Sunday, August 23, 2015

အပစ်ရပ်လက်မှတ်ထိုးမယ့် လက်နက်ကိုင် ၄ ဖွဲ့အပေါ် ခလောက်ဆန် အကောက်ကြံနေတဲ့ KNO

အပစ်ရပ်လက်မှတ်ထိုးမယ့် လက်နက်ကိုင် ၄ ဖွဲ့အပေါ် ခလောက်ဆန် အကောက်ကြံနေတဲ့ KNO ------------------------------------------------------------------------------ KNO ဆိုတာ ကချင်အမျိုးသားအစည်းအရုံး (Kachin National Organization)လို့ အဓိပ္ပါယ်ရပါတယ်။ အပစ်ရပ်လက်မှတ်ထိုးမယ့် KNU၊ RCSS/SSA၊ KNU/KNLA-PC၊ DKBA အဖွဲ့တွေအပေါ် သဘောထား ကြေညာချက်တွေ ထုတ်ပြန်ပြီး ကြီးကြီးကျယ်ကျယ်တွေ ပြောနေလို့ ဘာအဖွဲ့လဲဆိုပြီး စပ်စုကြည့်လိုက်ပါ တယ်။ အပစ်ရပ်လက်မှတ်ထိုးမယ့် ၄ ဖွဲ့အပေါ် အပြစ်ပြောထားတာ ဖြစ်နေပါရောလား။ ဒါဆို အပစ်ရပ် လက်မှတ်ထိုးမှာကို မလိုလားတဲ့အဖွဲ့လို့ သတ်မှတ်ရမှာပေါ့။ ဆက်စပ်ကြည့်လိုက်ပြန်တော့ KNO ဟာ KIO နဲ့ လက်တွဲကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အဖွဲ့ဆိုပြီး ကြေညာချက်မှာ တွေ့လိုက်ရပါတယ်။ မြန်မာပြည်ငြိမ်းချမ်းမှာကို KIO၊ KIA၊ KBC၊ RC ဆိုတဲ့ လက်နက်ကိုင်တွေရော ဘာသာရေး အဖွဲ့ ခေါင်းဆောင်တွေကပါ သေမလောက်ကြောက်နေတာတွေ့ရပါတယ်။ အခု KNO ဆိုတဲ့ အဖွဲ့ထပ်တိုး လာပြန်ပြီ။ လိုင်ဇာမှာ လက်တစ်ဆုပ်စာ လူတစ်စုနဲ့ လူထုတွေ့ဆုံပွဲလုပ်ပြီး အပစ်ရပ်လက်မှတ်ထိုးမှာကို ကချင်ပြည်သူတွေက မလိုလားဘူးဆိုပြီး KIO/KIA ခေါင်းဆောင်တွေ ခုတုံးလုပ်ထားတာတွေ့ရပါတယ်။ ကချင်ပြည်သူတွေအတွက် စိတ်မကောင်းစရာပါ။ KIO/KIA ခေါင်းဆောင်တွေ ရာထူး၊ အာဏာတည်မြဲဖို့နဲ့ လက်နက်ကိုင်လမ်း စဉ်ကို စွန့်လွှတ်ရမှာ ကြောက်လို့ အပစ်မရပ်ချင်တာကို ပြည်သူတွေဆီ လွှဲချ လိုက်တယ်။ ကချင်ဒုက္ခသည်စခန်းတွေဆီက ဒေသခံပြည်သူတွေရဲ့ သောက မျက်ရည်တွေ၊ ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို KIO/KIA ခေါင်းဆောင်တွေက လျစ်လျူရှုလိုက်ပြန်ပါပြီ။ ကချင်ပြည်နယ်ငြိမ်းချမ်းရေးမရမှာကို စိုးရိမ်နေကြတဲ့ အချိန်မှာ KNO ဆိုတဲ့ အဖွဲ့က မီးလောင်ရာလေပင့် လုပ်လာပြန်ပါတယ်။ အပစ်မရပ်ချင်လို့ အကြောင်းအမျိုးမျိုးပြနေတဲ့ KIO/KIA ခေါင်းဆောင်တွေနဲ့ တစ်လေသံတည်းထွက်လာတာတွေ့ရပါတယ်။ NCA မှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်သွားမယ်ဆိုတဲ့ အာမခံချက်မရှိသေးသလို လက်ရှိ KIO အနေနဲ့ ကချင်ပြည်နယ်လူထုရဲ့ ဆန္ဒသဘောထားရရှိပြီး ဖြစ်တာ ကြောင့် လက်မှတ်ရေးထိုးဖို့ ကန့်ကွက်တယ်ဆိုပြီး KNO က ပြောလာပါတယ်။ ကချင်ပြည်နယ် မငြိမ်းချမ်း စေချင်လို့ KIO နဲ့ ရောယောင်ပြီး လိုက်ဟောင်နေတာကို မပြောလိုပါဘူး။ သူတို့ပြည်နယ် သူတို့ လူမျိုး ငြိမ်းချမ်းဖို့အတွက် လက်မှတ်ထိုးဖို့ ကတိပေးလိုက်တဲ့ လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့အပေါ် ခလောက်ဆန် အကောက်ကြံတာကတော့ လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။ KNU အပါအ၀င် အဖွဲ့ ၄ ဖွဲ့အနေနဲ့ အစိုးရနဲ့ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ကြောင်း သြဂုတ် ၁၇ ရက်က ပူးတွဲထုတ်ပြန်ခဲ့ခြင်းဟာ အဖွဲ့အားလုံးပါဝင်မှ လက်မှတ်ရေးထိုးမယ်ဆိုတဲ့ သဘောတူညီချက်ကို ဆန့်ကျင်တာ ဆိုပြီး KNO က ပြောဆိုလိုက်တာဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့အားလုံးပါမှ လက်မှတ်ထိုးမယ်ဆိုတဲ့ မူကို NCA အပြီးသတ် ထိုးခါနီးမှ SD က ကိုင်စွဲလိုက်တယ်ဆိုတာ မငြင်းပါနဲ့။ UPWC နဲ့ NCCT/SD တို့ အပစ်ရပ် မူကြမ်းလက်မှတ်ရေးထိုးခဲ့တုန်းက ၁၅ ဖွဲ့နဲ့ပါ။ အပစ်ရပ်မူကြမ်းကို မတ်လ ၃၁ ရက်နေ့က လက်မှတ်ထိုးခဲ့တာ ဖြစ်ပြီး အဲဒီအတိုင်း NCA အပြီးသတ်ထိုးဖို့ သဘောတူခဲ့ကြတာပါ။ KIO/KIA ကိုတောင် အပစ်ရပ်ဖို့ ဆန္ဒရှိတယ်ဆိုပြီး အစိုးရက လက်မှတ်ထိုးခွင့်ထဲ ထည့်လိုက်တာဖြစ်ပါတယ်။ အဲဒီ ၁၅ ဖွဲ့ ဟာ အစိုးရနဲ့ ပြည်ထောင်စုအဆင့် အပစ်ရပ် လက်မှတ်ထိုးပြီးသားအဖွဲ့တွေဖြစ်တာကြောင့်ပါ။ MNDAA၊ TNLA၊ AA၊ LDU၊ WNO၊ ANC ဆိုတဲ့ အဖွဲ့တွေဟာ အစိုးရနဲ့ ပြည်နယ်အဆင့်ကိုတောင် အပစ်ရပ်လက်မှတ် မထိုးထားတဲ့အတွက် ချန်ထားခြင်းခံရတာပါ။ NCA မူကြမ်းကို သဘောတူပြီးမှ ဖောက်ဖျက်ချင်တာ အစိုးရ မဟုတ်ဘူး။ SD ဆိုတာ KNO သိထားဖို့ လိုပါတယ်။ ဒါ့ကြောင့် KNO ပြောတဲ့အတိုင်း KNU နဲ့ အဖွဲ့ဝင် ၄ ဖွဲ့က ဖောက်ဖျက်တာလား၊ ကျန်တဲ့ လက်နက်ကိုင်တွေက ဖောက်ဖျက်တာလား အဖြေကရှင်းပါတယ်။ အပစ်ရပ်လက်မှတ်ထိုးဖို့ ရဲရဲဝံ့ဝံ့ဆုံးဖြတ်လိုက်တဲ့ KNU၊ RCSS/SSA၊ KNU/KNLA-PC၊ DKBA အဖွဲ့တွေကို ကျန်တဲ့ အဖွဲ့တွေက လေးစားသင့်ပါတယ်။ သူတို့လို အမြင်မှန် အတွေးမှန်စွာနဲ့ လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းရဲဖို့ လိုပါတယ်။ အတိတ်က ၀ါဒမှိုင်းတိုက်ခံခဲ့ရတဲ့ အမြင်မှား အတွေးမှား အယူဝါဒအမှားတွေကို ဆုပ်ကိုင်ထားအုံးမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးဆိုတဲ့ အရသာကို ခံစားခွင့်ရတော့မှာ မဟုတ်ပါဘူး။ အပစ်ရပ် လက်မှတ်ထိုးဖို့ ဆုံးဖြတ်ခဲ့တဲ့ RCSS/SSA အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလ က “ ကျွန်တော်တို့ သဘောနဲ့ ကျွန်တော်တို့ ဆုံးဖြတ်တာ ဘယ်သူ့ကိုမှ သွေးခွဲတာမဟုတ်ဘူး၊ နောက်ပြီးတော့ တိုင်းရင်းသားတွေကို ဆန့်ကျင်တယ်ဆိုတဲ့ ကြံစည်လုပ်ဆောင်တာမျိုးလည်း မဟုတ်ဘူးဆိုတာ ပြောရဲပါတယ် ” ဟု မဇ္ဇျိမသတင်းဌာနကို ပြောကြားသွားပါတယ်။ KNO ဘာပြောချင်သေးလဲ။ ကောင်းတာလုပ်တာကို အကောင်းမမြင်နိုင်ဘဲ အကုသိုလ်လိုက်ပွားနေတာ ရှက်ဖို့ကောင်းပါတယ်။ ငြိမ်းချမ်းရေးမရအောင် လိုက်လံဖျက်ဆီးနေတဲ့အထဲမှာ KNO ကိုလည်း စာရင်းသွင်း လိုက်ပါပြီ။ နောင်တစ်ချိန် မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးသမိုင်းကို မှတ်တမ်းပြုစုတဲ့အခါ အဖျက်အမှောက်အဖွဲ့ထဲမှာ KNO ကိုလည်း ထည့်သွင်းရမှာဖြစ်ပါတယ်။ KNO ကို ၁၉၉၉ ခုနှစ်က စတင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ ဇွန်လမှာ KIO နဲ့ပူးပေါင်းကာ ကချင်အမျိုးသားရေးအတွက် လုပ်ဆောင်ခဲ့ တယ်လို့ သိရပါတယ်။ အဲဒီအဖွဲ့ကို ကျောက်စိမ်းနဲ့ ပွပေါက်တိုးခဲ့တဲ့ ဘောမ်ဝမ်လရော်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိ အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ ဒိန်းမတ်၊ အိန္ဒိယနိုင်ငံတွေမှာ ရုံးစိုက်ထားတယ်လို့ သိရပါတယ်။ တိုင်းတစ်ပါးမှာနေပြီး ကိုယ့်နိုင်ငံပြည်တွင်းငြိမ်းချမ်းရေးကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ အဖွဲ့လည်းဖြစ်၊ သူများပေးမှ ကျွေးမှ စားရတဲ့ဘ၀ကို နောင်တမရဘဲ ကချင်ပြည်သူတွေကို ဒုက္ခတွင်းထဲ တွန်းပို့နေတဲ့ အဖွဲ့လည်းဖြစ်တာကြောင့် ကချင်ပြည် နယ်ငြိမ်းချမ်းရေးမရခဲ့ရင် သမိုင်းတရားခံ ထဲမှာ KNO ကိုလည်း တံဆိပ်ရိုက်နှိပ်ရမှာပဲ ဖြစ်ပါတော့တယ်။ ဇော်လင်းအောင်

No comments: