Sunday, September 27, 2015

ကျေးရွာအတွင်း ဖြတ်သန်းသွားလာသည့် ယာဉ်များအား KIA အဖွဲ့မှ ဆက်ကြေးငွေ ကောက်ခံ

ကျေးရွာအတွင်း ဖြတ်သန်းသွားလာသည့် ယာဉ်များအား KIA အဖွဲ့မှ ဆက်ကြေးငွေ ကောက်ခံ

စက်တင်ဘာလ ၂၆ ရက်၊ ၂၀၁၅

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ သိန်းဆက်ကျေးရွာအတွင်း ဖြတ်သန်းသွားလာသည့် ယာဉ်များအား KIA အဖွဲ့မှ ဆက်ကြေးငွေများ ကောက်ခံလျက်ရှိကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

မိုးညှင်းမြို့နယ်၊ သိန်းဆက်ကျေးရွာသို့ စက်တင်ဘာလ ၂၁ ရက်နေ့တွင် KIA အဖွဲ့ တစ်ဖွဲ့ရောက်ရှိလာပြီး ယင်းကျေးရွာအတွင်း ဖြတ်သန်းသွားလာသည့် ယာဉ်များအား ဆက်ကြေးငွေအဖြစ်  ပါကျဲရိုး ၁ စီးလျှင် ၁၀၀၀၀ ကျပ်၊ ဆီပေပါတင်ယာဉ် ၁ စီးလျှင် ၂ သိန်းကျပ်၊ သစ်တင်ယာဉ် ၁ စီးလျှင် ၂ သိန်းကျပ်နှင့် ဈေးပစ္စည်း တင်ယာဉ် ၁ စီးလျှင် ၃၀၀၀၀ ကျပ် ကောက်ခံသွားကြောင်း ယာဉ်ပိုင်ရှင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ KIA အဖွဲ့က ရွာကိုဖြတ်သွားတဲ့ ယာဉ်ပိုင်ရှင်တွေဆီက ဆက်ကြေးငွေတွေ လာကောက်သွားတယ်၊ တောင်းတဲ့ငွေကလည်း များလိုက်တာဗျာ၊ အရင်က လိုင်းဆွဲတဲ့ယာဉ်တွေကိုပဲ ကောက်တာ၊ အခုလို ဆက်ကြေးကောက်နေတော့ စိတ်ညစ်ရတာပေါ့၊ တိုက်ပွဲတွေဖြစ်နေတော့ ခရီးသည်တွေ သိပ်မရဘူး၊ ဆက်ကြေးငွေတွေကို မကြာခဏကောက်ခံနေတော့ တချို့ယာဉ်ပိုင်ရှင်တွေလည်း ယာဉ်လိုင်းတွေကို ပိတ်သိမ်းဖို့ စဉ်းစားနေကြပြီ၊ ဆက်ကြေးကောက်တာပဲဖြစ်ဖြစ်လူသစ်စုတာပဲဖြစ်ဖြစ် နောက်ဆုံး နစ်နာသူ တွေက ကျွန်တော်တို့ ဒေသခံတွေပဲ ဖြစ်ပါတယ်’’ဟု မိုးညှင်းမြို့ခံ ယာဉ်ပိုင်ရှင် တစ်ဦးမှ ပြောပါသည်။

KIA အဖွဲ့သည် ခရီးသည်တင်ယာဉ်များကိုသာမက ကိုယ်ပိုင်ယာဉ်များကိုပါ ဆက်ကြေးငွေများ ကောက်ခံ နေခြင်းကြောင့်  ယာဉ်လိုင်းများ ပြေးဆွဲခြင်း ရပ်တန့်သွားပါက ဒေသခံပြည်သူများအနေဖြင့် လမ်းပန်း ဆက်သွယ်ရေးအတွက်  ဒုက္ခရောက်မည်ကို စိုးရိမ်နေကြရကြောင်း သိရှိရသည်။

ဘရန်ဆိုင်း



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: