Saturday, August 22, 2015

စစ်ရေးအမြင်၊ အပြုတ်တိုက်ရေးနည်းနာနှင့် ကြံ့ခိုင်ရေးပါတီတွင်း အာဏာသိမ်းမှု

စစ်ရေးအမြင်၊ အပြုတ်တိုက်ရေးနည်းနာနှင့် ကြံ့ခိုင်ရေးပါတီတွင်း အာဏာသိမ်းမှု – အောင်ထွန်းလင်း စစ်အာဏာရှင်စနစ်ရဲ့ အဓိကနည်းလမ်းက စစ်ရေးနည်းလမ်းဖြစ်တဲ့ အကြမ်းဖက်နည်းလမ်း၊ အင်အားသုံး နည်းလမ်း။ ဒါကြောင့်မို့လို့ သူတို့ရဲ့ ပါတီအတွင်းမှာ အာဏာလုပွဲကိုတောင် သူတို့နားလည်တဲ့၊ သူတို့ အားကိုးတဲ့ စစ်ရေးနည်းလမ်း တစ်ခုတည်းနဲ့ ဆောင်ရွက်လိုက်တာပဲ။ သူတို့ကတော့ ထုံးစံအတိုင်းပဲ ကိုယ့်လူကိုကိုယ် ရာထူးက ဖယ်ရှားပြီးတဲ့အခါ ကျတော့ ပြန်ပြီးတော့ နာလန်မထူနိုင်အောင် အပြတ် ရှင်းတာပေါ့ . . . ……………………………………………… ဦးတင်အေးက ပြည်သူတွေ ဒီလောက်ဝေဖန်တာ ဥက္ကဋ္ဌလုပ်ဖို့ မကောင်းပါဘူး။ သူ့အလုပ်က လိုအပ်တာထက်ကိုပိုပြီးတော့ ဖြစ်နေတယ်။ သိတဲ့အတိုင်းပဲလေ။ သူက (ကြံ့ခိုင်ရေး) ဗဟိုကော်မတီဝင်ကလာတယ် . . . ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အာဏာရ ကြံ့ခိုင်ရေးပါတီအတွင်း သူရဦးရွှေမန်းနှင့် ဗဟိုအလုပ်အမှုဆောင် ၁၂ ဦးကို ပါတီဝင် အဆင့်ထိ ဖြုတ်ချလိုက်ကာ ဒုဥက္ကဋ္ဌ ဦးဌေးဦးကို ပါတီဥက္ကဋ္ဌ ပူးတွဲ တာဝန်ပေးလိုက်ပြီး နောက်ပိုင်း ၂၀၀၈ အခြေခံ ဥပဒေအရ အကာအကွယ် ရနေဆဲဖြစ်သည့် ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အပေါ် အစိုးရအဖွဲ့နှင့် ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ဆောင်ချက်များမှာ စစ်ရေးအမြင်ဖြင့် လုပ်ဆောင်မှုများဖြစ်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်လျက်ရှိသည်။ သြဂုတ်လ ၁၂ ရက်က လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဗဟိုအလုပ်အမှုဆောင် ၁၂ ဦးကို ပါတီဝင် အဆင့်အထိ လျှော့ချခဲ့ရာ ယင်းမတိုင်မီ နေပြည်တော်ရှိ ကြံ့ခိုင်ရေး ပါတီဌာနချုပ်တွင် အထူးအစည်းအဝေးပွဲ တစ်ရပ်ကို ညသန်းခေါင်ချိန်၌ ပြုလုပ်ခဲ့ရာ လုံခြုံရေးရဲများ တင်းကျပ်စွာ ချထားပြီး သြဂုတ်လ ၁၃ ရက် နံနက်က ပြုလုပ်သည့် ပါတီအစည်းအဝေးသို့လည်း သူရဦးရွှေမန်း (ပါတီဥက္ကဋ္ဌဟောင်း)နှင့် ဦးမောင်မောင်သိမ်း (ပါတီ အထွေထွေ အတွင်းရေးမှူးဟောင်း) တို့ကို တက်ရောက်ခွင့် မပေးဘဲ နေအိမ်၌ လုံခြုံရေး ချထားခဲ့သည်ကို ကြည့်လျှင် စစ်ရေးအမြင်ဖြင့် လုပ်ဆောင်ခဲ့ သည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ထိုနည်းတူ ၎င်းတို့ကို ပါတီက ထုတ်ပယ်ခဲ့သည့် သြဂုတ်လ ၁၃ ရက်ကလည်း နေပြည်တော် အပါအ၀င် တိုင်းနှင့်ပြည်နယ် အတော် များများတွင် တယ်လီဖုန်းနှင့် အင်တာနက်လိုင်းများကို နှေးကွေးအောင် ပြုလုပ်ထားခဲ့ကြောင်း အတွင်း သတင်းများအရ စုံစမ်းသိရှိခဲ့ရပြီး ယင်းမှာလည်း တိုက်ပွဲအသွင်ဆောင်သည့် လုပ်ဆောင်ချက်ဟု ပင်ဆိုရမည် ဖြစ်သည်။ တပ်မတော် အကြီးအကဲ ဟောင်းများစွာ ပါဝင်သည့် ကြံ့ခိုင်ရေးပါတီမှ သူရဦးရွှေမန်းနှင့် ဗဟိုအလုပ် အမှုဆောင် ၁၂ ဦးကို ထုတ်ပယ်ပြီး နောက်ပိုင်းတွင် သူရဦးရွှေမန်း၏ လုပ်ဆောင်မှုများကို အသားပေး ဖော်ပြနေ သည့် ပြည်ထောင်စုနေ့စဉ် သတင်းစာနှင့် ၎င်း၏ ချွေးမဖြစ်သူတို့ ပိုင်ဆိုင်သော ချယ်ရီ FM အသံလွှင့်လိုင်းတို့ ရပ်ဆိုင်းခံခဲ့ရရာ ယင်းမှာ မြို့တစ်မြို့အား သိမ်းပိုက်မည်ဆိုပါက အရေးကြီးသော အသံလွှင့် အဆောက်အအုံများကို ဦးစွာသိမ်းပိုက်ခြင်းနှင့် အလားသဏ္ဌာန် တူနေသည်။ ချယ်ရီ FM ရေဒီယို အသံလွှင့် ဌာနကို မိမိသဘော ဆန္ဒအလျောက် ပိတ်သိမ်းကြောင်း စာတင်ရန် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း လည်း ချယ်ရီ FM ရေဒီယိုမှ တာဝန်ရှိသူ ဦးမျိုးသက်နိုင်က မီဒီယာများအား ဖြေကြားထား သည်။ ချယ်ရီ FM ရေဒီယို အသံလွှင့်ဌာနကိစ္စနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သြဂုတ်လ ၁၈ ရက်တွင် ““ချယ်ရီ FM နဲ့ ဖြစ်တယ်ဆိုတာကလည်း ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီပါတီတွင်းမှာ ဒီလို ပါတီတွင်း ရေးရာတွေ ဖြစ်တဲ့အချိန်မှာ ချယ်ရီ FM ပေါ်ကနေတစ်ဆင့် တစ်စုံတစ်ယောက်ကနေ ပေါ့လေ။ သူ့ရဲ့ဝန်ထမ်း တွေပဲ ဖြစ်ဖြစ် တစ်စုံတစ်ယောက်ကနေ လူတွေ အထိတ်တလန့် ဖြစ်စေမယ့် ဟောပြောချက်တွေ၊ အသံလွှင့် ချက်တွေ လုပ်လိုက်မှာ ကျွန်တော်တို့ စိုးရိမ်တယ်။ ချယ်ရီ FM က ကိုတိုးနိုင်မန်းရဲ့ဇနီးဦးဆောင်ပြီး လုပ်နေတာကိုး။ နောက်ပြီး ကိုတိုးနိုင်မန်းကလည်း နာယကကြီး အားကိုးတဲ့ သားလည်းဖြစ်တယ်။ ပြီးရင် သူကိုယ်တိုင်ကလည်း ဒီပြည်သူ့လွှတ်တော်ရဲ့ အထူးကိစ္စများ ကော်မတီမှာ အဖွဲ့ဝင် ဖြစ်နေတာကိုး””ဟု မီဒီယာများသို့ ပြောကြားထားသည်။ ““အဓိကကတော့ စစ်အာဏာရှင်စနစ်ရဲ့ အဓိကနည်းလမ်းက စစ်ရေးနည်းလမ်းဖြစ်တဲ့ အကြမ်းဖက်နည်းလမ်း၊ အင်အားသုံးနည်းလမ်း။ ဒါကြောင့်မို့လို့ သူတို့ရဲ့ ပါတီအတွင်းမှာ အာဏာလုပွဲကိုတောင် သူတို့နားလည်တဲ့၊ သူတို့အားကိုးတဲ့ စစ်ရေးနည်းလမ်း တစ်ခုတည်းနဲ့ ဆောင်ရွက်လိုက်တာပဲ။ သူတို့ကတော့ ထုံးစံအတိုင်းပဲ ကိုယ့်လူကိုကိုယ် ရာထူးက ဖယ်ရှားပြီးတဲ့ အခါကျတော့ ပြန်ပြီးတော့ နာလန် မထူနိုင်အောင် အပြတ်ရှင်း တာပေါ့။ ဒါကြောင့် အသံလွှင့်ဌာနတို့ကို ပိတ်ပင်ဖို့ လုပ်တာပေါ့။ အများကြီး ထပ်လာဦးမယ်လို့ ထင်တယ်။ နိုင်ငံတော် အာဏာကို ချုပ်ကိုင်ပြီးတော့ ကျင့်သုံးနေတဲ့ကိစ္စမှာ တပ်ကို ချောင်ထိုးချင်တဲ့၊ စစ်တပ်ကို သိပ် မလိုလားတဲ့ အသံဗလံတချို့ ထွက်လာတဲ့အချိန်မှာ စစ်တပ်က အဓိကပဲ ဆိုတာကို ပြလိုက်တာပဲ””ဟု ကယန်းပြည်သစ် ပါတီတွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင်က မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြားသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲကလည်း ““အခုဖြစ်တာက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ အစိုးရ၊ နောက်တစ်ခုက စစ်တပ်။ ဒီ ၃ ခုကြားမှာ အခုပြောနေတဲ့ အမြင်သဘောထား မတူညီမှုအပေါ်က လာတယ်လို့ ယူဆလို့ရတယ်။ နောက်တစ်ခုက ပါတီအတွင်းမှာ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ နေရာပိုင်းဆိုင်ရာတွေမှာ တစ်ဦးနဲ့တစ်ဦးကြားမှာ မကျေလည်မှုတွေပါမယ်။ တတိယတစ်ခုက အဓိကအားဖြင့် တစ်ဦးနဲ့ တစ်ဦးကြားက အကျိုးစီးပွားပေါ့။ အဲဒီအကျိုးစီးပွား အားပြိုင်မှု တွေကလည်း ရှိတယ်။ အဲဒီ အချက်တွေ ပေါင်းစုံပြီးတော့ အခုပြောတဲ့ ဖြစ် စဉ်တွေ ဖြစ်လာတယ်။ အခုဖြစ်စဉ်က အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရယ်၊ အစိုးရရယ်၊ စစ်တပ်ရယ်ကြား ထဲမှာ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်မှာ အားလုံးအတွက် သတိထားရတော့မယ်။ သေချာတာ တစ်ခုကတော့ သံသယဖြစ်စရာက နိုင်ငံရေး ပါတီ တစ်ခုရဲ့ခေါင်းဆောင်မှု အပြောင်းအလဲမှာ အစိုးရကိုယ်တိုင်၊ စစ်တပ်ကိုယ်တိုင်က ၀င်ရောက်ပြီးတော့ ဖြေရှင်းတဲ့ ပုံစံမျိုးဟာ အလားအလာ မကောင်းဘူး””ဟု ဆိုသည်။ အဓိကအားဖြင့် ပါတီဥက္ကဋ္ဌနေရာမှ ဖယ်ရှားခံရသူ သူရဦးရွှေမန်းမှာ ပါတီတွင်း အာဏာလက်မဲ့ ဖြစ် သွား သော်လည်း လက်ရှိ အနေအထားအရ ပြည်ထောင်စု လွှတ်တော်နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် မဏ္ဍိုင်သုံးရပ်တွင် ပါဝင်သော လွှတ်တော်၏ အကြီးအကဲအဖြစ် ရှိနေဆဲဖြစ်ပြီး ကျန်ဖယ်ရှားခံရသူ ဗဟို အလုပ်အမှုဆောင် အတော်များများမှာလည်း လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်သည်။ ယင်း အခြေအနေတွင် လွှတ်တော်အာဏာ ကျန်နေသေးသည့် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းနှင့် ဗဟို အလုပ်အမှုဆောင်ဟောင်း အမတ်များကို သြဂုတ်လ ၁၃ ရက်တွင် သမ္မတ ဦးသိန်းစိန်နှင့် လွန်စွာနီးစပ်သူ ဦးတင်အေး ဦးဆောင်သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတိပေးလိုက်သည့် အချက်ပေး ခေါင်းလောင်းသံ ဖြစ်ရပ်လည်း ရှိသေးသည်။ ပြည်ထောင်စုလွှတ်တော် အနေဖြင့် ကိုယ်စားလှယ်များအား ပြန်လည်ရုပ်သိမ်းခြင်း ဥပဒေကို အဆောတလျင် ပြဋ္ဌာန်းရန်အတွက် စတုတ္ထ အကြိမ်မြောက် တိုက်တွန်းကြောင်း သတင်းကို နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် အကျယ်တ၀င့် ရေးသားဖော်ပြ လိုက်ခြင်းပင် ဖြစ်သည်။ ယင်းဥပဒေ မပြဋ္ဌာန်းနိုင်သည့်အတွက် မဲဆန္ဒရှင်၏မူလ အခွင့်အရေးအား ဆုံးရှုံးစေခြင်းကြောင့် ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင် ယင်း ဥပဒေကြမ်းနှင့် ဆက်စပ်သည့် ဆောင်ရွက်ထားမှုများကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ရာ ဆွေးနွေးမှု လုပ်ခဲ့သော်လည်း အတည်ပြု မပြဋ္ဌာန်းနိုင်သည့် အတွက် ဆောလျင် စွာ ပြဋ္ဌာန်းပေးရန်ဖြစ်သည်။ မပြေးသော် လည်း ကန်ရာရှိ ဆိုသကဲ့သို့ လွှတ်တော်နှင့် အခြေခံ ဥပဒေ ပြဋ္ဌာန်းချက်များအရ အာဏာတစ်စုံတစ်ရာ ရှိနေသေးသည့် ပါတီဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းနှင့် ဗဟိုကော်မတီပြုတ် လွှတ်တော် ကိုယ်စားလှယ်များအား သတိပေး ခေါင်းလောင်း ထိုးလိုက်သကဲ့သို့ပင် ဖြစ်သည်။ ယင်းအချက်ကို သက်သေထူသည့် အချက်မှာ အခြေခံဥပဒေ ပုဒ်မ ၁၁၃ (ခ)၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသည် ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည် ပိုင်ခွင့် မရှိလျှင် ဥက္ကဋ္ဌအဖြစ်မှ ရပ်စဲပြီး ဖြစ်စေရမည် ဟု ပြဋ္ဌာန်းထားခြင်းပင် ဖြစ်သည်။ ““ကျွန်တော်တို့ အနေနဲ့ ပြောမယ်ဆိုလို့ရှိရင် ဒါကတော့ အကွဲအပြဲတွေရှိလို့၊ ဦးရွှေမန်းကို သူတို့ကနေ မလိုချင်တဲ့ အနေအထားရှိလို့ အဆုံးအထိ လုပ်တဲ့သဘော။ တပ်နဲ့ ဦးသိန်းစိန်နဲ့ တစ်ဖက် ဖြစ်သွားပြီးတော့ တင်းတင်းမာမာနဲ့ကို အဲဒီလိုလုပ်တဲ့ အခါကျတော့လည်း သူတို့ ပါတီထဲမှာ အချင်းချင်း ဒီလိုဖြစ်ကြတာ မဆန်းပါဘူး။ ဒါပေမဲ့လို့လည်း ဒီအတိုင်းသွားမယ် ဆိုရင်တော့ အခြေခံဥပဒေလည်း ပြင်ဖြစ်မှာ မဟုတ်ဘူး။ တစ်ပြည်လုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်တော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက Free and Fair လုပ်မယ်ဆိုရင်တော့ အစိုးရ ပြန်ဖြစ်ဖို့ သိပ်မလွယ်ဘူးလို့ ပြည်သူတစ်ယောက် အမြင်နဲ့ပြောတာ။ ဦးတင်အေးကလည်းပဲ ပြောတာ ပြော တာပဲ၊ ကော်မရှင်ဥက္ကဋ္ဌ လုပ်တဲ့သူဟာ တစ်ဖက်သတ်ဖြစ်နေတယ်။ ဦးတင်အေးက ပြည်သူတွေ ဒီလောက် ဝေဖန်တာ ဥက္ကဋ္ဌ လုပ်ဖို့ မကောင်းပါဘူး။ သူ့အလုပ်က လိုအပ်တာထက်ကို ပိုပြီးတော့ ဖြစ်နေတယ်။ သိတဲ့ အတိုင်းပဲလေ။ သူက (ကြံ့ခိုင်ရေး) ဗဟိုကော်မတီဝင်က လာတယ်။ ဦးရွှေမန်းတို့ ဘက်က တင်းခံပြီးတော့ သူ့နည်းသူ့ဟန်နဲ့ နည်းလမ်းမှန်မှန်နဲ့ လုပ်မယ်ဆိုရင် ပြန်နိုင်နိုင်တဲ့ အနေအထားတော့ ရှိတယ်။ ရှိတယ်ဆိုတာ က ဘာခေါ်မလဲဆိုတော့ ရပ်တည်နိုင်တဲ့ အနေအထားရှိအောင် ကြိုးစားမှု မရှိဘူးဆိုရင် ထိန်သွားမှာ ကြောက်တယ်။ ထိမ်သွားပြီဆိုတာက ပျောက်သွားမှာ ကြောက်လို့ပါ””ဟု မွန်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက သုံးသပ် သည်။ ၂၀၀၈ ဖွဲ့စည်းပုံအရ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား တာဝန်မှ ပြန်လည် ရုပ်သိမ်းလိုပါက ယင်းမှာ နိုင်ငံတော်၏ ကျေးဇူးတော်ကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက် တစ်ခုခုကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ အကျင့်သိက္ခာ ပျက်ပြားခြင်း၊ ဖွဲ့စည်းပုံက သတ်မှတ်သည့် ကိုယ်စားလှယ် အရည်အချင်း ပျက်ယွင်းခြင်း၊ ဥပဒေအရ ပေးအပ်သည့် တာဝန်ကို မကျေပွန်ပါက ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းခွင့်ရှိပြီး သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး ၁ ရာခိုင်နှုန်းက ပြန်လည် ရုပ်သိမ်းလိုကြောင်း တိုင်တန်းချက်ကို ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြရန် ပုဒ်မ ၃၉၆ (ခ) တွင် ပြဋ္ဌာန်းထားသလို ပုဒ်မ ၃၈(ခ)တွင်လည်း ““ရွေးကောက် တင်မြှောက်ထားသော ပြည်သူ့ ကိုယ်စားလှယ်ကို သက် ဆိုင်ရာ မဲဆန္ဒရှင်များက ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားချက်နှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့် ရှိသည်””ဟု ပြဋ္ဌာန်းထားသည်။ သို့သော် ပုဒ်မ ၃၉၇ ၌ ““ပြည်ထောင်စု လွှတ်တော်သည် ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စရပ်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စရပ်နှင့် စပ်လျဉ်း၍ လည်းကောင်း လိုအပ်သော ဥပဒေကို ပြဋ္ဌာန်းရမည်””ဟုပါရှိရာ ကိုယ်စားလှယ်အား ပြန်လည်ရုပ်သိမ်း လိုပါက ဥပဒေတစ်ရပ် ပြဋ္ဌာန်းရန် လိုအပ်နေပြန်သည်။ ထို့ကြောင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပါတီဝင်အဆင့် လျှောကျကုန်သည့် ဖြုတ်ပယ်ခံရသော ဗဟို အလုပ်အမှုဆောင် လွှတ်တော် ကိုယ်စားလှယ်များ၏ နောက်ဆုံးလက်ကျန် အာဏာကို ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက အပြီးသတ် ဖြုတ်သိမ်းရန် အတွက် လုပ်ဆောင် လိုက်ခြင်းဟုပင် ဆိုရမည် ဖြစ်သည်။ ဦးတင်အေးမှာ လက်ရှိ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် ရင်းနှီးသူ ဖြစ်သည့်အပြင် ရွေးကောက်ပွဲ ကျင်းပမည့် အချိန်ကို ဦးသိန်းစိန်က နိုဝင်ဘာလဆန်းတွင် ကျင်းပမည်ဟု ကော်မရှင်ထက် ကြိုတင်ပြောခဲ့ပြီးမှ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ကို ကော်မရှင်မှ ကြေညာခြင်းကိုကြည့်လျှင် ၎င်းတို့နှစ်ဦးကြား ဆက်ဆံရေးကို ခန့်မှန်းနိုင်ကြမည် ဖြစ်သည်။ ထို့ပြင် ပါတီမှ ဖြုတ်ပယ်ခံရသည့် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း ကိုယ်စားလှယ်များ၏ လုပ်ပိုင်ခွင့် အာဏာကို ကန့်သတ်ရန်အတွက် ကြိုးပမ်းမှုကို ပါတီတွင်းတွင်သာမက ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်နှင့် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး တို့ကလည်း တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီလျက်ရှိပြီး ထုတ်ပယ် ခံရသူများ၏ အာဏာကို အဆုံးသတ်ရန်အတွက် တိုက်ပွဲတစ်ခုသဏ္ဌာန် လုပ်ဆောင်လာသည်ကို မြင်မိကြမည်ဖြစ်သည်။ ““ဒီ Right to Recall လုပ်တဲ့ ဥပဒေက အစောကြီးကတည်းက ပြဋ္ဌာန်းရမှာလေ။ လွှတ်တော်မှာ အကြိမ်ကြိမ် တင်ပေမယ့် သူတို့ အကြိမ်ကြိမ် ပယ်ချခဲ့တာပဲလေ။ အခုကျမှ အပြေးအလွှား ချက်ချင်းကိုပဲ လုပ်ရတော့မယ့် ပုံစံလုပ်လာတာ ပေါ့နော်။ ဒါတွေက ကျွန်တော်တို့ အစက ဘယ်လိုတွေ့ကြုံခဲ့ရသလဲဆို ဗိုလ်ချုပ်ခင်ညွန့်ကို အရေးယူခဲ့တုန်းက အဲဒီလိုပဲ အကုန်လုံး ပြဿနာ ရှာတော့တာပဲလေ။ ဒါတွေကျွန်တော်တို့ ကြုံခဲ့ဖူးတယ်လေ။ ဒီကိစ္စမှာလည်း ဦးရွှေမန်းကို ဗြုန်းစားကြီး ဥက္ကဋ္ဌနေရာက ချက်ချင်းဖြုတ်လိုက်တာ။ ဖြုတ်တဲ့ အကြောင်းပြ ချက်ကလည်း ခိုင်ခိုင်လုံလုံတော့ သိပ်မတွေ့ရဘူး။ အဲဒီလိုလုပ်ပြီးမှ တခြားကော်မရှင်နဲ့ ပတ်သက်တဲ့ ဥပဒေပါထပ်ပြီးတော့ ပြဋ္ဌာန်းဖို့လုပ်လာတဲ့အခါ Right to Recall ကိုပဲ လုပ်ဖို့ပြင်နေပြီလားလို့ သုံးသပ်မိတယ်”” ဟု ၁၉၉၀ ရွေးကောက်ခံ ကိုယ်စားလှယ် ဦးဒေးဗစ်လှမြင့်က သုံးသပ်သည်။ ယင်းဖြစ်ရပ်များအပြင် သြဂုတ်လ ၁၈ ရက်က ပြန်လည် ပြုလုပ်သည့် လွှတ်တော်များ အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၌ အစည်းအဝေး စတင်ချိန်တွင် လက်ရှိမြန်မာနိုင်ငံတွင် ရေကြီးရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန်နှင့် ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာသည့်အတွက် ကိုယ်စားလှယ်လောင်းများမှာ စည်းရုံးရေး လုပ်ငန်းများကို လုပ်ဆောင်ရန် ရှိသည်ဟူသော အကြောင်းပြချက်များဖြင့် လက်ရှိလွှတ်တော် အစည်းအဝေးများကို ရပ်ဆိုင်းပေးပါရန် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်များက အရေးကြီးအဆိုများ တင်သွင်းခဲ့ကြသည်။ ယင်းအချက်ကို ကြည့်ပါကလည်း လွှတ်တော်ဥက္ကဋ္ဌ၏ တရားဝင်ရှိဆဲ အာဏာကို အကြောင်းပြချက် အမျိုးမျိုး ဖြင့်ဆက် မရှိတော့စေရန်အတွက် လွှတ်တော်အတွင်းမှပင် ကန့်သတ်လိုက်ခြင်းဟု သုံးသပ်ရမည်ဖြစ်သည်။ ယခင်စစ်အစိုးရ လက်ထက် လက်နက်ကိုင် တော်လှန်နေကြသော တိုင်းရင်းသား အဖွဲ့အစည်းများကို တပ်မတော်က ဖြတ်လေးဖြတ် စစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ရာ ဖြတ်လေးဖြတ်မှာ ရိက္ခာ ဖြတ်တောက်ခြင်း၊ ဘဏ္ဍာငွေ အထောက်အပံ့ လမ်းကြောင်းဖြတ်တောက်ခြင်း၊ သတင်းအဆက်အသွယ်များ ဖြတ်တောက်ခြင်း၊ လူထုအားလက်နက် ကိုင်အကြမ်းဖက် အဖွဲ့အစည်းနှင့် အဆက်အသွယ် မပြုလုပ်နိုင်ရန် ခြိမ်းခြောက် ဖမ်းဆီး သတ်ဖြတ်ခြင်းပင်ဖြစ်သည်။ ယခု ကြံ့ခိုင်ရေးပါတီတွင်း အာဏာလုပွဲကို ကြည့်လျှင်လည်း အဓိက တိုက်ခိုက်ခံရသူ သူရဦးရွှေမန်းအပေါ် ပါတီခေါင်းဆောင် အဆင့်မှ ပါတီဝင်အဆင့်အထိ ဖြုတ်ပစ်ခဲ့သလို လွှတ်တော်တွင်း ကျန်နေသေးသည့် အာဏာအား ရုပ်သိမ်းနိုင်ရန်တွက် ဖိအားပေးလာခြင်း၊ ၎င်းနှင့် ပတ်သက်ဆက်စပ်သည့် သားသမီးများ၏ စီးပွား ရေး လုပ်ငန်းများကိုပါ ပိတ်ဆို့မှု လုပ်လာခြင်းများကို ကြည့်လျှင် ဖြစ်ပွားခဲ့သည့် ကြံ့ခိုင်ရေးပါတီတွင်း အာဏာလုပွဲမှာ စစ်ရေးအမြင်ဖြင့် လုပ်ဆောင်ခဲ့ကြောင်း သက်သေထူလျက် ရှိသည်။ အောင်ထွန်းလင်း မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments: