Friday, August 21, 2015

နစ်မြုပ်လုဆဲဆဲ သင်္ဘောကြီးပေါ်က အာဏာကစားကွက်များ ==================

ရှမ်းပြည်နယ်လွှတ်တော် ရုတ်တရက်ရက်တိုးမှု အမတ်များဝေဖန် ------------------------------------------------------------------------ ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးကို သြဂုတ်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့များ တွင် ကျင်းပခဲ့ပြီး လွှတ်တော်ပြီးဆုံးကြောင်း ကြေညာခဲ့သော်လည်း ရုတ်တရက် ရက်ထပ်တိုးကာ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ပြောင်းလဲခန့်အပ်ခြင်းကို အတည်ပြုခဲ့သောကြောင့် ဝေဖန်မှုများ ပေါ်ပေါက် နေကြောင်း MID NEWS မှ သတင်းရရှိသည်။ ယင်းအရေးပေါ် အစည်းအဝေးအား သြဂုတ်လ ၂၀ ရက်နေ့ တရက်ထပ်တိုးကာ ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ အစား အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးစိုးမိုးအောင် အား ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးအဖြစ် တာဝန်လွှဲပြောင်းပေးမှုကို လွှတ်တော်မှ အတည်ပြု ခဲ့ကြောင်း သိရသည်။ “အရေးပေါ် အစည်းအဝေး ပြီးသွားပြီလို့ တရားဝင် ကြေငြာပြီး ရပ်နားလိုက်တဲ့အတွက် လွှတ်တော်အမတ် တော်တော်များများက ပြန်ကုန်ကြပြီလေ။ လွှတ်တော်အမတ် ၆၀ လောက်ပဲ ဒီအစည်းအဝေးကို တက်နိုင်တော့ တယ်” ဟု နမ့်စန်မြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသူရိန်ဦး ကပြောသည်။ လွှတ်တော်အစည်းအဝေး ပြီးဆုံးကြောင်း တရားဝင် ကြေငြာပြီးနောက် လွှတ်တော်အမတ် ထက်ဝက်ကျော်ခန့် ၄င်းတို့ ဒေသအသီးသီးသို့ ပြန်သွားစဉ် ရုတ်တရက် အစည်းအဝေး ရက်တိုးလိုက်ခြင်းအပေါ် နားမလည်နိုင် ကြောင်း လွှတ်တော်အမတ်များက ပြောသည်။ “ကျနော်က အိမ်ပြန်နေပြီ။ လွိုင်လင်လောက်ရောက်တော့ ဖုန်းဝင်လာတယ်။ လွှတ်တော်က အစည်းအဝေး ထပ်ခေါ်တယ်ဆိုပြီး။ စည်းအဝေးပြီးဆုံးကြောင်း တရားဝင်ကြေငြာပြီးမှ ဒီလိုလုပ်တယ်ဆိုတော့ ဘာသဘော လဲတော့ မသိဘူး။ ပွင့်လင်းမြင်သာမှု မရှိဘူး။ ဒီမိုကရေစီနည်းလမ်း မကျဘူးလို့မြင်တယ်” ဟု မိုးနဲမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်ကြီး ကပြောသည်။ ယင်းရက်ထပ်တိုးသော အစည်းအဝေးအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၃၀ ကျော် ရှိသည့်အနက် ၆၀ ခန့်သာ တက်ရောက်ခဲ့ကြောင်း သိရသည်။ MID

No comments: