောင့်ကြည့်လေ့လာရေးအဖွဲ့များကလည်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မြောက်အောင်မြင်ရေးအတွက် လေ့လာသွားကြမည်ဖြစ်ကြောင်း သိရှိရသည်။

မေနိုရာခင်
(ကမ္ဘောဇတိုင်း၊ အတွဲ ၁၊ အမှတ် ၃၁)
Kanbawza Tai News Journal

No comments: