Friday, August 21, 2015

Right to Recall ဦးရွှေမန်း နိုင်သလော

Right to Recall ဦးရွှေမန်း နိုင်သလော ======= ယခုရက်ပိုင်းတွင် အများပြည်သူ စိတ်ဝင်စားနေကြသော ''လွှတ်တော်ကိုယ်စားလှယ် ပြန်လည်ခေါ်ယူခြင်း Right to Recall နှင့် ပတ်သက်၍ ဝေဖန်ပြောဆိုနေမှုများ ရှိနေသည်။ ပြည်ခိုင်ဖြိုးပါတီတွင်း မပြေမလည် ဖြစ် နေသည့်အကြောင်းများကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးရွှေမန်းအပေါ် တမင်တကာ ဖိအား သုံးဆောင်ရွက်နေခြင်းလောဟုပင် ထင်မြင်လာကြသည်။ ယင်းသို့ဆိုလျှ Right to Recall ဆိုသည်ကို ဆန်းစစ် ကြည့်ပါက နာဂစ်ဖွဲ့စည်းပုံဟု အများပြောဆိုသုံးနှုန်းနေသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ပင်ဖြစ်ပါသည်။ လွှတ်တော်ထဲတွင် ပြည်သူရွေးသည့်ကိုယ်စားလှယ်များ ၀င်ရောက်လာခြင်း ရာခိုင်နှုန်းပြည့်ရှိသည့် ခေတ် ရောက်မှသာမဲဆန္ဒရှင်ပြည်သူများက ပြန်ခေါ်နိုင်သော Right to Recall ဥပဒေကိုအတည်ပြုရန် သြဂုတ် လ ၂၀ ရက်နေ့က ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၈၄ ရက် မြောက်နေ့တွင် ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြား ခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်ရုပ်သိမ်းခြင်း Right to Recall ဥပဒေကို သြဂုတ်လ ၂၀ ရက်နေ့ လွှတ်တော်တွင် ဆိုင်းငံ့ထားမည်လား၊ ဆက်လက်ဆွေးနွေးအတည်ပြုမည်လားဆိုသည်ကို မဲခွဲဆုံးဖြတ်ကြရာ ဆန္ဒမဲပေးခွင့်ရှိ သူပေါင်း ၅၂၄ ဦးအနက် ထောက်ခံမဲ ၂၆၄ မဲ၊ ကန့်ကွက် မဲ ၂၃၅ မဲ၊ ကြားနေမဲ ၁၂ မဲဖြစ်သည့်အတွက် ယင်း အဆိုကို ဆက်လက်မဆွေးနွေးဘဲ ဆိုင်းငံ့ခဲ့သည်။ ''ကျွန်တော်တို့က ဆိုင်းငံ့စေချင်တယ်၊ ကျွန်တော်တို့သွားချင်တဲ့ လမ်းကြောင်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပထမပြင်မယ်။ ဖွဲ့စည်းပုံကို ပြင်ပြီးမှ စစ်မှန်တဲ့ကိုယ်စားပြုတဲ့ ပါလီမန်ကြီးဖြစ်ဖို့လိုတယ်။ အခုက ကာချုပ်ကခန့် တဲ့ ၂၅ ရာခိုင်နှုန်းက သတ်သတ်ရှိနေတယ်။ ဒါကြောင့် ဒါကြီးဟာ ဒီမိုကရေစီအတုအယောင် ဟန်ပြပေးတာ၊ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးဆိုတာ မှန်တယ်။ ရွေးချယ်ခွင့် ရွေးချယ်ခံခွင့်ရှိတယ်။ မဲပေးပိုင်ခွင့်ရှိတယ်။ မိမိရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို ပြန်ရုပ်သိမ်းပိုင်ခွင့် ရှိတယ်။ သို့သော် ကျွန်တော်တို့ပြောတာက ၃၉၆(ခ)ကို ပြဋ္ဌာန်းတာက မိမိတို့ မဲဆန္ဒပေးလိုက်တဲ့ ၇၅ ရာခိုင်နှုန်းသော elected ပုဂ္ဂိုလ်များကိုသာလျှင် ၁ ရာခိုင်နှုန်းပေးတယ်။ ၂၅ ရာခိုင်နှုန်းသော appointed ပေါ့နော်။ အုပ်ချုပ်ရေးအာဏာပိုင်ဘက်က ကာကွယ်ရေး ဦးစီးချုပ်ခန့်တဲ့ ပုဂ္ဂိုလ်၊ ခန့်ခြင်းဖြုတ်ခြင်းကိုကာကွယ်ရေးဦးစီးချုပ်ပဲလုပ်နိုင်တယ်။ နိုင်ငံသားတွေကို မပေးထားဘူး။ အဲဒီနှစ်ခုရဲ့ခြားနားချက်ရှိတယ်။ အဲဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၁၀၀ ရာခိုင်နှုန်းသော အမတ်တွေ ဟာ elected ဖြစ်ပြီးတဲ့နောက်မှ Right to Recall ကို လုပ်ကိုလုပ်ရမယ်။ ဒါပေမဲ့ ရာခိုင်နှုန်းတခုကတော့ဖြင့် ရှိဖို့ လိုတယ်။ ၁ ရာခိုင်နှုန်းကတော့ မအပ်စပ်ဘူး။ တည်ကြည်တဲ့ နိုင်ငံရေးအခင်းအကျင်းဖြစ်ဖို့လိုတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိုရော တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကိုရော ရာခိုင်နှုန်းတခုလိုတယ်။ ဘာကြောင့်လဲဆိုရင် တိုင်းရင်းသားဒေသတွေမှာ ပါတီငယ်လေးတွေရှိတယ်။ ဟိုပါတီက ဒီပါတီကိုဖြုတ်ချတာ ဖြစ်သွားနိုင်တယ်။ အဲလိုဆိုရင် နိုင်ငံရေးမတည်ငြိမ်ဘူး။တိုင်းရင်းသားအချင်းချင်း သွေးကွဲမှုတွေ ဖြစ်လာမယ်။ ရာခိုင်နှုန်းတခုကတော့ မျှမျှတတရှိဖို့လိုတယ်''ဟု ယင်းက News Watch သတင်းဂျာနယ်ကို ပြောသည်။ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဥပဒေ ပုဒ်မ ၃၉၆ တွင်လွှတ်တော်ကိုယ်စားလှယ်တဦးဦးသည်နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ် ထားသော သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်၏အရည်အချင်းပျက်ယွင်းခြင်း၊ ဥပဒေအရပေးအပ်သည့် တာဝန်များကို ကျေကျေပွန်ပွန်မဆောင်ရွက်နိုင်ပါက ၎င်းကိုယ်စားလှယ်ကိုသက်ဆိုင်ရာမဲဆန္ဒနယ်ရှိ မူလ မဲဆန္ဒရှင်များထဲမှ အနည်းဆုံး၁ရာခိုင်နှုန်းကတာဝန်မှပြန်လည်ရုပ်သိမ်းပေးစေလိုကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံ တိုင်ကြားတင်ပြရန်ဖြစ်ပြီး ယင်းကိုကော်မရှင်က ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးသည့် အခါ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်လွှဲ၍ဖြစ်စေ ချေပခွင့်ပေးရမည် ဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စစ်ဆေးသည့်အခါ စွပ်စွဲချက်မှန်ကန်သည့်အတွက် စွပ်စွဲခံ ရသူကလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ထမ်းရွက်ရန်မသင့်ဟု သတ်မှတ်လျှင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဥပဒေနဲ့အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ လွှတ်တော်ကိုယ်စားလှယ်များ ပြန်လည်ရုပ်သိမ်းပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမဲဆန္ဒရှင်၁ရာခိုင်နှုန်းက တောင်းဆိုထားသည့်ကိုယ်စားလှယ်များမှာ သူရဦးရွှေမန်း၊ ဦးသိန်းဇော်၊ ဦးအောင်သိန်းလင်းနှင့် ဒေါ်ခင်သန္တာတို့အပါအ၀င် စုစုပေါင်း ၁၀ ဦးခန့်ရှိနေကြောင်း သိရသည်။ ''ရွေးကောက်ပွဲကော်မရှင်မှ Recall တင်ဖို့ တာဝန်တခုပဲရှိနေသလား။ သူ့မှာ လုပ်စရာတွေအများကြီးရှိတယ်။ တာဝန်အများကြီးရှိတဲ့အထဲက ဒီ Recall ကို ဘာကြောင့်အသည်းအသန်လုပ်နေတာလဲ။ အခုရှိနေတာက Recall အတင်ခံထားရတဲ့ ၁၀ ယောက်ရှိတယ်။ Recall အတင်ခံထားရတဲ့ ၁၀ ယောက်တင်မကဘူး။ အခုလွှတ်တော်ထဲမှာရှိနေတဲ့ ရွေးကောက်ခံကိုယ်စားလှယ်အကုန်လုံး။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကစပြီးတော့မှ အားလုံးမကြာခင် သုံးလအကျော် လေးလလောက်ဆို ပြုတ်ကြပြီလေ။ ဥပဒေက အတည်ပြုနိုင်ပြီပဲထားပါတော့ ဦးသိန်းစိန် သမ္မတဆီသွားမယ်၊ သမ္မတရဲ့မှတ်ချက်နဲ့ပြန်လာမယ်။ ပြီးလို့ရှိရင် နည်းဥပဒေထွက်မယ်၊ နည်း ဥပဒေထွက်ဖို့အတွက် သုံးလစောင့်ရမယ်။ ဥပဒေသည် လေးလေကျော်မှအသက်ဝင်တော့မယ်။ အဲဒီအချိန်မှာ ရွေးကောက်ပွဲပြီးသွားပြီ။ တကယ်လို့သာ ပြည်သူက အဲဒီကိုယ်စားလှယ်ကိုမကြိုက်ဘူးဆိုလို့ရှိရင် ၁ မဲမှ မပေးရင် ကိုယ်စားလှယ်ဖြစ်ဖို့မပြောနဲ့ လွှတ်တော် အပေါက်တောင်ရောက်မှာမဟုတ်ဘူး။ ဥပဒေအသက် ၀င်ချိန်မှာ ကျွန်မတို့ပြုတ်ပြီ။ ဒါကိုသိပါလျက်နဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီဥပဒေကို အသည်းအသန်ဆွဲထုတ် လာရတာလဲ။ ကိုယ့်ပါတီတွင်းမှာဖြစ်တဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုကို သိပ်အန္တရာယ်ကြီးမားတဲ့ နိုင်ငံရေးမတည်ငြိမ်မှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေတဲ့ လုပ်ဆောင်ချက်မှုမျိုးနဲ့ဒီဥပဒေကို ဇွတ်အတင်းလုပ်နေတာပဲလို့ စွပ်စွဲလိုက်ချင်တယ်''ဟNLDပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာက ပြောသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကိုယ်စားလှယ်များ၏ လုပ်ပိုင်ခွင့်ကို လိုအပ်သည်ထက်ပိုကာ ဒီမိုကရေစီနှင့်မကိုက်ညီသော လုပ်ဆောင်ချက်များနှင့် လုပ်ပိုင်ခွင့်များကို ချဲ့ထွင်ကာ ချုပ်ကိုင်ချင်လို့ ယခုကဲ့သို့ Recall ကိစ္စကို ဆောင်ရွက်နေခြင်းလောဟုလည်း လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ကြသည်။ ယခု Right to Recall ဥပဒေသာ အမှန်တကယ် အသက်ဝင် မည်ဆိုပါက ၇၅% ကျော် ထောက်ခံထားသော မဲဆန္ဒရှင်များကို လျစ်လျူရှုရာကျသည့်အပြင် ၁ ရာခိုင်နှုန်းအတွက် လက်မှတ်ထိုးရာတွင်ပါဝင်သည့် ပြည်သူတို့ အနေဖြင့်လည်း စစ်ဆေးမှုအရ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်းတို့အတွက် လက်မှတ်ထိုးခဲ့သည်ဟုတွေ့ရှိလျှင် အရေးယူခံရနိုင်သည်မှာ တိုင်တန်းခံရသော ကိုယ်စားလှယ်မဟုတ်ဘဲ မဲဆန္ဒရှင် ပြည်သူသာဖြစ်နေမည်ဟု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းဖော်ပြထားသည်။ ''ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးထားတဲ့အခွင့်အရေး ကျွန်မတို့ မဲဆန္ဒရှင်တွေ အင်မတန်မှ ကြီးကျယ်တဲ့ အန္တရာယ်ဖြစ်သွားပြီ။ အစကတည်းက ၁% မဖြစ်သင့်တဲ့ကိစ္စ။ ဒီဥပဒေက ဘာကြောင့်ဖြစ်တာလဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်ပဲ''ဟု ဒေါ်ခင်သန္တာက ဆိုသည်။ ဥပဒေတွင် မဲဆန္ဒရှင် ၁ ရာခိုင်နှုန်းက တိုင်တန်း၍ ရွေးကောက်ပွဲကော်မရှင်ကစစ်ဆေးပြီး အရေးယူရန်ကော်မရှင်က စစ်ဆေးရမည်ဖြစ်ပြီး စစ်ဆေး ချက်တွင် မခိုင်လုံခြင်းတွေ့ရှိခဲ့ပါက တိုင်တန်းသောခေါင်းဆောင် သို့မဟုတ် အဖွဲ့အစည်းတခုခုကို အရေး ယူရမည်ဖြစ်သည်။ အမှန်တကယ် လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် ဥပဒေကို ချိုးဖောက်ကျူးလွန်ကြောင်းမှန်ကန်ပါက ရွေးကောက်ပွဲ ပြန်လုပ်ရမည်ဖြစ်သည့်အတွက် ယင်းမဲပေးခွင့်တွင် မဲဆန္ဒနယ်၏မဲပေးပိုင်ခွင့်ရှိသူ တ၀က် ကျော်ကထောက်ခံမှသာ အဆိုပါလွှတ်တော်ကိုယ်စားလှယ်မှာ ကိုယ်စားလှယ်အဖြစ်မှ ပြုတ်သွားမည်ဖြစ် ကြောင်း၊ ထို့အပြင် ရွေးကောက်ပွဲပြန်လည်လုပ်ဆောင်ရန်အတွက် ကုန်ကျစရိတ်များရှိလာကာ နစ်နာဆုံးရှုံးမှု များရှိလာမည်ဖြစ်ကြောင်း ကိုယ်စားလှယ်များက သုံးသပ်ပြောဆိုနေကြသည်။ လွှတ်တော်ကိုယ်စားလှယ်တဦးဦးသည် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေမှ မဲဆန္ဒရှင် ၁ ရာခိုင်နှုန်း၏ ပြန်လည်ရုပ် သိမ်းရန် တိုင်တန်းလာသည့်အပေါ် ကော်မရှင်က စုံစမ်းစစ်ဆေးအရေးယူခြင်းမှာ အဓိပ္ပာယ်မရှိကြောင်းလွှတ်တော်ကိုယ်စားလှယ်ရုပ်သိမ်းမည့်ဥပဒေကြမ်းနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်ပြောကြားထားသည်။ မေငယ်

No comments: