Monday, September 28, 2015

ကျောင်းဆရာသည် နိုင်ငံရေးသမားဖြစ်သည်

ကျောင်းဆရာသည် နိုင်ငံရေးသမားဖြစ်သည်
==============================

ပညာရေးသည် နိုင်ငံရေး ဖြစ်သည်
*******************************
လွန်ခဲ့သော နှစ်ပေါင်း (၆၄)နှစ်ခန့်က ရန်ကုန်မြို့၊ ကန်တော်ကလေး မြူနီစပယ်ကျောင်းမှာ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းဆရာများ ညီလာခံကြီးတစ်ခုကို ၁၉၄၆ခု၊ ဧပြီလ ၂၉ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒီညီလာခံကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ရောက်ကာ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

“၀န်ကြီးများနှင့်တွေ့ပြီး စကားနှင့် ပြောလိုက်သည့် ကတိများကို ဘယ်အခါမျှ မယုံကြည်ကြ စေလိုကြောင်း၊ ပညာရေးသည် နိုင်ငံရေး ဖြစ်သဖြင့် နိုင်ငံလွတ်လပ်မှ ပညာရေးလွတ်လပ်မည် ဖြစ်သဖြင့် နိုင်ငံရေးလွတ်လပ်အောင် ကြံဆောင်ကြရန် တိုက်တွန်း လိုက်ပါကြောင်း…” လို့ ၁၉၄၆ခု၊ ဧပြီလ ၃၀ရက်နေ့ထုတ် လွတ်လပ်ရေး သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။

ပညာမြင့်မှ တိုင်းပြည်တင့်
************************
ဗိုလ်ချုပ်အောင်ဆန်းရဲ့ “ပညာရေးသည် နိုင်ငံရေးဖြစ်သည်” ဆိုတဲ့ စကားရပ်ဟာ အလွန် အမြော်အမြင်ကြီးစွာ ပြောကြား ခဲ့ခြင်းပင် ဖြစ်ပါတယ်။ နိုင်ငံသားများ၏ နိစ္စဓူဝ စား၊ ၀တ်၊ နေရေးမှအစ အရာခပ်သိမ်းသော အရေးများကို နိုင်ငံသားများအရေး (သို့) နိုင်ငံရေးဟု ဆိုရပါမယ်။

ထိုနိုင်ငံသားများ၏ အရေးများထဲတွင် ပညာရေးသည် အဓိကကဏ္ဍမှ ပါဝင်နေပါတယ်။ နိုင်ငံသားများရဲ့ ပညာမြင့်မှ ထိုတိုင်းပြည် ကမ္ဘာ့အလယ် တင့်တယ်မှာ ဖြစ်ပါတယ်။

ယနေ့ခေတ်ကမ္ဘာကြီးသည် တစ်ခေတ်တစ်ခါကလို သယံဇာတပေါကြွယ်ဝမှု တစ်ခုတည်းဖြင့် ချမ်းသားသော(၀ါ) လူနေမှု အဆင့်မြင့်မားသောနိုင်ငံအဖြစ်ကို မရောက်ရှိနိုင်တော့ အသေအချာပင် ဖြစ်ပါတယ်။

ငွေကြေးဥစ္စာဓန ပေါကြွယ်ဝရုံမျှဖြင့်လည်း ချမ်းသာသောနိုင်ငံလို့ မဆိုနိုင်တော့ပါ။

နိုင်ငံသူ၊ နိုင်ငံသားများရဲ့ နိုင်ငံသားအခွင့်အရေး (တစ်နည်း) လူ့အခွင့်အရေးနှင့်တကွ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၊ ငြိမ်းချမ်းစွာဖြင့် လူ့ဘ၀ကို ဖြစ်သန်းနေထိုင်နိုင်ဖို့ရန်မှာ အလွန်ပင် အရေးကြီးလှပါတယ်။

ဒီအရေးမှာ လူတစ်ဦးချင်း တစ်ယောက်ချင်း မှသည် နိုင်ငံသားအားလုံးရဲ့ ပညာရည်ပြည့်ဝမှုဟာ အလွန်ပင် အရေးကြီးလှပါတယ်။ နိုင်ငံရဲ့ သာယာဝပြော တည်ငြိမ်အေးချမ်းမှုဟာ နိုင်ငံသားများ၏ ပညာရေးနှင့် တိုက်ရိုက် အချိုးကျလျှက် ရှိပါတယ်။

ယနေ့ ကမ္ဘာမှာ အရာရာကို ပညာကသာ ဦးဆောင်သွားနေတာ ဖြစ်ပါတယ်။ ပညာရေးနိမ့်ကျတဲ့ နိုင်ငံများဟာ ကမ္ဘာ့အလယ် ရှက်စဖွယ်ဖြင့် မျက်နှာ အလွန်ငယ်ကြရပါတယ်။ ဒါကြောင့် ပညာရေးကို အကောင်အထည် ဖော်ကြရမယ့် ကျောင်းဆရာများရဲ့ တာဝန်ဟာ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ အလွန်ပင် အရေးကြီးတယ်လို့ ဆိုနိုင်ပါတယ်။

သခင်မင်းသားဆီသို့
*******************
မြန်မာ့ပညာရေးသည် ရှေးမြန်မာဘုရင်များ လက်ထက်က ဘုန်းတော်ကြီးသင် ပညာရေးဖြင့် တည်ရှိခဲ့ပြီး ဗြိတိသျှကိုလိုနီ လက်ထက်တွင် ကျောင်းသင် ပညာရေးပုံစံ ပြောင်းလဲလာခဲ့ပါတယ်။

ထိုအချိန်မှ အစပြုကာ ခေတ်သစ် ပညာရေးပုံစံမှာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်ပညာရေးပုံစံ ဖြစ်ပေါ်ပြောင်းလဲလာခဲ့ပါတယ်။

ကိုလိုနီ ခေတ်ပညာရေးကို ကျွန်ပညာရေးဟုလည်း သတ်မုတ်ခံခဲ့ရပါတယ်။ အကြောင်းမှာ ကိုလိုနီခေတ် ပညာရေးသည် ရုံးလုပ်ငန်များ၌ မင်းစေ၊ ၀န်ထမ်းအဖြစ်ဖြင့် အသုံးတည့်ရုံသာ သင်ကြားပေးခဲ့လို့ပဲ ဖြစ်ပါတယ်။

၎င်းကျွန်ပညာရေးစနစ်ကို ၁၉၂၀ တက္ကသိုလ်ကျောင်းသားများ သပိတ်ဆင်နွှဲခြင်းဖြင့် သခင်ပညာရေးစနစ် ပေါ်ပေါက်နိုင်ရန် စတင် ကြိုးပမ်းခဲ့ကြပါတယ်။ ဒီ လှုပ်ရှားမှု ကြောင့် “ကျွန်နင်းပြားစိတ်မှ သခင်မင်းသားစိတ်သို့ ပြန်လည်လာမှု” ဟု အမျိုးသားပညာဝန် ဦးဖိုးကျားက ပြောခဲ့ပါတယ်။

သမိုင်းပေးတာဝန်
*****************
၁၉၂၀ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေသစ်ကို ပြည်သူ့အလိုနှင့် ဆန့်ကျင်ကာ ဗြိတိသျှ မြန်မာအစိုးရက အတင်းအတည်ပြုခဲ့ပါတယ်။

၎င်းအက်ဥပဒေသစ်ပါ အချက် (၁၀)ချက်မှာ တက္ကသိုလ် ပညာသင်ကြားရာတွင် မြန်မာတိုင်းရင်းသား အများစု ပညာသင်ကြားခွင့် မရနိုင်စေရန် ချုပ်ချယ်ထားတဲ့ အချက်များပင် ဖြစ်ပါတယ်။ ထိုအချက်များကို ဥပဒေ မပြဋ္ဌာန်းမီကပင် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပေမယ့် မအောင်မမြင် ဖြစ်ခဲ့ကြပါတယ်။

ဒီအခါမှာ ကျောင်းသားများကိုယ်တိုင် ဆောင်ရွက်မှသာ အထမြောက် အောင်မြင်မယ်လို့ နားလည် ယုံကြည်ခဲ့ကြကာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို တိုက်ဖျက်ရန် သမိုင်းပေးတာဝန်မှာ ကောလိပ်ကျောင်းသားများအပေါ် ကျရောက်လာခဲ့ပါတယ်။

ဒီ ၁၉၂၀ ကျောင်းသားသပိတ်ကြောင့်ပင် မြန်မာတို့ရဲ့ အမျိုးသားရေးစိတ်ဓာတ် နိုးကြားမှုဟာ နှစ်သုံးဆယ်စာလောက် ခုန်ကျော်တိုးတက်သွားတယ်လို့ အမျိုးသားပညာဝန် ဦးဖိုးကျားက ဆိုခဲ့ဖူးပါတယ်။

ဒါကြောင့် ကောလိပ်ကျောင်းသားများ ရန်ကုန် တက္ကသိုလ် အက်ဥပဒေကို သပိတ်မှောက်ခဲ့ကြတဲ့ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့ကို “အမျိုးသားနေ့အောင်ပွဲနေ့” အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

အမျိုးသားကျောင်းများ
*********************
၁၉၂၀ ကျောင်းသားသပိတ်ကို အကြောင်းပြုကာ အမျိုးသားကျောင်းများနှင့် အမျိုးသားကောလိပ် ပေါ်ပေါက်ခဲ့ပါတယ်။ ဒီ အမျိုးသားကောလိပ်နှင့် ကျောင်းများ ပေါ်ပေါက်လာခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အမျိုးသား ပညာရေးစနစ်သည် ကျောင်းသားများ၏ ပင်ကိုဥာဏ်ရည်ကို တိုးတက်ဖွံ့ဖြိုးစေရန်လည်းကောင်း၊ ကျောင်းနေပျော်၍ စာတော်လာစေရန်လည်းကောင်း၊ မြန်မာလူမျိုးတို့အား ကျွန်တွင်းမှ လွတ်ကင်းသော အခြေအနေသို့ ပို့ဆောင်ပေးရေးအတွက် လည်းကောင်း ဖြစ်ပါတယ်။

ထို အမျိုးသားကျောင်းများတွင် အမျိုးသားရေး စိတ်ဓာတ်ရှိသူ ပညာတတ်များက အမျိုးသားကျောင်းဆရာ ဘ၀ကို ခံယူကာ အမျိုးသားကျောင်းများတွင် စာသင်ကြား ပေးခဲ့ကြပါတယ်။

အမျိုးသား ကျောင်းဆရာများစွာ၊ အမျိုးသား ကျောင်းသားများစွာထဲမှ ထူးချွန် ထက်မြက်သူများဟာ နောင်တွင် ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်၊ လွတ်လပ်ရေး ခေါင်းဆောင်၊ ငြိမ်းချမ်းရေးခေါင်းဆောင်များ ဖြစ်လာကြပါတယ်။

ငြိမ်းချမ်းရေး ဗိသုကာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ အမျိုးသားပညာဝန် ဦးဖိုးကျား၊ တို့ဗမာ အစည်းအရုံး စတင် တည်ထောင်သူ သခင်ဘသောင်း၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၊ ၀န်ကြီးချုပ် ဦးနု၊ အာဇာနည် (၉)ဦးထဲမှ ဦးဘ၀င်း၊ ဒီးဒုတ်ဦးဘချို၊ သခင်မြနဲ့ ဦးရာဇတ်မှာ အမျိုးသားကျောင်းဆရာများပင် ဖြစ်ပါတယ်။

အခြားအခြားသော ကျောင်းဆရာ တစ်ဖြစ်လဲ နိုင်ငံရေးသမားကြီးပေါင်း များစွာပင် ရှိခဲ့ကြပါတယ်။
ထို နိုင်ငံအရေး၊ ကမ္ဘာ့အရေးများကို ဆောင်ရွက်ခဲ့သော ကျောင်းဆရာများအနက်မှ ကမ္ဘာ့ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သူ ဦးသန့်နှင့် အာဇာနည် ခေါင်းဆောင်ကြီးလေးဦးတို့ရဲ့ အကြောင်းကို အကျဉ်းမျှ တင်ပြလိုပါတယ်။

အမျိုးသား ကျောင်းဆရာဟောင်းများ
**********************************
ဆရာဦးသန့်ဟာ ပန်းတနော်မြို့ အမျိုးသားကျောင်းတွင် ကျောင်းဆရာလုပ်ခဲ့ပြီး အသက် (၂၅) နှစ်တွင် ကျောင်းအုပ်ကြီး တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဆင့်ဆင့်သော နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၁၉၆၁ခုနှစ် မှ ၁၉၇၁ခုနှစ်အထိ ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

ဆရာသခင်မြကတော့ ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယ ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ သပိတ်နောက် ပေါ်လာသော အမျိုးသား ပညာရေး ကောင်စီအဖွဲ့ဝင်တစ်ဦးအဖြစ် လည်းကောင်း၊ ကြည့်မြင်တိုင် အမျိုးသား အထက်တန်း ကျောင်းအုပ်အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သူဖြစ်ပြီး ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်တဲ့ ဖဆပလ ကြားဖြတ် အစိုးရဝန်ကြီးအဖွဲ့တွင် ပြည်ထဲရေး ဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဆရာ ဒီးဒုတ်ဦးဘချိုကတော့ ပေါင်းတည်နှင့် ဟင်္သာတမြို့များတွင် အစိုးရ ကျောင်းဆရာ အဖြစ် အမှုထမ်းခဲ့ပြီး ပညာအုပ်လည်း လုပ်ခဲ့ပါတယ်။ ဆရာဟာ အမျိုးသား ကျောင်းများ ဖွင့်လာတဲ့အခါမှာ အစိုးရဝန်ထမ်းမှ ထွက်ပြီး အမျိုးသား ကောလိပ်တွင် မြန်မာစာ ဆရာ ဝင်လုပ်ခဲ့သူ ဖြစ်ပါတယ်။

ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်တဲ့ ဖဆပလ ကြားဖြတ် အစိုးရ အဖွဲ့မှာတော့ ဆရာ ဒီးဒုတ် ဦးဘချိုက ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး တိုင်းပြုပြည်ပြု လွှတ်တော်တွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြတို့နှင့် အတူ အထူး အပင်ပန်း ခံ၍ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

ဆရာကြီး ဦးဘ၀င်းကတော့ ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်းပြ ဆရာအဖြစ် လည်းကောင်း၊ ဖြူးမြို့ အမျိုးသား အထက်တန်းကျောင်း ကျောင်းအုပ်ကြီး အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

ညီဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်တဲ့ ဖဆပလ ကြားဖြတ် အစိုးရ အဖွဲ့တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

ထို့အပြင် တိုင်းပြု ပြည်ပြု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ တွင်လည်း ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ဆရာကြီး ဦးရာဇတ်ကတော့ တက္ကသိုလ်တွင် ပညာသင်နေစဉ် ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် သပိတ်တွင် ပါဝင်ခဲ့သူဖြစ်ပါတယ်။

၁၉၂၁ ခုတွင် မန္တလေး ဗဟို အမျိုးသား အထက်တန်း ကျောင်းကြီးကို ဦးစီးဖွင့်လှစ်ခဲ့သူ ဖြစ်ပြီး ထိုကျောင်းမှာပင် အထက်တန်းပြ ဆရာ လုပ်ခဲ့ပါတယ်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟိုအမျိုးသား အထက်တန်းကျောင်းတွင် ကျောင်းအုပ်ဆရာကြီးအဖြစ် ထမ်းရွက် ခဲ့ပါတယ်။

စစ်အတွင်း ပိတ်ထားခဲ့ရတဲ့ အမျိုးသားကျောင်းကြီးကို ပြန်လည် ဖွင့်လှစ်တဲ့အခါမှာ ကျောင်းဆရာပြန်လုပ်ခဲ့သူ ဖြစ်ပါတယ်။ ဆရာကြီး ဦးရာဇတ်ဟာ ၁၉၄၇ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီဝင် တဦးလည်းဖြစ်သလို ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်တဲ့ ကြားဖြတ် အစိုးရ အဖွဲ့မှာလည်း ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ဝန်ကြီး ဖြစ်ပါတယ်။

ခေတ်က တောင်းဆိုခဲ့ရင်
***********************
အထက်တွင် တင်ပြခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင်၊ ကျောင်းဆရာကြီးများဟာ ခေတ်ရဲ့တောင်းဆိုချက်အရ တိုင်းပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ်ကို အရင်းတည်လျှက် ကျောင်းဆရာ ဘ၀မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ကြသူများ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကျောင်းဆရာများဟာ ကျောင်းသား/ ကျောင်းသူ လူငယ်များကို ပညာရည် ပြည့်ဝစွာဖြင့် သင်ကြားပေးရုံမျှသာမက မိမိတိုင်းပြည်ရဲ့ အရေးမှန်သမျှကိုလည်း စိတ်ဝင်တစားရှိနေရပါမယ်။

လိုအပ်လျှင် နိုင်ငံ့အရေးများကို ပညာတတ်များ၊ ပညာရှင်များပီပီ ရဲရင့်စွာ ထောက်ပြ ဝေဖန်ပြောဆိုခြင်းများ ပြုလုပ်ကြရပါမယ်။ စေတနာ၊ ၀ါသနာ၊ အနစ်နာအရင်းခံလျှက် တိုင်းပြည်နဲ့ လူမျိုးအတွက် (သို့) အမှန်တရားအတွက် တိုက်ဝင်ဝင်ဖို့ ကြုံလာပါရင်လည်း နောက်မတွန့်သူများ ဖြစ်သင့်ပါတယ်။

ယနေ့ခေတ် ကျောင်းဆရာများဟာ သမိုင်းထဲက နိုင်ငံ့ခေါင်းဆောင် ကျောင်းဆရာများကို လေးစား အားကျလျှက် တိုင်းပြည်နဲ့ လူမျိုးအကျိုး၊ နိုင်ငံ့အကျိုးများကို ၀င်ရောက်ထမ်းဆောင်မှသာ နိုင်ငံ့သားကောင်း ကျောင်းဆရာများ အဖြစ် နိုင်ငံသားတာဝန် ကျေပွန်မှာ ဖြစ်ပါတယ်။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “ပညာရေးသည် နိုင်ငံရေး ဖြစ်သည်” လို့ဆိုခဲ့ပါတယ်။ ဒါကြောင့် “ကျောင်းဆရာသည် နိုင်ငံရေးနှင့်ပတ်သက်သူ နိုင်ငံရေးသမားဖြစ်သည်” ဟု ဆိုချင်ပါတယ်။

************************************************
ဇော်မျိုးလှိုင်
မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများ အဖွဲ့ချုပ်
************************************************
၂၀၁၄ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၉ရက် အမျိးသားနေ့ အကြို 7Day Daily သတင်းစာပါ ဆောင်းပါးဟောင်း



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments: