Sunday, September 27, 2015

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌရာထူး MNL ထိပ်သီးအသင်းပိုင်ရှင် နှစ်ဦး တာဝန်ယူမည်

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌရာထူး MNL ထိပ်သီးအသင်းပိုင်ရှင် နှစ်ဦး တာဝန်ယူမည်
Sunday, September 27, 2015

ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် စက်တင်ဘာလ ၂၆ ရက်နေ့က ကျင်းပခဲ့သော မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ညီလာခံတွင် ဥက္ကဋ္ဌရာထူး အပြောင်းအလဲ မရှိခဲ့သော်လည်း ဒုတိယဥက္ကဋ္ဌ ရာထူးများကို မြန်မာနေရှင်နယ်လိဂ် MNL ထိပ်သီးအသင်းပိုင်ရှင် နှစ်ဦးကို ခန့်အပ်ခဲ့ကြောင်း ယင်းအဖွဲ့ချုပ်ထံမှ သိရသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရွေးကောက်ပွဲတွင် လက်ရှိဥက္ကဋ္ဌ ဦးဇော်ဇော် တစ်ယောက်သာ ယှဉ်ပြိုင်ရန် စာရင်းပေးခဲ့သောကြောင့် လာမည့်လေးနှစ်တာ သက်တမ်းအတွက် ဦးဇော်ဇော်ကပင် အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ထပ်မံတာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖွဲ့ချုပ်က ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ရာထူးနှစ်နေရာကို ရွေးချယ်ရာတွင် ရတနာပုံယူနိုက်တက် အသင်းပိုင်ရှင် ဒေါက်တာဆိုင်းဆမ်ထွန်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းပိုင်ရှင် ဦးပြည့်ဖြိုးတေဇတို့က ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရန် လျှောက်ထားခဲ့ကြပြီး ပြိုင်ဘက်မရှိသောကြောင့် ၎င်းတို့နှစ်ဦးကို ညီလာခံသို့ တက်ရောက်ခဲ့သော ကိုယ်စားလှယ်များက ကန့်ကွက်သူမရှိဘဲ တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌဟောင်းမှာ အထွေထွေအတွင်းရေးမှူးဖြစ်သူ တာဝန်ယူထားသူ ဦးတင်အောင် ဖြစ်သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က လေးနှစ်တာ သက်တမ်းကာလအတွင်း နိုင်ငံတစ်ဝှမ်းလုံ၌ ဘောလုံးပြိုင်ပွဲများ ကျင်းပနိုင်ရေး၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်ကျောင်းများတွင် ဘောလုံးကစားနိုင်ရေးတို့ကို ဦးစားပေး လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
ဒုတိယဥက္ကဋ္ဌ နှစ်ဦးမှာမူ ဘောလုံးအဖွဲ့ချုပ်၏ ဘဏ္ဍာငွေ ရှာဖွေခြင်းနှင့် လက်ရွေးစင်အသင်းများ တိုးတက်ရေးကို အလေးထား ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့ကြသည်။
ပထမဆုံးအကြိမ် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ညီလာခံတွင် အလုပ်အမှုဆောင်များကို ရွေးချယ်ခဲ့ရာ အထက်မြန်မာပြည်အတွက် ဦးစိန်းဝင်းကြီး (မန္တလေး)၊ ဦးခင်မောင်သန်း (ရှမ်း)၊ အောက်မြန်မာပြည်အတွက် ဦကျော်မင်းအောင် (မွန်)၊ ဦးကျော်ဝင်းကြီး (ပဲခူး)၊ ဒိုင်လူကြီးကော်မတီမှ ဦးဝင်းချို၊ ကစားသမားများ ကော်မတီအတွက် ဦးရဲညွှန့်၊ နည်းပြကော်မတီအတွက် ဦးဉာဏ်ဝင်း၊ အမျိုးသမီးဘောလုံး ကော်မတီအတွက် ဒေါ်မြတ်မြတ်ဦး၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီအတွက် ဦးကြည်မင်းသိန်း၊ ကမ္ဘောဇအသင်းမှ ဦးမိုးဆန်းအောင်၊ ဧရာဝတီယူနိုက်တက်အသင်းမှ ဦးမင်းလှိုင်၊ ဇွဲကပင်ယူနိုက်တက်အသင်းမှ ဦးလှဌေး၊ အားကစား ဝန်ကြီးဌာနမှ ဦးကျော်ဆန်း၊ ပညာရေး ဝန်ကြီးဌာနမှ ဦးမျိုးသိန်း၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ဦးအေးကိုကိုတို့ ရွေးချယ်ခံခဲ့ရကြောင်း အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။

The Voice Weekly



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: