Sunday, August 23, 2015

မူးယစ်ဆေးဝါး ဖမ်းဆီးမှုမှသည် အလှည့်အပြောင်းတစ်ခုသို့

မူးယစ်ဆေးဝါး ဖမ်းဆီးမှုမှသည် အလှည့်အပြောင်းတစ်ခုသို့ ----------------------------- တပ်မတော်တွင် ဗိုလ်ချုပ်ကြီးရာထူးဖြင့် နောက်ဆုံးထမ်းဆောင်ခဲ့သူ နှစ်ဦးအကြား ပါတီတွင်း အာဏာလုပွဲသတင်းကြောင့် မှေးမှိန်သယောင် ဖြစ်သွားခဲ့သော မူးယစ်ဆေးဝါး တန်ချိန်အမြောက်အမြား ဖမ်းဆီးရမိခြင်း သတင်းသည်လည်း နိုင်ငံတော်အတွက် အရေးပါသော အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ဖွယ် ရှိသည်။ ဤမျှလောက် ပမာဏကြီးကြီး မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်း နောက်ကွယ်တွင် ဧရာမမူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းကြီးတစ်ခုနှင့် အခြားဆက်စပ်ပတ်သက်နေမှု များစွာ ရှိနေနိုင်ပေရာ ကုန်ခဲ့သည့် အနှစ်နှစ်ဆယ်လုံးလုံး တမင်လွှတ်ပေးထားသကဲ့သို့ ဖြစ်နေခဲ့သည့် ပြဿနာ အထုပ်လိုက် အထည်လိုက်ကြီးကို ပုဆိန်နှင့် ပေါက်ခွဲရမည့် အသွင်ဆောင်နေပေသည်။ စင်စစ်အားဖြင့် ကုန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုနှင့်စာလျှင် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် အတွင်းမှသာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့်နှုန်း ခုန်ပျံတက်လာခြင်း ဖြစ်ပြီး ကမ္ဘာ့အလယ်တွင် ဝင်ဆံ့ရန် ကြိုးစားလာသော နိုင်ငံတစ်ခုအတွက် ကောင်းသောလက္ခဏာ တစ်ရပ်ဟု ဆိုနိုင်သော်လည်း တစ်ဖက်တွင်မူ အန္တရာယ်ကြီးသော အခြေအနေတစ်ရပ်ကိုလည်း ရင်ဆိုင်ရဖွယ်ရှိမည် ဖြစ်သည်။ ဆိုလိုသည်မှာ ကုန်ခဲ့သည့် စစ်အာဏာရှင် ခေါင်းဆောင်ပိုင်းအချို့နှင့် များစွာနီးကပ်သော ဆက်ဆံရေး ရှိသော်လည်း နိုင်ငံတကာရဲတပ်ဖွဲ့များ အကြားတွင်မူ နာမည်ဆိုးဖြင့် ကျော်ကြားသော မူးယစ်ရာဇာကြီးများသည် နိုင်ငံတော်စီမံကိန်းများစွာ အစိုးရနှင့် တွဲဖက်လုပ်ကိုင်ထားခဲ့သည့် သက်သေများစွာ ရှိနေသည့်အတွက် မူးယစ်ဆေးဝါးကိစ္စကို ရေဆုံးရေဖျားအထိ ဖြေရှင်းပါက အနှောင့်အသွားမလွတ်သည့် ကိစ္စများစွာ ပေါ်လာနိုင်ခြင်းကို ဆိုလိုသည်။ မြန်မာနိုင်ငံတွင် မကြာသေးခင်က ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ ကိစ္စသည် ကမ္ဘာ့ဒုတိယအများဆုံး စာရင်းဝင်သွားသည့်အပြင် နိုင်ငံတကာ ရဲတပ်ဖွဲ့နှင့်ပါ ချိတ်ဆက်ဆောင်ရွက်ရန် အကြောင်းပေါ်လာခြင်းကြောင့် မဖြစ်မနေ ရေဆုံး၊ ရေဖျားလိုက် ရတော့မည့် အခြေအနေ ဖြစ်ပေါ်နေရာ မူးယစ်ဆေးဝါး ကျောထောက်နောက်ခံ ကုမ္ပဏီလုပ်ငန်းကြီးများနှင့် ဆက်စပ်နေသူများ၊ ပတ်သက်ချိတ်ဆက်နေသူများ သတိကြီးကြီးထားရတော့မည် ဖြစ်သည်။ သို့သော် မကြာခဏဆိုသလို “ရွှေသမင်” ထွက်သွားသည့် ပုံပြင်ဟောင်းများရှေ့တွင် များစွာရှိနေသည့်အတွက် လက်ရှိ မူးယစ်ဆေးဝါးကိစ္စ စုံစမ်းဖော်ထုတ်မှုများသည်လည်း တစ်နေနေရာ အရောက်တွင် ဆိုင်းငံ့ခြင်း၊ ရပ်တန့်ခြင်း၊ တမင်အချိန်ဆွဲခြင်းမျိုးများလည်း ကြုံတွေ့ကောင်း ကြုံတွေ့လာရဖွယ် ရှိပေမည်။ ထို့အတူ နိုင်ငံတကာ မူယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်များ၏ တောင်းဆိုမှုကြောင့် မဖြစ်မနေ တရားခံ ဖော်ထုတ်ပြရမည့် အခြေအနေ ကြုံလာရပါကလည်း မူးယစ်ရာဇာကြီးများနှင့် ချိတ်ဆက်ပတ်သက်ခဲ့သော အာဏာရှင်ဟောင်းများက ယခုလောက်ဆိုလျှင် တစ်ကွက်ကြိုရွှေ့ထားကြဖွယ် ရှိပေမည်။ မည်သို့ပင်ဖြစ်စေ ဤမျှလောက် ကြောက်စရာပမာဏ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုကို မသိလိုက် မသိဘာသာထားကာ မှိန်ဖျော့ပစ်ရန် မလွယ်ကူဘဲ မဖြစ်မနေ စုံစမ်းဖော်ထုတ် အရေးယူခြင်းအားဖြင့် မူးယစ်ငွေမည်းများကြောင့် နိုင်ငံ၏ ဂျီဒီပီ၊ တစ်ဦးချင်းဝင်ငွေ အချိုးနှင့် မည်သို့မျှ မကာမိလောက်သည်အထိ ခေါင်ခိုက်မြင့်မားနေသော အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများကိုပါ အတိုင်းအတာတစ်ခုလောက်အထိ ဆွဲချနိုင်လျှင် နိုင်ငံတော်နှင့် ပြည်သူအတွက် အမြတ်ထွက်နိုင်ကြောင်း ပြောလိုရင်းဖြစ်သည်။ အယ်ဒီတာ (၁၉-၈-၂၀၁၅) ---------------------------------- Editorial, The Voice Weekly Vol-11/No-31 (#voiceeditorial)

No comments: