Sunday, September 27, 2015

ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်း၏ မဲဆွယ်စာသားတွင် ခမောက်စကားလုံး အသုံးပြုမှုကို NDF ပါတီ ကော်မရှင်ထံ တိုင်ကြားမည်

ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်း၏ မဲဆွယ်စာသားတွင် ခမောက်စကားလုံး အသုံးပြုမှုကို NDF ပါတီ ကော်မရှင်ထံ တိုင်ကြားမည်
-----------------------------------

ရန်ကုန်၊ စက်တင်ဘာ ၂၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးလှ၏ အောင်နိုင်ရေး မဲဆွယ်စာသားတွင် ခမောက်ဆိုသော စကားလုံး အသုံးပြုခြင်းကြောင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးထံ တိုင်ကြားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅) တွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးဝင်းသိန်းဟန်က ပြောကြားသည်။

စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးလှသည် “ပြည်သူ့ဝမ်းကို ဝအောင်ကျွေးမယ့် ခမောက်ဆောင်းထားသော ခြင်္သေ့အသည်း” ဟူသော စာသားပါ ကီးချိန်းများကို ဗဟန်းမြို့နယ်အတွင်း ဖြန့်ဝေခဲ့ခြင်းနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

NDF ပါတီသည် ပါတီတံဆိပ်အဖြစ် ခမောက်ပုံကို အသုံးပြုသည့်အပြင် မဲဆွယ်စာသားများတွင်လည်း ခမောက်စကားလုံးကို ထည့်သွင်းထားခြင်းကြောင့် ယင်းသို့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းက ခမောက်စာသားကို အသုံးပြုနေခြင်းသည် ပြည်သူလူထု အထင်အမြင်လွဲမှားမှုကို ဖြစ်စေနိုင်ကြောင်း ဦးဝင်းသိန်းဟန်က ဆိုသည်။

“ကျွန်တော်တို့ကို ပြည်သူတွေက အထင်အမြင် လွဲမှားသွားနိုင်ပါတယ်၊ ဒါကြောင့် အဲဒီကိစ္စကို သက်ဆိုင်တဲ့သူက ဖြေရှင်းပေးဖို့ မနက်ဖြန်မှာ ကော်မရှင်ကို တိုင်ကြားမှာပါ။ နောက်ဆုံးအဆင့် ညှိနှိုင်းလို့ မရဘူးဆိုရင် တရားစွဲဆိုသွားဖို့အထိ ပြင်ဆင်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းကိစ္စရပ်နှင့် ပတ်သက်ပြီး ဒေါ်ခင်မျိုးလှထံ ဆက်သွယ်သော်လည်း မရရှိခဲ့ပေ။

သို့သော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာရဲအောင်က “ခမောက်ဆိုတာ တစ်နိုင်ငံလုံး မပိုင်ဘူးလား၊ ကျွန်တော်လည်း ခမောက်ဆောင်းလို့ ရသလို ခင်ဗျားလည်း ခမောက်ဆောင်းလို့ ရတာပဲလေ။ ဒါက လူတိုင်းလူတိုင်းရဲ့ လွတ်လပ်ခွင့်ပဲလေ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဗဟန်းမဲဆန္ဒနယ် အမှတ် (၁) တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် အမျိုးသားဒီမိုကရေစီပါတီသစ် ပါတီတို့မှ ကိုယ်စားလှယ်လောင်းငါးဦး ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: