Saturday, August 22, 2015

ငြိမ်းချမ်းရေး တကယ်လိုချင်တဲ့စိတ် တိုင်းရင်းသားလက်နက်ကိုင်တွေမှာ ရှိဖို့လိုပါတယ်

ငြိမ်းချမ်းရေး တကယ်လိုချင်တဲ့စိတ် တိုင်းရင်းသားလက်နက်ကိုင်တွေမှာ ရှိဖို့လိုပါတယ် ------------------------------------------------------------------------- ကမ္ဘာပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အများဆုံးနိုင်ငံကို ပြပါဆိုရင် မြန်မာနိုင်ငံကို လက်ညှိုးထိုးကြမှာပဲ ဖြစ်ပါတယ်။ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရတွေသာ ပြောင်းသွားတယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ ပြောင်းလဲနိုင်စွမ်း မရှိသေးတာ တွေ့ရပါတယ်။ ပြောင်းလဲနိုင်စွမ်းဆိုတဲ့ နေရာမှာ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်ဘဲ ကိုယ်ကျင်လည်ရာ နေရာဒေသမှာ တစ်ဗိုလ်တစ်မင်း ပုံစံမျိုးကျင့်ကြံနေတာကို ဆိုလိုတာပါ။ လက်နက်ကိုင်တွေရဲ့ စိတ်ဓာတ်နဲ့ ရပ်တည်ချက်တွေ မပြောင်းလဲသရွေ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဟာလည်း ဇာတ်မျောကြီးလို အမျှင်တန်းနေအုံးမှာပဲ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ KIO၊ KIA၊ AA၊ ABSDF၊ ရှမ်းပြည်နယ်မှာဆိုရင် UWSA၊ NDAA၊ RCSS/SSA၊ SSPP/SSA ၊ TNLA၊ PNLO ၊ ကရင်ပြည်နယ်မှာဆိုရင် KNU၊ KKO၊ KNU/KNLA-PC၊ မွန်ပြည်နယ်မှာဆိုရင် MNSP၊ ချင်းပြည်နယ်မှာဆိုရင် CNF၊ ရခိုင်ပြည်နည်မှာဆိုရင် ALP၊ ကယားပြည်နယ်မှာဆိုရင် KNPP ဆိုပြီး လက်နက်ကိုင်အဖွဲ့တွေရှိတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းဆိုတဲ့ လူမျိုးကြီး ၈ မျိုးထဲမှာ ၇ မျိုးက လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်နေလေတော့ ဒီတိုင်းပြည်အေးချမ်းဖို့ အချိန်ပေးနေရတာ မဆန်းပါဘူး။ ဒေသစွဲ၊ လူမျိုးစွဲ၊ အယူဝါဒစွဲတွေကို ခ၀ါချပြီး ပြည်တွင်းငြိမ်းချမ်း ရေးကို အဆုံးသတ်ကြဖို့ လိုပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းငြိမ်းချမ်းရေး အဆုံးမသတ်နိုင်ရင် ဒီမိုကရေစီလမ်းစဉ်ဟာ ဖြောင့်ဖြူးသင့်သလောက် မဖြောင့်ဖြူးနိုင်ပါဘူး။ တိုင်းရင်းသားဒေသတွေမှာ ပဋိပက္ခတွေ၊ တိုက်ပွဲတွေသာ ဖြစ်နေရင် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်လို ကြိုးစားနိုင်တော့မလဲ။ အဲဒီပြဿနာတွေကို ရှင်းနေရတာနဲ့ အချိန်ကုန်နေတာ။ နိုင်ငံမဖွံ့ဖြိုးရင် ပြည်သူနစ်နာတယ်။ တိုင်း တစ်ပါး နိုင်ငံတွေရဲ့ အထင်သေးမှု၊ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်ရတယ်။ လက်နက်ကိုင်ပြဿနာတွေကို ထောက်ပြပြီး ဒီမို ကရေစီလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်အောင် ဖိအားအမျိုးမျိုးပေးပြီး ခလောက်ဆန်လာကြတယ်။ နယ်မြေမအေး ချမ်းခြင်းရဲ့ အကျိုးဆက်က တရားဥပဒေစိုးမိုးမှု ခက်ခဲတာပါပဲ။ တရားဥပဒေစိုးမိုးမှု လျော့နည်းလာတော့ လူမျိုးရေး ပဋိပက္ခတွေ ဖန်တီးလာကြတယ်။ အိမ်နီးချင်း နိုင်ငံတွေနဲ့ယှဉ်ရင် မြန်မာနိုင်ငံဟာ တိုင်းရင်းသားလက်နက်ကိုင်အရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေကို ဖြေရှင်းရတာနဲ့ အချိန်ကုန်နေပါတယ်။ ဒီတော့ ငြိမ်းချမ်းရေးကို မဖြစ်မနေယူကြဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ ဒီကနေ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့ အစိုးရဘက်က ကြိုးစားနေတာ တွေ့ရတယ်။ အစိုးရဘက်က လက်မှတ်ထိုးဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရတယ်။ အစိုးရဟာ ငြိမ်းချမ်းရေး တကယ်လိုချင်နေတယ် ဆိုတာ ပေါ်လွင်နေတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က တိကျရေရာတဲ့ အဖြေထွက်မလာဘူး။ ဟိုအဖွဲ့ပါမှ ထိုးမယ်၊ ဒီအဖွဲ့ပါမှ ထိုးမယ်နဲ့ ညှိနှိုင်းလို့ကို မပြီးနိုင်ဘူး။ အပစ်ရပ်စာချုပ် လက်မှတ်ထိုးဖို့ တိုင်းရင်းသားတွေဘက်က ပျက်ကွက်နေတာ တစ်နည်းအားဖြင့် ငြင်းဆန်နေတာ တွေ့ရပါတယ်။ ဒါပေမယ့် KNU၊ RCSS/SSA၊ ABSDF၊ KNU/KNLA-PC အဖွဲ့တွေကတော့ အစိုးရကမ်းလှမ်းတဲ့ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးမယ်လို့ တရားဝင်ကြေညာချက် ထုတ်ပြန် လိုက်ပါပြီ။ ကျန်တဲ့အဖွဲ့တွေဟာ သူတို့လို မပြတ်သားရဲသေးဘူးဆိုတာ ဘူးပေါ်သလို ပေါ်သွားပါပြီ။ အပစ်ရပ်လက်မှတ်ထိုးရေးကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က RFA သတင်းဌာနနဲ့ အင်တာဗျူးမှာ ``ကျွန်တော့်တပ်မတော်ရဲ့ဆန္ဒပြောမယ် ငြိမ်းချမ်းရေး တကယ်ဖြစ်ချင်တယ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တွေဘက်ကလည်း ငြိမ်းချမ်းရေး ယူချင်တဲ့စိတ် တကယ်ကိုယူချင်တဲ့စိတ်ရှိဖို့လဲ လိုတယ်။ နောက်ကျွန်တော်တို့ သွားနေ တဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာလည်း အားလုံးတူတူညီညီနဲ့ လိုက်ပါလုပ်ဆောင်ဖို့လိုတယ်။ နိုင်ငံတိုင်းကြည့် လိုက်ပါ ဘယ်နိုင်ငံပဲ ကြည့်ကြည့်ပါ လက်နက်ကိုင်ပြီးတော့ တာဝန်ယူတဲ့ အခြေအနေမျိုးကတော့ ဘယ်သူမှလက်မခံ ပါဘူး။ ဒီမိုကရေစီနိုင်ငံကတော့ ပိုဆိုးတာပေါ့လေ။ ဒါကြောင့် ဒီလိုအခြေအနေမျိုးရောက်ဖို့တော့လိုတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း ဒါကို တောင်းဆိုတာ ဖြစ်တယ်။ တောင်းဆိုလို့ သူတို့ဘက်ကနေ ယုံကြည်မှုရှိရှိနဲ့ လုပ်ပြီဆိုလိုရှိရင် ဒါ ငြိမ်းချမ်းရေးဟာ အပြည့်အ၀ ငြိမ်းချမ်းရေး အခြေအနေမျိုး ရောက်သွားမှာပဲ ဖြစ်ပါတယ် ´´ ဟု ပြောကြားသွားပါတယ်။ မှန်ပါတယ်။ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အစိုးရကရော တပ်မတော်ကပါ လိုလို လားလားနဲ့ အကောင်အထည်ဖော်နေကြပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က အဖြေပဲ ကျန်ပါတော့တယ်။ တချို့က လက်ခံတယ်။ တချို့က အဖွဲ့အားလုံးပါမှ လက်မှတ်ထိုးမယ်ဆိုပြီး အကြောင်းပြတယ်။ ထိုင်း၊ အိန္ဒိယ၊ တရုတ် သုံးနိုင်ငံကို သက်သေအဖြစ် ထားပေးတာတောင် အပစ်ရပ်လက်မှတ်ထိုးရင် US၊ UN၊ UK၊ EU တို့ကို ပါဝင်ဖို့ ပြောနေ ကြတယ်။ တိုင်းရင်းသားတွေဘက်က ဆင်ခြေတွေများလွန်း မနေဘူးလား။ သမ္မတက ၁၅ ဖွဲ့နဲ့ ထိုးမယ်ဆိုရင် ဖိတ်ခေါ်ခံ ရတဲ့ ၁၅ ဖွဲ့က ထိုးလိုက်ပေါ့။ အဖြေက ရှင်းနေတာပဲ။ ဟိုလို အကြောင်းပြ ဒီလို အကြောင်းပြ လုပ်နေရင်တော့ ပြည်တွင်း ငြိမ်းချမ်းရေးဟာ မျှော်လေလေဝေးရမယ့်ကိန်း ဆိုက်ပါတော့မယ်။ အပစ်မရပ်နိုင်ခြင်းရဲ့ ဇာစ်မြစ်ကို ဆန်းစစ်ကြည့်လိုက် တော့ ငြိမ်းချမ်းရေးတကယ်လိုချင်တဲ့စိတ် တိုင်းရင်းသားလက်နက်ကိုင်တွေမှာရှိဖို့ လိုတယ်ဆိုတဲ့အဖြေပဲ ထွက်လာပါ တယ်။ #ဇော်နိုင်ထွန်း

No comments: