Saturday, August 22, 2015

အခြေခံဥပဒေပုဒ်မ ၆၄ အရ သမ္မတကြီးသည် ပါတီတစ်ခုရဲ့ လှုပ်ရှားမှုထဲမှာ ပါဝင်ခွင့် မရှိဘူး ” – သဘောထားအမြင်

“ အခြေခံဥပဒေပုဒ်မ ၆၄ အရ သမ္မတကြီးသည် ပါတီတစ်ခုရဲ့ လှုပ်ရှားမှုထဲမှာ ပါဝင်ခွင့် မရှိဘူး ” – သဘောထားအမြင် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု ၀န်ကြီးတွေ၊ ဒုတိယ၀န်ကြီးတွေက အာဏာရပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီထဲမှာ ပါနေတာ၊ ပါတီအစည်းအဝေးတွေ တက်တာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီလား၊ မကိုက်ညီဘူးလား ဆိုတဲ့ အဆုံးအဖြတ်က ခုံရုံးကနေ ပေးရမယ် … ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ပါတီလုပ်ငန်းများကို ဖိဖိစီးစီး ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ သူရဦးရွှေမန်း၏ နေရာတွင် ဦးဌေးဦးကို သြဂုတ်လ ၁၂ ရက်တွင် လက်ရှိသမ္မတတာဝန် ထမ်းဆောင်နေသည့် ဦးသိန်းစိန်က လွှဲအပ်ခဲ့ရာ ယင်းလုပ်ရပ်နှင့် ပတ်သက်၍ သမ္မတ ဦးသိန်းစိန်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာသည်။ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ပြုလုပ်ခဲ့သည့် ကြံ့ခိုင်ရေးပါတီ၏ ပထမအကြိမ် ဗဟိုညီလာခံကျင်းပစဉ်က သမ္မတ ဦသိန်းစိန်သည် ညီလာခံသို့ တက်ရောက်ကာ ပါတီ၏ ဥက္ကဋ္ဌ ရာထူးအား ဒုတိယဥက္ကဋ္ဌထံ ပေးအပ်သည့် လုပ်ဆောင်မှုများ ရှိခဲ့ဖူးသည်။ အလားတူ သြဂုတ်လ ၁၇ ရက်တွင် ကြံ့ခိုင်ရေးပါတီ ရုံးချုပ်သို့ လာရောက်ကာ ဥက္ကဋ္ဌ ပူးတွဲ တာဝန် လွှဲပြောင်းခြင်းအတွက် ကြံ့ခိုင်ရေးပါတီ လွှတ်တော် ကိုယ်စားလှယ်များအား လာရောက် ရှင်းလင်းခဲ့ခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ ပါ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများသည် နိုင်ငံရေး ပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ မိမိတို့ ရာထူး သက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီ လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်း မပြုရဟူသော ပြဋ္ဌာန်းချက်ကို ချိုးဖောက်ခြင်းပင် ဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာရာ ယင်းဝေဖန်မှုများကို စုစည်း၍ ဖော်ပြလိုက်ပါသည်။ ရှိန်းဝေနောင် ● ဒေါက်တာအေးမောင် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်) အဲဒါအပေါ်မှာ ငြိတယ်ဗျ။ ဘာကြောင့်လဲဆို ညီလာခံမှာ သူဖြတ်သန်း ခဲ့တာကိုး။ ပြည်ခိုင်ဖြိုးပါတီ ညီလာခံကို မဖြတ်သန်းခဲ့ရင် ဦးသိန်းစိန်ဟာ မငြိဘူး။ ပါတီညီလာခံဆိုတဲ့ ပါတီရဲ့ လှုပ်ရှားမှုထဲမှာ ဦးသိန်းစိန်သည် ရွေးကောက်ပွဲ ပြန်ဝင်ခဲ့တာမို့လို့ ပုဒ်မ ၆၄ ကို ငြိတယ်။ ဦးအောင်သောင်း ကိုယ်တိုင် ဒီအတိုင်း ဖွင့်ဆိုခဲ့တာပဲ။ အဲဒီတော့ အခြေခံဥပဒေ ပုဒ်မ ၆၄ အရ သမ္မတကြီးသည် ပါတီတစ်ခုရဲ့လှုပ်ရှားမှုထဲမှာ ပါဝင်ခွင့်မရှိဘူး။ တစ်နည်းအားဖြင့် ပါတီညီလာခံသည် သမ္မတကြီးကို စတင်ခန့်အပ်တဲ့ နေ့ကစပြီး သမ္မတကြီး ပင်စင်ယူခါနီး သို့မဟုတ်ပေါ့ဗျာ၊ နောက်တစ်ကြိမ် ရွေးကောက်ပွဲ ကာလအထိ ပါတီညီလာခံ ၅ နှစ်ဖြစ်ခဲ့ရင် ပြဿနာမရှိဘူး။ အဲဒါလေးကတော့ ငြိတယ်ဗျ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ အရ ငြိတယ်။ လက်ရှိ လွှတ်တော် နာယကကြီးကို ဒုတိယဥက္ကဋ္ဌအဖြစ် ထပ်ပေးတယ်ဆိုတဲ့ အသုံးအနှုန်း သုံးတာကိုက ပြည်ခိုင်ဖြိုး ပါတီဘက်က ဖွံ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်သလို ဖြစ်နေတယ်။ အမှန်က ဒုတိယဥက္ကဋ္ဌကို ဥက္ကဋ္ဌအဖြစ် ပေးခဲ့ကြရမှာ။ သမ္မတကြီးသည် ပြည်ခိုင်ဖြိုးပါတီ ညီလာခံမှာ ရွေးကောက်ပွဲ မ၀င်ခဲ့တဲ့အတိုင်း ဖြစ်ရမှာ။ မ၀င်ခဲ့ဘူးဆိုတဲ့ အနေအထားဖြစ်ရမှာ။ ၀င်ခဲ့တာနဲ့ ပါတီရဲ့ လှုပ်ရှားမှုမှာပါခဲ့တယ်။ ပါတယ်ဆိုရင် ပုဒ်မ ၆၄ ကို ချိုးဖောက်တယ်။ ● ဒေါက်တာညိုညိုသင်း (ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်) ပါတီရဲ့ လုပ်ငန်းတွေမှာ ပါနေတယ် ဆိုရင်တော့ လက်ရှိဥပဒေနဲ့ ဆိုရင်တော့ ငြိစွန်းနေတာပေါ့။ သူက သမ္မတ ဖြစ်နေစဉ်ကာလမှာတော့ ပါတီရဲ့ လုပ်ငန်းတွေနဲ့ ကင်းကင်းရှင်းရှင်း နေသင့်တာပေါ့။ ဒါမှသာလျှင် ဥပဒေနဲ့ ညီညွတ်တဲ့ စံပြသမ္မတ ဖြစ်မှာပေါ့။ သမ္မတကြီးကအစ ဥပဒေကို မလေးစားဘူး ဆိုလို့ရှိရင် ကျန်တဲ့လူတွေ လေးစားဖို့က ခက်ခဲမှာပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်တယ် ဆိုတာကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ရမှာပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ဒီကိစ္စက မေးခွန်း ထုတ်သင့်တာပေါ့။ ● ဦးစောထားလုံ (ဗဟိုကော်မတီဝင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ဦးသိန်းစိန် လာပြောတဲ့နေ့တုန်းက လွှတ်တော် ကိုယ်စားလှယ်တွေပဲ တက်ရတယ်လေ။ ဦးတို့တော့ မတက်ရဘူး။ မတက်ရဘူးဆိုတော့ အဲဒီကိစ္စက သိပ်ပြီးတော့ ပြောလို့ မတတ်ဘူး ဖြစ်နေတယ်။ လောလောဆယ်တော့ သူကပါတီ ဥက္ကဋ္ဌ ရာထူးယူထားတယ်လေ။ ပါတီဥက္ကဋ္ဌ ရာထူးယူထားတော့ ပါတီနဲ့ ပတ်သက်တဲ့ စည်းဝေးပွဲမှာတော့ သူကတော့ ပြောပိုင်ခွင့်ရှိပါတယ်။ သူကတော့ ၀င်ရောက် စွက်ဖက်တာတော့ မဟုတ်ဘူးပေါ့နော်။ သူကအကြီးအကဲ အနေနဲ့ အကြံပေးတာလောက်ပဲ လာပြော သွားတယ်လို့ ကြားတာ ပေါ့နော်။ အဓိကကတော့ အခုဒုဥက္ကဋ္ဌဖြစ်တဲ့ ဦးဌေးဦးကပဲ အစအဆုံး တာဝန်ယူ ဆောင်ရွက်သွားမှာပေါ့နော်။ ● ဦးရောဘတ်စန်းအောင် (တရားလွှတ်တော်ရှေ့နေ) သမ္မတကြီးက ပါတီကိစ္စ ၀င်လုပ်တာကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့တော့ မညီဘူးဗျ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ သမ္မတကြီးကို အဲဒီလို လွှဲအပ်ထားတဲ့ အခွင့်အာဏာမရှိဘူး။ အဲဒါကို သမ္မတကြီးက ၀င်ပြီးတော့ လုပ်တယ်ဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြဿနာဖြစ်တယ်။ ဒါကို သက်ဆိုင်ရာ ပါတီတွေက လွှတ်တော်ထဲမှာ ဆွေးနွေးသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလိုမဆွေးနွေးရင် သမ္မတ အဆက်ဆက် လက်ထက်မှာ အစဉ်အလာလို ဖြစ်ပြီးတော့ ဒီမိုကရေစီ လမ်းကြောင်းကနေ သွေဖည်သွားနိုင်တယ်။ အဲဒီလို သွေဖည်မှုတွေ မဖြစ်အောင် ဒါကို လွှတ်တော်ထဲမှာ ဆွေးနွေးဖို့ လွှတ်တော် ကိုယ်စားလှယ်တွေမှာ တာဝန်ကို ရှိတယ်။ ● ဦးဇိုဇမ် (ဥက္ကဋ္ဌ၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ) တကယ်လို့ သူသမ္မတရာထူးကို ယူတဲ့ကာလမှာ ပါတီလုပ်ငန်း လုပ်တယ်ဆိုရင်တော့ သူမှားမှာပေါ့။ သမ္မတ ဆိုတာက ပါတီတစ်ခုခုရဲ့ ဦးဆောင်တဲ့သူ မဟုတ်ဘူး။ သမ္မတဆိုတာက ကျွန်တော်တို့ ပြည်သူအားလုံး၊ ပါတီဝင်တွေရော၊ ပါတီရှိတဲ့လူရော၊ ပါတီမဲ့တဲ့လူရော၊ သူတို့အားလုံးရဲ့၊ ပြည်သူအားလုံးရဲ့ အကျိုးကို ဆောင်ပေးမယ့်သူပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ပါတီတစ်ခုရဲ့ အကျိုးကို ဆောင်ပေးနေတယ် ဆိုရင်တော့ ကျွန်တော်လည်း ကန့်ကွက်ရမှာပါ။ သမ္မတအနေနဲ့ အဲဒီလို ပါတီတစ်ခုရဲ့ အရေးကိစ္စကို ထမ်းဆောင် နေတယ် ဆိုရင်တော့ ကျွန်တော်တို့ကလည်း မကြိုက်ဘူးပေါ့ဗျာ။ သမ္မတတာဝန် ထမ်းဆောင်တဲ့အချိန်မှာတော့ ဒါမျိုးက မလုပ်သင့်ပါဘူး။ ● ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသုံးသပ်သူ) သမ္မတရော၊ ဒုတိယသမ္မတတွေရော၊ နောက်ပြည်ထောင်စု ၀န်ကြီးတွေရော၊ ဒုတိယ ၀န်ကြီးတွေရောဟာ မိမိတို့ ရာထူး သက်တမ်းအတွင်းမှာ နိုင်ငံရေးပါတီရဲ့လုပ်ငန်းတွေမှာ ပါဝင် ဆောင်ရွက်ခွင့်မ ရှိဘူးလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ သူက အတည့်အလင်း ပြဋ္ဌာန်းထားတယ်။ အဲဒီတော့ သမ္မတပဲဖြစ်ဖြစ်၊ ဒုသမ္မတပဲဖြစ်ဖြစ်၊ ၀န်ကြီး၊ ဒုတိယ၀န်ကြီးပဲဖြစ်ဖြစ် ပါတီရဲ့လုပ်ငန်းတွေမှာ ၀င်ပြီး ဆောင်ရွက် ချင်တယ်ဆိုရင် သူတို့ရဲ့ မူလ ရာထူးတွေကနေ နုတ်ထွက်ရမယ်။ နုတ်ထွက်ပြီးတော့မှ ပါတီရဲ့လုပ်ငန်းတွေမှာ ၀င်ပြီးတော့ ဆောင်ရွက်လို့ ရမယ်။ ဥပမာ ပါတီလုပ်ငန်းဆိုတာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ယင်းပါတီအဖွဲ့အစည်း၊ ပါတီလုပ်ငန်းများ တွင် ပါဝင် ဆောင်ရွက်ခြင်းမပြုရ၊ အဲဒီတော့ ပါတီ လုပ်ငန်းများဆိုတာကို အဓိပ္ပာယ် ဖွင့်ဆိုဖို့ လိုတယ်။ ဥပမာ သမ္မတဟာ ပါတီတစ်ခုမှာ ပါတီဥက္ကဋ္ဌ တာဝန်ကို ဆောင်ရွက်နေတယ်။ နောက်ပြီးတော့ ၀န်ကြီးတွေကလည်းပဲ ပါတီရဲ့ ခေါင်းဆောင်ပိုင်း တာဝန်တွေကို ဆောင်ရွက်နေတယ်ဆိုရင် ဒါဟာ ပါတီလုပ်ငန်းတွေမှာ ပါဝင် ဆောင်ရွက်နေတယ်လို့ မှတ်ယူလို့ရတယ်။ အဲဒီ အဆုံးအဖြတ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ကနေပြီးတော့ သူက အဆုံးအဖြတ် လုပ်ရမယ်လို့ နားလည်တယ်။ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု ၀န်ကြီးတွေ၊ ဒုတိယ၀န်ကြီးတွေက အာဏာရပါတီရဲ့ ဗဟိုအလုပ် အမှုဆောင် ကော်မတီထဲမှာ ပါနေတာ၊ ပါတီ အစည်းအဝေးတွေ တက်တာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီလား၊ မကိုက်ညီဘူးလား ဆိုတဲ့ အဆုံးအဖြတ်က ခုံရုံးကနေပေးရမယ်။ မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments: