Friday, January 30, 2015

ကျိုက်ထီးရိုး ဘုရားရင်ပြင် ပေါ်က မလွယ်ကူလှတဲ့ ကျောတစ်ခင်းစာ ========================================= မင်းညီ ရေးသားသည်။ Photo :: Maddie Gange ''ကျောင်းပိတ်ရက်မှာ ကလေးတွေကျိုက်ထီးရိုးဘုရား သွားဖူးချင်တယ်ဆိုလို့လိုက်ပို့ပေးတယ်။ ဟိုရောက်တော့ အိပ်စရာနေရာမရှိဘူး။ ဟိုတယ်တည်းခိုခန်းတွေက ဈေး အဆမတန်တောင်းလို့ မတည်းနိုင်ဘူး။ ဘုရားရင်ပြင်တစ် ဝက်လောက်ကလည်း လူကြီးတွေလာရင် တည်းဖို့သူတို့ ကိုယ်ပိုင်ဓမ္မာရုံအလားဆောက်ထားကြတော့ တကယ့်ဘုရား ဖူးပြည်သူတွေ ကျောတစ်ခင်းစာတောင် နေရာမရှိတော့ဘူး''။ ကျောင်းပိတ်ရက်လေးမှာ ကျိုက်ထီးရိုးဘုရားကို တစ် ညအိပ်ခရီး ဘုရားဖူးထွက်လာခဲ့တဲ့ ဒိုက်ဦးမြို့ကဒေါ်တင် လှတို့မိသားစု အိပ်စရာနေရာ မရလို့တစ်ညလုံးရင်ပြင်တော် ဆေးပေးခန်းအနီးမှာ ဖြစ်သလိုအိပ်စက်ခဲ့ပုံကိုပြောပြပါ တယ်။ မြန်မာနိုင်ငံရဲ့အထင်ကရကျိုက်ထီးရိုးစေတီတော် ကို ဒီဇင်ဘာနဲ့ဇန်နဝါရီလတွေမှာ နေ့စဉ်ဘုရားဖူးထောင်ချီ လာရောက်ကြပါတယ်။ အထူးသဖြင့် စနေ၊ တနင်္ဂနွေပိတ် ရက်တွေမှာ တိုးမပေါက်နိုင်အောင်များ ပါတယ်။ ဒါပေမဲ့ ကျိုက်ထီးရိုးစေတီဘုရားရင်ပြင်တော်က အဲဒီဘုရားဖူးတွေ အားလုံးတည်းခိုနိုင်လောက်အောင် နေရာမကျန်တော့ပါ ဘူး။ ဘာကြောင့်လဲဆိုတော့ ရင်ပြင်တော်တစ်ဝက်လောက် ကိုနိုင်ငံတော်အကြီးအကဲတွေလာရင် တည်းခိုဖို့ဓမ္မာရုံတွေ ဆောက်ထားကြပါတယ်။ အထူးသဖြင့် သီဟဓမ္မာရုံနဲ့တိ ဿဓမ္မာရုံနှစ်ခုဟာ ဘုရားရင်ပြင်တော်ပေါ်မှာ နေရာ တော်တော်ယူထားပါတယ်။ အဲဒီဓမ္မာရုံတွေကို အချိန်ပြည့် ပိတ်ထားပြီး တာဝန်ကျလုံခြုံရေးတွေက အမြဲစောင့်ကြပ် နေပါတယ်။ သီဟဓမ္မာရုံရဲ့ရှေ့ဘက်မျက်နှာစာမှာတော့ အလှူရှင် ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့် ဇနီးဒေါ်ခင်လေး သက်လို့ ကမ္ဗည်းစာလုံးအကြီးကြီးထိုးထားပါတယ်။ ဒီစာ သားကို ကြည့်ခြင်းအားဖြင့် ဒီဓမ္မာရုံမှာ သာမန်ဘုရားဖူးပြည် သူတွေ တည်းခိုခွင့်မရှိဘူးလို့ထုတ်ပြောနေသလိုပါပဲ။ ဒါ့အပြင် အခြားသုံးထပ်ဆောင်၊ ပြည်ထဲရေးဓမ္မာရုံ နဲ့ဌာနဆိုင်ရာခေါင်းစဉ်တွေနဲ့ဆောက်ထားတဲ့ ဓမ္မာရုံတွေ ကိုလည်း ပြည်သူတွေကိုတည်းခိုခွင့်မပြုပါဘူး။ သက်ဆိုင် ရာဌာနကလူကြီးတွေလာရင် တည်းခိုဖို့နဲ့လူကြီးတွေ လာ မတည်းတဲ့အချိန်မှာ ဘုရားဖူးတွေကို ဈေးကြီးကြီးနဲ့ဓမ္မာရုံ စောင့်တွေက ငှားစားကြပါတယ်။ ဒါကြောင့် ကုန်ကျစရိတ် နည်းနည်းနဲ့ဘုရားလာဖူးတဲ့မိသားစုတွေဟာ ရင်ပြင်တော် မှာဖြစ်သလို စောင်လေးတွေကာပြီး အဖီထိုးညအိပ်ကြပါ တယ်။ ''ရင်ပြင်မှာ အိပ်တဲ့လူက အရမ်းများတယ်။ တချို့တွေ က ကိုယ့်ကလေးတွေကို အဲဒီမှာပဲသေးတည်ကြတော့ ဆီးအနံ့တွေက ဟောင်နေတာပဲ။ ထမင်း ဆိုင်တွေကလဲ ဈေးမတန်တဆတောင်းနေတော့ ဘုရားဖူးတွေက ကိုယ့် ထမင်းချိုင့်နဲ့ပဲ ကိုယ်လာကြတယ်။ ဝယ်မစားကြတော့ဘူး။ အဲဒီတော့ ရင်ပြင်တော်က ထမင်းကျန်ဟင်းကျန်တွေနဲ့ ညစ်ပတ်နေတာပဲ။ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်''လို့ သန်လျင်နည်းပညာတက္ကသိုလ်မှ အုပ်စုအလိုက်ဘုရား ဖူးထွက်လာကြတဲ့ ဒုတိယနှစ်ကျောင်းသားတစ်ဦးက ပြော ပါတယ်။ ဒါ့ပြင် ရင်ပြင်တော်မှာ အိပ်တဲ့လူတွေများလွန်း လို့ဘုရားဝတ်ပြုဖို့လူတစ်ကိုယ်စာတောင်နေရာမရလို့ ဘုရား ကောင်း ကောင်းမဖူးခဲ့ရဘူးလို့လည်း သူကဆက်ပြောပါ တယ်။ ''ဘုရားရှိခိုးဖို့နေရာတောင်မရှိဘူး။ ရင်ပြင်တော် ရော၊ ဘုရားအပေါ်အောက် ပတ်လမ်းတွေမှာရော စောင် ကာပြီး အိပ်နေတဲ့လူတွေ ပြည့်နေတာပဲ။ ဘုရားကောင်း ကောင်းရှိခိုးလို့ရမယ့်နေရာကျပြန်တော့လဲ ဓမ္မာရုံတွေ ဆောက်ထားတယ်။ အဲဒီဓမ္မာရုံတွေမှာ ပြည်သူတွေကိုပေး မတည်းဘူး။ နိုင်ငံတော်အကြီးအကဲတွေအတွက်တဲ့''။ ကျိုက်ထီးရိုး ဘုရားရင်ပြင်တော်မှာ အများသုံးအိမ် သာတွေကို တစ်ခါသုံးကျပ်နှစ်ရာပေးရပါတယ်။ ဒါပေမဲ့ အိမ်သာထဲမှာ ရေပုံးမထားပေးပါဘူး။ ကိုယ့်တစ်ခါသုံးစာ အတွက် ရေပုံးသေးသေးလေးတစ်ပုံးကို ကိုယ်တိုင်ဆွဲပြီး အိမ်သာတက်ရပါတယ်။ အဲဒီတစ်ခါစာက ရေဖလားသုံးခွက် စာတောင်မပြည့်ပါဘူး။ အများသုံး ရေချိုးခန်းဆိုလည်း ရေတစ်ပုံး ကျပ် ၅ဝဝနဲ့ဝယ်သုံးရပါတယ်။ ရေနွေးဆိုရင် တော့ ကျပ် ၈ဝဝယူပါတယ်။ ဒီလောက်တစ်နိုင်ငံလုံးဘုရား ဖူးတွေကြိတ်ကြိတ်တိုးစည် ကားတဲ့နေရာမျိုးမှာ သန့်ရှင်း ရေး(ရေ+အိမ်သာ)အတွက် အဆင်ပြေအောင် မဖန်တီး ထားတာဟာတော်တော်အရုပ်ဆိုး အကျည်းတန်စေပါ တယ်။ ကျိုက်ထီးရိုးစေတီယဉ်ကျေးမှုဇုန်ဝင်ကြေးကောက် ခံမှုကို ယဉ်ကျေးမှုဝန်ကြီးဌာနက မွန်ပြည်နယ်စည်ပင် သာယာရေးကော်မတီကို ၂ဝ၁၃နိုဝင်ဘာ ၁ရက်ကစတင် ပြီး လွှဲပြောင်းပေးခဲ့ပါတယ်။ ၂ဝ၁၄ နိုဝင်ဘာ ၁၂ရက်အ ထိ အချိန် ၁၂လအတွင်းမှာ ဇုန်ဝင်ကြေး သိန်းခုနစ်ထောင် ကျော် ကောက်ခံရရှိတယ်လို့ မွန်ပြည်နယ်စည်ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံခြား သားတစ်ဦးကိုအမေရိကန် ခြောက်ဒေါ်လာ (မြန်မာ ငွေကျပ်၆ဝဝဝ)ကောက်ခံပါတယ်။ အဲဒီနိုင်ငံခြားသား တွေကိုရိုးရိုးတည်းခိုခန်းမှာ တည်းခိုခွင့်မပြုလို့သူ တို့ဟာ ရိုးရိုးလေးဟိုတယ်၊ ကျိုက်ထီးရိုးဟိုတယ်နဲ့ Mountain Top ဟိုတယ်တွေမှာ တည်းခိုရပါတယ်။ သြစတြေးလျနိုင်ငံသူ Maddie Gange က ''ကျွန်မတို့ကို Foreign Pass ဆိုပြီး ခြောက်ဒေါ်လာယူတယ်။ ပြီးတော့ ကျွန်မတို့ကိုတည်းခိုခန်းတို့ဘုရားရင်ပြင်တို့မှာ တည်းခိုခွင့် မပြုဘူး။ ဟိုတယ်တွေမှာ တည်းခိုခိုင်းတယ်။ ကျွန်မရိုးရိုး လေးဟိုတယ်ရောက်သွားတော့ တစ်ညကို ဒေါ်လာ ၁ဝဝ တောင်းတယ်။ ကျွန်မထပ်ခါထပ်ခါဈေးဆစ်တော့ နောက် ဆုံး ၇၅ဒေါ်လာနဲ့ဈေးတည့်သွားတယ်။ ဒီ Golden Castle Rock ဘုရားတစ်ခါလာလည်ဖို့ကျွန်မတို့ ဒေါ်လာ ၁ဝဝကျော် (မြန်မာငွေကျပ်တစ်သိန်း)ကျော်ကုန်တယ်။ ကမ္ဘာလှည့်ခရီး သွားတွေအတွက် အရမ်းဈေးကြီးတဲ့နေရာဖြစ်နေတယ်''လို့ပြောပြတယ်။ ကျိုက်ထီးရိုးစေတီတော်ပေါ်မှာ နိုင်ငံခြားသားတွေ ကို တည်းခိုခွင့်ပြုထားတဲ့ဟိုတယ်တွေဟာဈေးနှုန်းအတည် မသတ်မှတ်ထားကြဘူး။ လူအခြေအနေကိုကြည့်ပြီး ဟို တယ်ခန်းခဈေးနှုန်းတိုးကောက်ယူနေကြတာပါ။ ၂ဝ၁၂ ခုနှစ်မှာ ကျိုက်ထီးရိုးတောင်ပေါ်ကို နိုင်ငံခြားသားခြောက် သောင်းကျော်နဲ့ ၂ဝ၁၃ခုနှစ်မှာတော့ ၈ဝဝဝဝကျော်အထိ တိုးပြီးလာရောက်လည်ပတ်ခဲ့ကြပါတယ်။ ၂ဝ၁၃ခုနှစ် နိုဝင်ဘာ၁ရက်နေ့ကနေ ၂ဝ၁၄ခုနှစ် နိုဝင်ဘာ ၁၂ရက်အ ထိကျိုက်ထီးရိုးဇုန်အတွင်း နိုင်ငံခြားဧည့်သည် ၁၂၈၁၈၂ ဦးဝင်ရောက်ခဲ့ပြီး ဇုန်ဝင်ကြေးငွေကျပ် ၇၆၉ဝ၉၂ဝဝဝရ ရှိခဲ့တယ်လို့ မွန်ပြည်နယ်စည် ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိကဆိုပါတယ်။ လစဉ်နိုင်ငံပေါင်း ၅၂ နိုင်ငံက ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်နေတယ်လို့ စေတီတော်ဂေါပကတစ်ဦးကဆိုပါတယ်။ ဒီပမာဏကို ကြည့်ခြင်းအားဖြင့် ကျိုက်ထီးရိုးစေတီဟာ နိုင်ငံခြားဝင် ငွေသိန်းပေါင်းများစွာရှာပေးနေတဲ့ ခရီးသွားဇုန်တစ်ခုဆို တာ ငြင်းလို့မရပါဘူး။ ဒီလိုနေရာမျိုးမှာ ခရီးသွားတွေရဲ့ တည်းခိုခန်းခကို ဈေးအဆမတန်ကောက်ယူနေတာတွေ၊ ရင်ပြင်တော်မှာဖြစ်သလို တည်းခိုနေကြတဲ့ ဘုရားဖူးတွေရဲ့ ပုံရိပ်တွေ၊ သန့်ရှင်းရေးဝန်ဆောင်မှုကောင်းကောင်းမလုပ် နိုင်လို့အနံ့အသက်ဆိုးရွားနေတာတွေ၊ ရေချိုးခန်းနဲ့အိမ် သာ အလုံအလောက်မရှိတာတွေဟာ နိုင်ငံ့ပုံရိပ်ကိုအများ ကြီးထိခိုက်စေပါတယ်။ ''ကျိုက်ထီးရိုးဘုရားမှာ စိတ်အပူရဆုံးက မီးပဲ။ မီးလောင်ရင်ပြေးစရာလမ်းလုံးဝမရှိဘူး။ ဆိုင်ခန်းတွေက ပိတ်ကျပ်နေတယ်။ နောက်ဖေးဘက်က ချောက်ကြီး ပြေးလို့ မရဘူး။ အရင်တစ်ခါလောင်တုန်းကလဲ ပြေးစရာ လမ်းမရှိ လို့လူတွေ အများကြီးသေသွားရတယ်။ ဒီတစ်ခါထပ်ဖြစ်ရင် တွေးတောင်မတွေးရဲဘူး''လို့ ကျိုက်ထိုမြို့ခံ အငြိမ်းစားအ ထက်တန်းပြဆရာတစ်ဦးကဆိုပါတယ်။ လွန်ခဲ့သော ဆယ် နှစ်ခန့်က ကျိုက်ထီးရိုးစေတီဘုရားဆိုင်ခန်းမီးလောင်မှုမှာ လူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီမီးလောင်မှု ဖြစ်ပြီးတဲ့အချိန်မှာ မုဆိုးတောင်ဘက်အခြမ်းသွားတဲ့ ထမင်း ဆိုင်ခန်းတွေကို စနစ်တကျပြန်ဆောက်ပေးခဲ့ပေမယ့် ကျီး ကန်းပါးစပ်နဲ့ရင်ပြင်တော်မြောက်ဘက်ခြမ်း ပတ်ပတ်လည် မှာ ဆိုင်ခန်းတွေဖြစ်သလို ဆောက်ထားကြတာဟာ အလွန် အန္တရာယ်ကြီးပါတယ်။ ရိုးရိုးလေးဟိုတယ်နဲ့ ကျိုက်ထိုဟိုတယ်တွေ အတွက် မြေနေရာအများ ကြီးပေးထား ပြီး တကယ်ဘုရားဖူးတွေ တည်း ခိုနိုင်မယ့်တည်းခိုခန်းငယ်တွေ အတွက် မြေနေရာ၊ ရေမီး၊ အိမ်သာစတဲ့အခြေခံအဆောက် အအုံတွေကိုအဆင်ပြေအောင်ဖန်တီးမပေးနိုင်တဲ့ စေတီ တော်တာဝန်ရှိသူတွေကို မေးခွန်းထုတ်စရာပါ။ အဆိုးရွား ဆုံးကိစ္စတစ်ခုက ကျိုက်ထီးရိုးတောင်တက်လမ်းတစ်လျှောက် ကအလှူခံတွေပါပဲ။ ဘုရားဖူးတွေကို ကြည်ညိုသဒ္ဓါစိတ် ဖြစ်အောင်လုပ်ရမယ့်အစား အတင်းအကျပ်လမ်းပိတ်ပြီး အလှူခံနေကြတာဟာ အင်မတန်စိတ်အနှောင့်အယှက်ဖြစ် စေပါတယ်။ အထူးသဖြင့် ရွှေနန်းကျင်နတ်နန်းကိုဝင်မဖူး သွားရင် ရှေ့မှာအန္တရာယ်ကျရောက်မယ်ဆိုတဲ့အပြောမျိုး နဲ့အတင်းအကျပ်ဝင်ဖူး ခိုင်းပြီးအလှူခံနေတဲ့ပုံစံဟာ လုံးဝ မဖြစ်သင့်ပါဘူး။ နိုင်ငံခြားသားတွေအတွက်လည်း ထေရ ဝါဒဗုဒ္ဓဘာသာအပေါ် အမြင်စောင်းစေတဲ့ကိစ္စမျိုးဖြစ်နေ ပါတယ်။ ဒါကြောင့် ရင်ပြင်တော်ပေါ်ကဓမ္မာရုံတိုင်း အများ ပြည်သူတွေတည်းခိုခွင့်ပြုဖို့၊ ဟိုတယ်တွေကို ဈေးနှုန်းကန့် သတ်ဖို့၊ ရေချိုးခန်း၊ အိမ်သာလုံလောက်အောင်တည်ဆောက် ပေးဖို့၊ တည်းခိုခန်း၊ ဆိုင်ခန်းတွေကို စနစ်တကျတည် ဆောက်ပေးဖို့၊ သန့်ရှင်းရေးဝန်ထမ်းတွေ တိုးမြှင့်ခန့်ထားဖို့နဲ့ အလှူခံတွေကိုထိန်းကျောင်းပြု ပြင်ပေးဖို့စတဲ့အချက်တွေ ကို စေတီတော်တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးအကောင် အထည်ဖော်သင့်နေပါပြီ။ ဒါမှသာဆံတော်ရှင်ကျိုက်ထီး ရိုးစေတီတော်ကြီးကို ပြည်တွင်းဘုရားဖူးများ ငွေကြေးနည်း နည်းနဲ့နှစ်စဉ်သွားရောက်ဖူးမြော်နိုင်မှာဖြစ်သလို ပြည်ပ ကမ္ဘာလှည့် ခရီးသွားတွေအတွက်လည်း အေးအေးချမ်း ချမ်းလာရောက်လည်ပတ်နိုင်မယ့် Tour Site တစ်ခုအဖြစ် ဆက်လက်တည်ရှိနေ နိုင်မှာဖြစ်တဲ့အကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။

စာဖတ်ခြင်းကရရှိနိုင်သည့် အကျိုးကျေးဇူးများ ********************************************* - တစ်ချိန်တုန်းက လူငယ်လူရွယ်တွေသာမက လူကြီးတွေအတွက်ပါ စာဖတ်ခြင်းဆိုတာ ၀ါသနာတစ်ခုအဖြစ် တည်ရှိခဲ့ပါတယ်။ ဒါပေမယ့်အခုနောက်ပိုင်းမှာတော့ စာဖတ်ခြင်းအလေ့အထကို သိပ်မတွေ့ရတော့ပါဘူး။ Facebook လို Social Networkတွေခေတ်စားလာတာကတစ်ကြောင်း၊ ဂိမ်းတွေခေတ်စားလာတာကတစ်ကြောင်း၊ စာဖတ်တဲ့အလေ့အထကို လူငယ်တွေဆီမှာ မတွေ့သလောက် ရှားပါးလာပါတယ်။ ဒါဟာ ဖွံ့ဖြိုးမှုနောက်ကျတဲ့နိုင်ငံတစ်ခုမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်အပျက်မျိုးပါပဲ။ ဒါပေမယ့် စာဖတ်တယ်ဆိုတဲ့အလေ့အကျင့်ဟာ လူတစ်ယောက်အတွက်အရမ်း အရေးကြီးပါတယ်။ စိတ်အဟာရလို့တောင် တင်စားပြောဆိုကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ စာဖတ်ခြင်းကရရှိနိုင်မည့် အကျိုးကျေးဇူးများကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ - (၁)အတွေ့အကြုံသစ်တွေနဲ့ထိတွေ့ခွင့်ရပါတယ်။ - စာဖတ်ခြင်းကနေ အသစ်အဆန်းတွေနဲ့ထိတွေ့ခွင့်ရပါတယ်။ ပြသနာဖြေရှင်းဖို့ နည်းလမ်းအသစ်တွေ၊ သို့မဟုတ် တစ်စုံတစ်ခုကိုကြိုးပမ်းရာမှာအောင်မြင်အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ စသဖြင့်ရရှိနိုင် ပါတယ်။ ၀ါသနာအသစ်တွေလည်း ရှာတွေ့သွားနိုင်ပါတယ်။ - (၂)သင့်ရဲ့အရည်အချင်းတွေတိုးတက်လာနိုင်ပါတယ်။ - စာဖတ်ခြင်းက သင့်ကိုတိုးတက်လာဖို့ အများကြီးအထောက်အကူပြုပါတယ်။ လောကကြီးအကြောင်း ကိုပိုပြီးနားလည်လာစေပါတယ်။ စာဖတ်ခြင်းကနေ သင့်ဘ၀အတွက်အသုံးဝင်မယ့်အရာတွေကိုသိနိုင် ပြီး သင့်ကိုတိုးတက်လာစေမယ့် အကြောင်းအရာတွေကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါတယ်။ - (၃)နားလည်နိုင်စွမ်းတွေတိုးတက်လာနိုင်ပါတယ်။ - ဥပမာဆိုပါစို့။ သာမန်စာမဖတ်တဲ့သူတစ်ယောက်က လင်းနို့တွေညဘက်မှာ မမြင်ရပဲနဲ့ ဘာလို့ဖြောင့်ဖြောင့်တန်းတန်းသွားနိုင်တာကို မသိပေမယ့် စာဖတ်တဲ့သူတစ်ယောက်ကတော့ သိနိုင်ပါတယ်။ လောကကြီးမှာရှိနေတဲ့ အရာဝတ္တုပစ္စည်းတွေ၊ သက်ရှိတွေအကြောင်းကို ပိုမိုနားလည် လာနိုင်ပါတယ်။ - (၄)တစ်ခုခုမလုပ်မီကြိုတင်ပြင်ဆင်တတ်လာနိုင်ပါတယ်။ - ဥပမာ ခရီးသွားစာအုပ်တစ်အုပ်ဖတ်ဖူးတဲ့ သူတစ်ယောက်က အနည်းဆုံးတော့ ခရီးသွားရင် ဘာတွေလိုအပ်မလဲ ဆိုတာကိုအကြမ်းဖျင်းသဘောပေါက်ပါတယ်။ ဒီလိုပါပဲ အခြားအရာများစွာမှာလည်း စာဖတ်ထားရင် ဘာလုပ်ရမလဲ ဆိုတာကိုကြိုပြီးသိပါတယ်။ ကြိုတင်ပြင်ဆင်တတ်တဲ့ အရည်အချင်းရှိလာပါလိမ့်မယ်။ - (၅)အခြားသူတွေဆီကအတွေ့အကြုံတွေကိုရနိုင်ပါတယ်။ - အတွေ့အကြုံဆိုတာ ပုံမှန်အားဖြင့်တော့ ကိုယ်တိုင်အပင်ပန်းခံပြီးမှရတတ်ပါတယ်။ ဒါပေမယ့် စာဖတ်ခြင်းရဲ့ အကျိုးကျေးဇူးကြောင့် အောင်မြင်သူတွေရဲ့အတွေ့အကြုံကို မပင်မပန်းကုတင်ပေါ်ပက်လက်လေးလှန်ပြီး အေးအေးဆေးဆေးဖတ်နိုင်ပါတယ်။ တကယ်တော့ သင်ဖတ်နေတဲ့စာတွေဟာ သွေးတွေ၊ချွေးတွေရင်းခဲ့ရတဲ့ အဖိုးတန်အတွေ့အကြုံတွေပါ။ ထိုအတွေ့အကြုံတွေကိုဖတ်ပြီး သင့်အလှည့်ကျရင် ဘယ်လိုမျိုးကြိုးစားသင့်တယ် ဆိုတဲ့အကြံဥာဏ်တွေရနိုင်ပါတယ်။ - (၆)စာအုပ်ဖတ်ခြင်းကြောင့် လူမှုဆက်ဆံရေးတိုးတက်လာနိုင်ပါတယ်။ - စာဖတ်ခြင်းကြောင့်ပတ်ဝန်းကျင်နဲ့ဆက်ဆံရာမှာလည်းအဆင်ပြေလာနိုင်ပါတယ်။ စာမဖတ်တဲ့သူတစ်ယောက် မှာအခြားသူတစ်ယောက်နဲ့ဝေမျှဖို့ အကြောင်းအရာတွေမရှိပေမယ့် စာဖတ်တဲ့သူတစ်ယောက်မှာတော့ အခြားသူ တစ်ယောက်ကို စိတ်ဝင်စားအောင်ပြောပြဖို့ ဗဟုသုတတွေရှိနေပါတယ်။ - (၇)စိတ်ကူးစိတ်သန်းနဲ့တီထွင်ဖန်တီးနိုင်မှုစွမ်းရည်မြင့်မားလာမယ်။ - စာဖတ်ခြင်းက သင့်ရဲ့စိတ်ကူးစိတ်သန်းတွေကိုကောင်းမွန်စေပါတယ်။ သင်ဖတ်မှတ်လေ့လာထားတဲ့ ဗဟုသုတတွေကြောင့် သင့်ရဲ့ဖန်တီးနိုင်မှုစွမ်းရည်ကလည်း မြင့်မားလာပါလိမ့်မယ်။ - _ Zaw Lwin -

iဘယ်သူမှားသလဲ ???? --------------------- ကျွန်တော် မူလတန်းဆရာဘဝမှာ နှစ်အတန်ကြာ ကျင်လည်ခဲ့ပါတယ်။ ဒီအကြောင်းကိုလည်း ၂၀၀၅ ခုနှစ် လောက်ကတည်းက ကြီးပွားရေးမဂ္ဂဇင်းမှာရေးဖူးတယ်။ ဒုတိယတန်းစာမေးပွဲစစ်တော့ ကျောင်းသားတစ် ယောက် စာမေးပွဲကျနေတယ်။ ကျောင်းသားစာမေးပွဲကျတာ ဆန်းသလားဆိုတော့ မဆန်းပါဘူး။ ဒါပေမဲ့ တော်တဲ့ ကျောင်းသား စာမေးပွဲ ကျတာကတော့ ဆန်းသပေါ့။ ဒါကြောင့် အတန်းပိုင်ဆရာမကို ဘာကြောင့် ဒီကလေး စာမေးပွဲကျသလဲလို့ ခေါ်မေးတော့ မြန်မာစာကျနေတာပါတဲ့။ မဖြစ်နိုင်ပါဘူး။ ဒီကလေးက မြန်မာစာ တော်တယ်၊ လက်ရေးလက်သားလှတယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိတယ်။ ဒါနဲ့ ဆရာမရယ် ပြန်စစ် စမ်းပါဦးဆိုပြီး မြန်မာစာ အဖြေလွှာယူခိုင်းလိုက်တော့ မေးခွန်းတစ်ခုမှာ "ဘုရားပွဲတွင် မည်သည့် အရုပ်များ တွေ့ရသနည်း။ အရုပ် ငါးရုပ်ဖြေဆိုပါ" ဆိုတာကို ကလေးက ဖြေထားရက် သားနဲ့ ဆရာမက အမှားပေးထားတယ်။ ဘာကြောင့် အမှားပေးထားတာလဲ။ ကလေးဖြေထားတာ ပြန်ရေးပြရရင် "ဘုရားပွဲတွင် သရဲရုပ်၊ ဘီလူးရုပ်၊ တစ္ဆေရုပ်၊ ကလေးရုပ်၊ ခွေးရုပ် များကို တွေ့ရပါသည်" လို့ဖြေထားတယ်။ အဲဒါကို ဆရာမက အမှားတွေပေးထား တာ။ ဘာဖြစ်လို့ အမှားပေးထားတာလဲဆိုတော့ ဆရာမက သူသင်ထားတဲ့အထဲက တစ်ရုပ်မှ မပါတဲ့အတွက် အမှတ် မပေးတာလို့ ပြောပါတယ်။ သူသင်ထားတာက ပစ်တိုင်းထောင်ရုပ်၊ နွားရုပ်တွေပါလို့ ကျွန်တော့်ကို ဆင်ခြေ ပြန်ပေးတယ်။ ကျွန်တော်က ဆရာမရယ် ကလေးက အဲဒီအရုပ်တွေကို ဘုရားပွဲမှာ သူတကယ်မြင်ခဲ့ရတာတွေ ပြန်ရေးတာ ကော မဖြစ်နိုင်ဘူးလား။ သူတွေ့တဲ့အတိုင်း ပြန်ရေးပြနိုင်တာဟာ ဆရာမသင်ထားတာနဲ့ မကိုက်ဘူးဆိုရင် တောင် မှန်နေတာဖြစ်လို့ ဂုဏ်ထူးတောင် စဉ်းစားသင့်တယ်မဟုတ်လားလို့ ပြောလိုက်တော့ "ကျွန်မက အမှတ်ပေးစည်းမျဉ်းအတိုင်း စစ်တာပါ" တဲ့။ အဲဒီအကြောင်းကို ကျွန်တော် ၂၀၀၅ လောက်ကတည်းက ရေးခဲ့ တယ်။ စာပေစိစစ်ရေး ဖြစ်ညှစ်တဲ့ကြားက လွတ်လာတဲ့ စာလေးပါ။ နောက်တစ်ခုရှိသေးတယ်။ တတိယတန်းဆရာမက ကျောင်းသူလေးတစ်ယောက်ကို အမှားပေးလိုက်တဲ့ အင်္ဂလိပ်စာ။ မေးခွန်း မှာ What is your father name? လို့မေးထားတာကို The name of my father is U Hla. လို့ဖြေတာကို အမှားပေးထားတယ်။ ဘာဖြစ်လို့ အမှားပေးထားတာလည်းဆိုတော့ သူ့အမှတ်ပေး စည်းမျဉ်းမှာက My father name is …. ဆိုပြီးပေးထားတဲ့ အတိုင်း မဖြေလို့ဆိုပြီး ပြောပါတယ်။ ကဲဗျာ … ကျွန်တော်တို့ကလေးတွေဟာ အဲဒီလို ဆရာတွေ၊ အဲဒီလို ပညာရေးတွေနဲ့ ကြီးပြင်းခဲ့ရတာပါ။ အဲဒီ လောက် စုတ်ပြတ်နေတဲ့ ပညာရေးကို တော်လှန်ရေးလုပ်နေတာကို ကလေးတွေ မှားတယ်လို့ ခင်ဗျားတို့ ပြော မှာလား။ ဒါတောင် ကျွန်တော်က အခြေခံအမှားလောက် ပြောသေးတာ။ ပညာရေးမှာ မှားနေတာတွေ အများကြီး။ အဲဒီအမှားတွေကို မပြင်ဘဲ ဟုတ်ပါ့ဘုရား…မှန်ပါ့ဘုရား…အမိန့်တော်မြတ်အတိုင်းပါဘုရား… လုပ်နေကြလို့ ဒီနေ့ ဒီလိုတွေဖြစ်လာကြရတာ။ အဲဒါ ဘယ်သူမှားသလဲ၊ ဘယ်တုန်းကတည်းက မှားနေတာလဲ၊ ဘယ်သူတွေကြောင့် မှားနေတာလဲ ဖြေကြည့် စမ်းပါ။ (Y) ပညာရေး http://www.searchmyanmar.com/click/Education#content-46661

" ယခုအချိန်ထိ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်များကို သဘာဝကျကျနဲ့ လက်တွေ့ဖြစ်စဉ်များအတိုင်း သုံးသပ်ကြည့်လိုက်ပါက "ဘာကြောင့်လဲ" ဆိုသည့် အဖြေမှန်ကို တွေ့ရှိနိုင်ပါသည်".. " ကျောင်းသားများ၏ လှုပ်ရှားမှုများကို သေးသိမ်ရန် အထင်အမြင်လွဲမှားစေရန် အွန်လိုင်းမှနေ၍ နည်းမျိုးစုံဖြင့် အပုတ်ချကာ ပထမပြုလုပ်ဆောင်ရွက်ခဲ့ကြပေသည်.. ထို့နောက် မြင်းခြံတွင် အလံကိစ္စကို အကြောင်းပြု၍ ပြဿ နာကို ကြီးထွားအောင်ပြုလုပ်ပြီး အကျယ်ချဲ့သည်.. ထို့နောက် စွန်းလွန်းဂူကျောင်းဝင်းထဲ ညဖက်အနားယူနေစဉ်တွင် သတင်းမျိုးစုံလွှင့်ပြီး သွေးတိုးစမ်းအကွက်များ အသုံးချကာ ဆောင်ရွက်ကြပြန်သည်.. ထို့နောက်တွင်မူ တောင်သာသို့သွားရာ ချီတက်ရာလမ်းကြောင်းရှိ နန်းမြင့်တောင်ကြားတွင် သတ်ကွင်းပြုလုပ်ထားပြီး အဆင့်ဆင့်ပြုလုပ်ကာ စစ်ရေးမဟာဗျူ ဟာနည်းလမ်းအတိုင်း အကွက်ကျကျ စီမံထားခဲ့ပေသည်.. ဘာကြောင့်လဲ?. နည်းပညာ၏ ဖွံဖြိုးမှုကြောင့် ချီတက်နေသူ ကျောင်းသားများရော ဖွင့်ကြည့်နေသူ ပြည်သူလူထုရော Fb မှ နေ၍ ဖြစ်ပျက်နေသော မြင်ကွင်းများ လှုပ်ရှားမှု စီစဉ်ထားမှုများကို မြင်တွေ့သိရှိနေရပေသည်.. (မကောင်းမှုသည် ဆိတ်ကွယ်ရာမရှိ ပုံစံမျိုး ဖြစ်နေပါတယ်.. သတင်းဋ္ဌာနတွေကလည်း ရသမျှကို တင်ပေးနေပါတယ်).. ထို့ပြင် လွှတ်တော်ခေတ္တနားချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှလည်း သတင်းဋ္ဌာနများ၏ မေးခွန်းကို ဖြေကြားခဲ့ပါသည်.. သွယ်ဝိုက်သောအားဖြင့် ပြဿ နာကို ညှိနှိုင်းမှု ဖြေရှင်းမှု ပြုလုပ်ရန်နှင့် သူမသည်လည်း ထိုကိစ္စကို အလေးအနက်ထားကာ စောင့်ကြည့်နေကြောင်းသဘောမျိုး ဖြေကြားခဲ့ပါသည်.. ဦးဋ္ဌေးဦး.. ဦးအောင်သောင်းတို့မှလည်း မေးခွန်းများကို ဖြေကြားခဲ့ပြီး မြင်သာထင်သာရှိသော အနေအထားတစ်ခုလည်း ဖြစ်ခဲ့ပါသည်.. ထို့ကြောင့် နောက်ဆုံး အဆုံးအဖြတ်ပေးရတော့မည့် အခြေအနေနှင့် အချိန်အခါရောက်လာသောအခါ အပေါ်မှ အစိုးရအဖွဲ့မှ တိုက်ရိုက်အမိန့်ကို အသုံးချ၍ ပညာရေးဋ္ဌာနမှ တာဝန်ရှိသူများကို စေလွှတ်ပြီး ဆွေးနွေးညှိနှိုင်းလမ်းကြောင်းကို အကောင်အထည်ဖော်ကာ လမ်းကြောင်းပြောင်းလဲကာ နေပြည်တော်မှာ ကျောင်းသားခေါင်းဆောင်တို့နှင့် ဆက်လက်၍ ဆွေးနွေးရန် သဘောတူညီပြီး အဖြစ်အပျက်တစ်ခု ပြီးဆုံးခဲ့ရပါသည်.. နောက်ဆုံးဆိုလိုရင်းမှာ လူ့လောက ကမ္ဘာကြီးသည် အစဉ်အမြဲ ပြောင်းလဲကာ ခေတ်သစ် စနစ်သစ်များကို ရွေ့လျားနေပေသည်.. "အင်အားသည်သာ ပဓာန" ဆိုသော အနေအထားသည် အချိန်ကာလတစ်ခုမှာတော့ မှန်ကန်တဲ့ သီအိုရီပုံစံ ဖြစ်နေပေမည်.. သို့သော်လည်း အမြဲတမ်း မှန်ကန်တဲ့ နိယာမတရားတော့ မဟုတ်ပါပေ.. " လူသားတို့၏ ပြင်းပြသော စိတ်ဆန္ဒနဲ့ ယုံကြည်ချက်" သည် အရာရာကို ကျော်ဖြတ်ပြီး ပြောင်းလဲနိုင်စွမ်းရှိပါသည်.. ထို့ကြောင့်လည်း လူ့လောကဖြစ်စဉ် ကမ္ဘာ့သမိုင်း မြန်မာ့သမိုင်းတို့သည်လည်း ပြောင်းလဲမှုဖြစ်စဉ်နိယာမတရားအတိုင်းသာ ရွေ့လျားပြောင်းလဲနေကြရသည် မဟုတ်ပါလားဗျာ..

လူငယ်တွေက လူကြီးတွေကိုလက်ခုပ်တီးအားပေးနေရမယ့်ခေတ် မဟုတ်တော့ပါဘူး... လက်မထောင် ဦးဆောင်နေရမယ့်ခေတ်ပါ... လူငယ်တွေက လူကြီးတွေဆီလက်ဖြန့် တောင်းရမယ့်ခေတ် မဟုတ်တော့ပါဘူး... ကိုယ်တိုင်အိတ်နှိုက်သုံးရမယ့်ခေတ်ပါ... လူငယ်တွေက လူကြီးတွေရဲ့ပံ့ပိုးကူညီမှုနဲ့ လုပ်နေရမယ့်ခေတ် မဟုတ်တော့ပါဘူး... ကိုယ့်ကလည်း အကြံပြုလုပ်ဆောင်ရမယ့်ခေတ်ပါ... လူငယ်တွေက လူကြီးတွေအတွက် လက်ဆွဲအိတ်လုပ်နေတဲ့ခေတ် မဟုတ်တော့ပါဘူး... တောင်ဝှေးအဖြစ် ဖေးမကူညီနေရမယ့်ခေတ်ပါ... လူငယ်တွေက လူကြီးအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်နေရမယ့်ခေတ် မဟုတ်တော့ပါဘူး... အားကိုးအားထားပြုနေရမယ့်ခေတ်ပါ... လူငယ်တွေအနေနဲ့ အချိန်ရှိခိုက် လုံ့ လစိုက်ရမယ့် အချိန်ရောက် နေပါပြီ... True Man Sk