Monday, October 26, 2015

ဒေါ်စုပြောတာနားယောင်ပြီး ကျောင်းမတက်ဘဲ မနေပါနဲ့

ဒေါ်စုပြောတာနားယောင်ပြီး ကျောင်းမတက်ဘဲ မနေပါနဲ့
***************************************
မြန်မာပြည်ရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး လက်လွတ်စပယ် ကောက်ချက်ချသံတွေ ကြားတိုင်း စိတ်ပျက်စွာ နားထောင်မိတယ်။ မြန်မာပြည်က ဘွဲ့ တွေကို သုံးစားမရလောက်အောင် ပြောနေတဲ့သူတွေက နိုင်ငံခြားမှာ တကယ်ရော ပညာရေးကို သင်ကြားခဲ့တာ ဟုတ်ရဲ့လား။ ဒါမှ မဟုတ် ကိုယ်ကိုယ်တိုင်က မသိတာလား လို့ တွေးမိတယ်။
အမေရိကားမှာ အင်ဂျင်နီယာကျောင်းကို စတက်တော့၊ မြန်မာပြည်မှာ သင်ကြားခဲ့တဲ့ ဘာသာရပ်တွေကို ပြန်ပြီး၊ credit transfer လုပ်တဲ့အခါ၊ ကမ္ဘာ့အဆင့်အတန်းမှီ သတ်မှတ်ထားတဲ့ အေဂျင်စီတွေဆီမှာ လုပ်ရပါတယ်။ ဒေါ်လာ (၂၀၀) ဝန်းကျင်ပေးရတာပေါ့။ ကျနော်တို့ သင်ကြားခဲ့တဲ့ ဘာသာရပ်တွေဆို အားလုံးနီးပါး ခရက်တစ် ပြန်ရတာပဲ။ ဒါကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်မှာ သင်ကြားခဲ့ရတဲ့ ဘာသာရပ်တွေက ကမ္ဘာ့ အဆင့်အတန်းမှီနေသေးလို့ ပေါ့။ မဟုတ်ဘူးလား။
မြန်မာပညာရေးကို ရစရာမရှိလောက်အောင် ပြောနေတဲ့သူတွေကို ကြည့်လိုက်ရင်၊
သူတို့ ဘဝမှာ Science ဘာသာရပ်တွေတောင် ကောင်းကောင်းသင်ကြားခဲ့ပုံမရပါဘူး။ တချို့ က
နိုင်ငံခြားတက္ကသိုလ်တွေမှာ တက်ခဲ့တယ် ဆိုလို့ သိပ်ပြီးတော့ အထင်ကြီးမနေပါနဲ့။
သူတို့ သင်ကြားခဲ့တဲ့ ဒီဂရီတွေ ကို ကြည့်ကြည့်ပါ။
လွယ်လွယ်ကူကူ အောင်နိုင်တဲ့ ရိုးရိုးဘွဲ့ တွေပဲ ဖြစ်တယ်။
ပညာရေးကို ထူးချွန်လွန်းလို့ အဲ့ဒီ ဘာသာရပ်တွေကို ထိပ်ဆုံးထိ ရောက်ခဲ့တယ် ဆို ထားလိုက်ပါအုံး။ အသိုင်းအဝိုင်းဒီလောက်ကောင်းခဲ့တာတောင်၊ နိုင်ငံခြားတက္ကသိုလ်တွေမှာ ထိပ်ဆုံးထိ ရောက်အောင် မသင်ခဲ့သူတွေ။
အဓိက ပြဿနာက ဘွဲ့ ရပြီး အလုပ်မပေးနိုင်တဲ့ ပြဿနာ၊
သင်ကြားခဲ့ရတဲ့ ဘာသာရပ်တွေက အဆင့်အတန်းနှိမ့်လွန်းတဲ့ ပြဿနာ မဟုတ်ဘူး။
ဒါကလည်း (၂) ပိုင်း ခွဲပြောရမယ်။
တိုးတက်တယ် ဆိုတဲ့ အနောက်တိုင်း နိုင်ငံတွေမှာလည်း ဆေးပညာ၊ အင်ဂျင်နီယာ နဲ့ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေက ဘွဲ့ ရတဲ့သူမဟုတ်ပဲ၊ ဘီအေ ဘွဲ့ တွေဖြစ်တဲ့ သမိုင်း၊ နိုင်ငံရေးသိပ္ဗံ၊ မြန်မာစာ၊ အင်္ဂလိပ်စာ လို ဘာသာရပ်တွေ နဲ့ ဘွဲ့ ရလို့ ကတော့ သာမန်လူတွေလိုပဲ အလုပ်လုပ်ရတာပါ။ ဘွဲ့ လွန်ဒီဂရီ တခုခုလောက် ဆက်တိုက်နိုင်မှ အလုပ်လုပ်ရတာ အဆင်ပြေမယ်။ တိုးတက်တဲ့ နိုင်ငံတွေ ဆိုတော့ ပြိုင်ဆိုင်မှု ပိုများတယ် မဟုတ်လား။
ဒီမှာက လူတိုင်းအတွက် ရှင်သန်လို့ ရမယ့် အလုပ်အကိုင်တွေကို ဖန်တီးပေးထားတဲ့ နိုင်ငံရေးစံနစ်ရှိတယ်။ ခေါင်းဆောင်တွေက အမြင်ကျယ်တယ်။ လူထုမကျေနပ်မှုတွေကို အုံကြွမှု ဖြစ်အောင် ဘယ်တော့မှ အဖြစ်မခံဘူး။ ကောလိပ်ပညာသင်သင်၊ မသင်သင်၊ အောက်ခြေလူတန်းစားလည်း အောက်ခြေလူတန်းစား အလျှောက် ရှင်သန်လို့ ရမယ့် အလုပ်အကိုင်တွေ ရှိတယ်။ တချို့ အမေရိကန်တွေ ဆို၊ စာတောင် မရေးတတ်ဘူး။ ဒါပေမယ့် ကိတ်မုန့် ဖုတ်တဲ့အလုပ်တွေမှာ ဝင်လုပ်ကိုင်၊ အိမ်ဝယ်နိုင်ကြတဲ့ အဆင့် ရှိနေတာပဲ။
နောက်တပိုင်းက တကယ်လို့ မြန်မာပြည်က ဘွဲ့တွေသာ သုံးစားလို့ မရဘူးဆိုရင်၊
ထိုင်းနိုင်ငံ Asia Institute of Technology အပါအဝင်၊ နိုင်ငံတကာ တက္ကသိုလ်တွေမှာ ဘာကြောင့် ဘွဲ့ လွန်ဆက်တက်ခွင့် ရနေရတာလဲ။ အဖြေက ရှင်းပါတယ်။ မြန်မာပြည်က ဘွဲ့ တွေက သုံးစား လို့ ရလို့ပေါ့။
ပညာရေးစံနစ် မှာ ချို့ ယွင်းချက်တွေ ရှိပါတယ်။ ပညာရေးစံနစ် ချို့ ယွင်းမှု ဆိုတာကလည်း နိုင်ငံရေးမတည်ငြိမ်မှုတွေ ၊ စီးပွာရေး အကြပ်အတည်းတွေ နဲ့ ဆိုင်ပါတယ်။
လူငယ်တွေကို အဓိက ပြောချင်တာကတော့ နိုင်ငံရေးတွေ ဘယ်လိုပဲ မတည်ငြိမ်ငြိမ်၊
ပညာရေးကို အာရုံစိုက်လုပ်ပါ။ တနေနေရာမှာတော့ အသုံးကျလာမယ် ဆိုတာ ယုံပါ။
ကျနော်ကတော့ မူလတန်းကျောင်းမှ သင်ကြားခဲ့တဲ့ ဆရာ၊မတွေက အစ၊
အထက်တန်းကျောင်းအလယ်၊ RIT မှာ သင်ကြားခဲ့တဲ့ ဆရာ၊မတွေ အဆုံး၊
ကျေးဇူးတင်နေတုံးပဲ။ သူတို့ သင်ပေးခဲ့လို့ ပဲ၊ အမေရိကန်ပြည်ထောင်စုမှာ ဘွဲ့ လွန် တက္ကသိုလ်တွေကို လွယ်လွယ်ကူကူ ဖတ်နိုင်နေလို့ ပါပဲ။
ထပ်ပြောပါအုံးမယ်။
ဘယ်လိုအခြေအနေတွေမှာပဲ ဖြစ်ဖြစ်၊ ဘွဲ့ တခုတော့ ရအောင်ယူထားပါ။
တချိန်ချိန်မှာ အသုံးကျပါလိမ့်မယ်။

Credit: Aung Moe Win

No comments: