Thursday, August 27, 2015

ကချင်စစ်ရှောင်ဒုက္ခသည်များအတွက် ပူတာအိုရှိ စာသင်ကျောင်းများတွင် ဆန်အလှူခံနေဟုဆို =========================================

ကချင်စစ်ရှောင်ဒုက္ခသည်များအတွက် ပူတာအိုရှိ စာသင်ကျောင်းများတွင် ဆန်အလှူခံနေဟုဆို ========================================= မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)တို့ကြား ဖြစ်ပွား နေသော တိုက်ပွဲများကြာင့် တိမ်းရှောင်နေရသော ဆွမ်ပရာဘွမ်မြို့နယ်ရှိ စစ်ဘေးဒုက္ခသည် များအား ကူညီထောက်ပံ့ရန် ပူတာအိုမြို့ရှိ အခြေခံပညာစာသင်ကျောင်းများ၌ ပြည်နယ်အုပ်ချုပ် ရေးပိုင်းက ဆန်များအလှူခံနေကြောင်း သတင်းရရှိသည်။ ယင်းသို့ ဆန်အလှူခံခြင်းကို ပူတာအိုမြို့နယ် အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ပညာရေးမှူး ရုံး၏တရား ဝင်စာဖြင့် သြဂုတ် ၂၅ ရက်က အလှူခံခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ထို့ပြင် ပူတာအိုနှင့် မချမ်းဘောရှိ ဘာသာရေးအသင်းများကလည်း ဆွမ်ပရာဘွမ်ရှိ စစ်ဘေး ဒုက္ခသည်များအား ကူညီရန် အုပ်ချုပ်ရေးဘက်မှ ဆန်အလှူခံနေကြောင်း မချမ်းဘောမှ ဘာသာ ရေးဆရာတစ်ဦးက ပြောသည်။ ‘‘ကျွန်တော်တို့အသင်းတော်လည်း ဆွမ်ပရာဘွမ်မြို့ပေါ်မှာရှိတဲ့ ဒုက္ခသည်တွေကို ကူညီဖို့ဆိုပြီး ဘယ်လောက်ထည့်နိုင်မလဲလို့ ပြောတယ်။ ကျွန်တော်တို့လည်း နေ့တိုင်း ဒီမှာ ပူတာအိုမှာ ဒုက္ခသည်အယောက် ၂၀၀ ကျော်ကို ကျွေးမွေးနေရတဲ့အတွက် သိပ်များများတော့ မကူညီနိုင်ဘူးလို့ပဲပြောပြီး ဆန်တစ်အိတ်စာ ကျပ်ငွေသုံးသောင်း လှူခဲ့ပါတယ်’’ဟု ၎င်းက ပြောသည်။ ယင်းသို့ ဆန်အလှူခံနေသော်လည်း ပူတာအိုမှ ဆွမ်ပရာဘွမ်သို့ သွားလာရန်မှာ ယခုအချိန်တွင် အခက်အခဲများစွာရှိနေပြီး အဆိုပါဒုက္ခသည်များထံသို့ ရေလမ်းဖြင့်သွားမှသာ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ပူတာအိုမြို့သည် ယခင်ကတည်းက လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အပြင် ဆန်ရှားပါး သည့်ဒေသဖြစ်၍ အချို့ကျောင်းများတွင် ဆန်အနည်းငယ်သာ ကောက်ခံရရှိခဲ့ကြောင်း ဒေသခံ ကျောင်းဆရာမတစ်ဦးက ပြောသည်။ အဆိုပါကိစ္စကို အသေးစိတ်မေးမြန်းနိုင်ရန် ပူတာအိုမြို့နယ်နှင့် ခရိုင်အုပ်ချုပ်ရေးရုံးများသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းခက်ခဲသည့်အတွက် ဆက်သွယ်၍ မရခဲ့ပေ။ ကချင်ပြည်နယ် အစိုးရအဖွဲ့ကမူ ယင်းဆန်အလှူခံသည့်ကိစ္စကို မသိရှိသေးကြောင်း အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။ မြန်မာ့တပ်မတော်နှင့် ကေအိုင်အိုတို့ကြား ပြန်လည်ဖြစ်ပွားသော စစ်ပွဲများကြောင့် ဆွမ်ပရာဘွမ်ဘက်သို့ ရောက်ရှိလာသည့် ဒုက္ခသည်မှာ လက်ရှိအချိန်အထိ ၉၈ ဦးရှိပြီး ၎င်းတို့အား ဆန်နှင့်အခြားပစ္စည်းများ ကူညီခဲ့ကြောင်း ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောကြားသည်။ ထို့ပြင် ဆွမ်ပရာဘွမ်ဒေသသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် စစ်ဘေး ဒုက္ခသည်များသာမက ဒေသခံပြည်သူများကိုပါ ထောက်ပံ့ကူညီရန် စီစဉ်နေကြောင်း ၎င်းက ပြောသည်။ သို့သော် ကေအိုင်အေထိန်းချုပ်နယ်မြေရှိ ဆွမ်ပရာဘွမ်မြို့နယ် မလိခမြစ်ကမ်း တစ်လျှောက် ကျေးရွာများတွင် ဒုက္ခသည်ဦးရေ ၁,၄၀၀ ကျော်ရှိနေပြီးသွားရောက် ကူညီမည့် သူများကို တပ်မတော်က လမ်းကြောင်းပိတ်ထား၍ ဒုက္ခသည်များအတွက် ဆေးဝါးနှင့် အစား အသောက်များ အခက်အခဲများစွာရှိနေကြောင်း သိရသည်။ ထို့ပြင် သြဂုတ် ၂၅ ရက်တွင် ဆွမ်ပရာဘွမ်မြို့နယ်ရှိ လောဒ်မိုင်ယန်ကျေးရွာအနီး ကေအိုင် အေ တပ်မဟာ(၁)လက်အောက် တပ်ရင်း(၇)ဒေသ၌ အစိုးရနှင့် ကေအိုင်အေတို့တိုက်ပွဲ ဖြစ်ပွားခဲ့ သည်။ By 7Days

No comments: