Sunday, September 27, 2015

ကချင်ပြည်နယ်က အမျိုးစောင့်ဥပဒေအောင်ပွဲ ပရိသတ် နှစ်သောင်းကျော်တက်ရောက်

ကချင်ပြည်နယ်က အမျိုးစောင့်ဥပဒေအောင်ပွဲ ပရိသတ် နှစ်သောင်းကျော်တက်ရောက်
27.9.2015

မြန်ပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်က အမျိုးစောင့်ဥပဒေ အောင်ပွဲကို မြစ်ကြီးနားမြို့၊ ယုဇနရပ်၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းမှာ (26.9.2015) နေ့လည် (၁၂း၀၀)နာရီခန့်အချိန်တွင် ကျင်းပခဲ့ရာ မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ ၀ိုင်းမော်၊ဟိုပင်၊ ဖားကန့်၊ အင်းတော်ကြီးစသည့် မြို့နယ်ဒေသများက မဘသပရိသတ် နှစ်သောင်းကျော်လောက် တက်ရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

အဆိုပါ အောင်ပွဲအခမ်းအနားတွင် ပြည်နယ်မဘသ ဥကဋ္ဌဆရာတော်က အခက်အခဲများကြားက အမျိုးစောင့်ဥပဒေလေးရပ်ကို အတည်ပြုပေးခဲ့တဲ့ သမ္မတကြီးသည် သေသွားသော်လည်း သမိုင်းကျန်ရစ်မှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး အမျိုးစောင့်ဥပဒေ ပေါ်ပေါက်ရန် အားထုတ်မှုတစ်ရပ်အနေဖြင့် ကချင်ပြည်နယ်က ထောက်ခံလက်မှတ်ပေါင်း တစ်သိန်းခြောက်သောင်းကျော်ကို အင်းစိန်အောင်ဆန်းတပ်ဦး အမျိုးစောင့်ဥပဒေ ညီလာခံကြီးသို့ တင်သွင်းခဲ့တယ်၊ ပြည်နယ်လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ ဗုဒ္ဓဘာသာဝင် ရှမ်းနှင့် ဗမာတိုင်းရင်းသားလူမျိုးအများစု ဖြစ်တယ်လို့ ပြန်ကြားရေးတာဝန်ခံ ဆရာတော်တစ်ပါးက ဧရာဝတီမြစ်ဖျားကို မိန့်ကြားပါတယ်။

မိုးညှင်းမြို့မှာ သက်ငယ်မုဒိန်းမှုကို အကြောင်းပြုလျက် ဘာသာရေး၊ လူမျိုးရေးကို အခြေခံသော ရုန်းရင်းဆန်ခက်မှုများ ဖြစ်ပေါ်ခဲ့ဖူးပြီး ကချင်ပြည်နယ်မှာ မိမိတို့တိုင်းရင်းသားပါတီများကိုသာ မဲပေးနိုင်ရေး အဓိကအားပြိုင်နေတာကြောင့် မဘသနှင့် အမျိုးစောင့်ဥပဒေက ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို တစ်စုံတစ်ရာ ထိခိုက်မှုမရှိနိုင်ဘူးလို့လည်း အမျိုးစောင့်ဥပဒေအောင်ပွဲ တက်ရောက်လာသူ ပါတီဝင်တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

ကချင်ပြည်နယ်ရှိ ခရစ်ယာန်ဘာသာဝင်အများစုဖြစ်သော ကချင်တိုင်းရင်းသားများသည် ဦးနုလက်ထက်က ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြဌာန်းလိုက်ခြင်းကြောင့် ကချင်လက်နက်ကိုင်အဖွဲ့ ပေါ်ပေါက်ခဲ့ပြီး
အမျိုးစောင့်ဥပဒေ မထွက်ပေါ်ခင် တိုင်းရင်းသားလူမျိုးမဟုတ်သူများကိုသာ ကန့်သတ် ပြဋ္ဌာန်းနိုင်ရေး ကချင်ပြည်နယ်ရှိ သံဃအကြီးအကဲတချို့က အကြံပြုစာများ ပေးပို့ခဲ့ပေမယ့် အမျိုးစောင့်ဥပဒေ အမြန်ပြဋ္ဌာန်းနိုင်ရေးသာ အဓိကဆောင်ရွက်လိုတဲ့အတွက် ဗုဒ္ဓဘာသာဝင်များအတွက် အရင်ရေးဆွဲခြင်းဖြစ်တယ်လို့ မဘသ ဗဟိုဦးဆောင်ပုဂ္ဂိုလ်တချို့က ပြောကြားထားတာလည်းဖြစ်ပါတယ်။

လူ့အခွင့်အရေးသမားများနှင့် နိုင်ငံရေးပါတီတစ်ချို့က ဝေဖန်နေကြသော မဘသ၏ အမျိုးစောင့်ဥပဒေနှင့် ၂၀၁၅ ရွေးကောက်ပွဲ နိုင်ငံရေးအခင်းအကျင်း၊ ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်းနှင့် အမျိုးစောင့်ဥပဒေ၏ အနာဂါတ်ခြေလှမ်းတို့ ရောထွေးနေဦးမည်ဆိုလျှင် ပိုမိုရှုပ်ထွေးလာနိုင်သည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်ခြေ ရှိပါတယ်။



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: