Saturday, November 29, 2014

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ဒုတိယစစ်ဦးစီးချုပ်၊ ဗိုလ်ချုပ်ဆွမ်လွတ်ဂွန်မော်နှင့် တွေ့ဆုံမေးမြန်းခြင်း

– ၀ိုင်းမော် *** ““နိုင်ငံရေးအရ မဖြေရှင်းချင်လို့၊ ဒါမှမဟုတ် နိုင်ငံရေးအရ ဖြေရှင်းဖို့ သတ္တိမရှိလို့ ဖြစ်ပါလိမ့်မယ်”” *** ဦးအောင်မင်းနဲ့ ဆွေးနွေးတဲ့ကိစ္စတွေအားလုံး အဆင်ပြေနေတာလည်း မဟုတ်ပါဘူး။ ဦးအောင်မင်းတို့နဲ့ တပ်မတော်ရဲ့ ဆက်ဆံရေးကို ကျွန်တော်တို့ မသိနိုင်ပါဘူး … စစ်ရေးစစ်ရာမှာ ခုခံစစ်၊ ထိုးစစ်ဆိုတဲ့ ဝေါဟာရတွေဟာ ရှုပ်ထွေးပါတယ်။ သာမန်အရပ်သုံး စကားနဲ့ အင်မတန် ကွာခြားပါတယ်။ ထိုးစစ်တစ်ခုကို “ကာကွယ်စစ်”လို့ အလွယ်တကူ အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပါတယ် … ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ နိုဝင်ဘာလ ၁၉ ရက်က အစိုးရတပ်ဘက်မှ ပစ်ခတ်မှုကြောင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဗဟိုဌာနချုပ် လိုင်ဇာ၌ စစ်သင်တန်း တက်နေသူ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့ရာ ယင်းပစ်ခတ်မှုမှာ သတိပေး ပစ်ခတ်ခြင်းသာဖြစ်ကြောင်း အစိုးရဘက်မှ ထုတ်ပြန်ထားသည်။ သို့သော် ယခုကဲ့သို့ ပစ်ခတ်ခြင်းမှာ အစိုးရစစ်တပ်အနေဖြင့် ပြဿနာအားလုံး လက်နက်အင်အားဖြင့် ဖြေရှင်း လိုသည့် စိတ်ဓာတ်အပေါ် အခြေခံ လုပ်ဆောင်ခြင်းနှင့် နိုင်ငံရေးအရ မဖြေရှင်းချင်သည့်အတွက်၊ သို့မဟုတ် နိုင်ငံရေးအရ ဖြေရှင်းရန် သတ္တိမရှိခြင်း ဖြစ်နိုင်ကြောင်း KIA ဒုဦးစီးချုပ်၊ ဗိုလ်ချုပ်ဂွန်မော်က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြောဆိုလိုက်သည်။ ထို့ပြင် ယခုကဲ့သို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပျက်နေသည့် အတွက် ဆွေးနွေးပွဲ ဖြစ်စဉ်များနှင့် ပတ်သက်၍ ထိခိုက်နိုင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ကာကွယ်ရေး ဦးစီးချုပ် ချမှတ်ထားသည့် မူ ၆ ချက်ကို လက်မခံ သည့်အတွက် တိုက်နေခြင်း ဖြစ်နိုင်ကြောင်း ဗိုလ်ချုပ်ဂွန်မော်က သုံးသပ်ထားသည်။ လက်ရှိ တိုက်ပွဲဖြစ်စဉ်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ပတ်သက်၍ မေးမြန်းထားမှုများ ကို မြန်မာသံတော်ဆင့် မှ ဖော်ပြလိုက်ပါသည်။ ယခုမေးမြန်းထားချက်များကို မြန်မာသံတော်ဆင့်မှ အီးမေးလ်ဖြင့် ပေးပို့ မေးမြန်းထားခြင်းဖြစ်ပြီး ဗိုလ်ချုပ်ဂွန်မော် ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ဖြေကြားချက်များ ဖြစ်သည်။ ၀ိုင်းမော် Q1. လိုင်ဇာကိစ္စနဲ့ပတ်သက်ပြီး တိုင်းရင်းသား တော်တော်များများ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြတော့ ဒီကိစ္စက ဘယ်လောက်ထိ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဂယက်ရိုက် သွားနိုင်လဲခင်ဗျ။ Ans1. လိုင်ဇာ ဗိုလ်လောင်းသင်တန်းကျောင်း ကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက် နေကြတယ်ဆိုတာ အမှား/ အမှန်ကို ထောက်ပြတာထက် ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်စဉ်အပေါ် စိုးရိမ်မှုနဲ့ လူသားချင်း စာနာမှုတို့က ပိုပြီးအဓိက ကျပါလိမ့်မယ်။ ဆွေးနွေးနေတဲ့ ဖြစ်စဉ်တွေမှာ တကယ်ကို ထိခိုက်နိုင်ပါတယ်။ Q2. ဘာကြောင့် ဒီလိုလက်နက်ကြီးနဲ့ ပစ်ခတ်ရတယ် ဆိုတာကော ဗိုလ်ချုပ်တို့ ဘယ်လို သုံးသပ်ထားလဲခင်ဗျ။ Ans2. တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကတော့ ဘာကြောင့် ပစ်ခတ်ရတယ်ဆိုတာ VOA မှာပြောသွား ပြီးပါပြီ။ ကျွန်တော့်အမြင် ကို ပြောရမယ်ဆိုရင် ပြဿနာများ အားလုံးကို လက်နက် အင်အားနဲ့ ဖြေရှင်းလိုတဲ့ စိတ်ဓာတ်က အခြေခံပါတယ်။ နိုင်ငံရေးအရ မဖြေရှင်းချင်လို့၊ ဒါမှမဟုတ် နိုင်ငံရေးအရ ဖြေရှင်းဖို့ သတ္တိမရှိလို့ ဖြစ်ပါလိမ့်မယ်။ Q3. ဒီကိစ္စမှာ တပ်မတော်က သူတို့ မမှားတဲ့ ပုံစံမျိုးနဲ့ ပြန်ရှင်းထားတဲ့ အပေါ်မှာကော ဗိုလ်ချုပ်တို့အနေနဲ့ ဘာများ မှတ်ချက် ပေးပါသလဲ။ Ans3. တပ်မတော်က မမှားဘူးလို့ ပြောတာက သူတို့ရဲ့ခံယူချက်၊ သူတို့ရဲ့ အမြင်အရ ပြောတာဖြစ်ပါတယ်။ ဘက်တစ်ဖက်ကိုပဲ ကြည့်မယ်ဆိုရင် ဘယ်သူမှ မမှားနိုင်ပါဘူး။ Q4. မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ဘက်ကိုလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်တို့ အကြောင်းကြား ထားတယ်လို့ သိရပါတယ်။ သူတို့ဘက်က ဘယ်လို အကြောင်းပြန် ထားလဲခင်ဗျ။ သူတို့အနေနဲ့လည်း ဒီကိစ္စအပေါ်မှာ ဘယ်လောက်ထိ တာဝန်ရှိတယ်လို့ ထင်ပါသလဲ။ Ans4. KIO အနေနဲ့ ဦးအောင်မင်းဆီကို လိပ်မူပြီး အကြောင်းကြား တာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၆ ကနေ နိုဝင်ဘာ ၁၉ ရက်နေ့အတွင်း အဖြစ်အပျက်တွေကို အကြောင်းကြား ထားပါတယ်။ ဦးအောင်မင်းဆီကနေ အကြောင်းကြားစာ လက်ခံရရှိတယ်လို့ ပြန်စာပို့ပါတယ်။ ငြိမ်းချမ်းရေးစင်တာ အနေနဲ့ကတော့ အဖြစ်မှန်တွေကို အစိုးရဆီ တင်ပြပေးနိုင်ဖို့ တာဝန်ရှိတယ်လို့ ထင်ပါတယ်။ Q5. ကချင်ပြည်နယ်မှာက တိုက်ပွဲတွေက တောက်လျှောက် ဖြစ်နေတော့ ဘာကြောင့် ကချင်ပြည်နယ်ကိုပဲ အစိုးရက တိုက်နေတယ်လို့ ထင်ပါသလဲ။ Ans5. တိုက်ပွဲတွေက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေ မှာ တောက်လျှောက် ဖြစ်နေတာပါ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ပြောတာက မူ ၆ချက်ကို လက်မခံတဲ့အတွက် တိုက်နေရတယ်လို့ နားလည် ရပါတယ်။ Q6. ကာကွယ်ရေးဝန်ကြီးကလည်း လွှတ်တော်မှာ မြောက်ပိုင်းတိုင်းစစ် အသုံးစရိတ်ဆိုပြီး သန်းတစ်ထောင် တိုးတောင်းတာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း တော်တော်များများ က ဝေဖန် နေကြပါတယ်။ ဒီအပေါ်မှာကော ဗိုလ်ချုပ်အနေနဲ့ ဘယ်လို မှတ်ချက် ပေးချင်ပါလဲခင်ဗျ။ Ans6. ကာကွယ်ရေးဝန်ကြီးက မပခ အတွက် အသုံးစရိတ် တောင်းတာကို ကျွန်တော်တို့ ဝေဖန်ချက် မပေးလို ပါဘူး။ Q7. ဒီလိုမျိုး တိုက်ပွဲတွေက တောက်လျှောက် ဖြစ်လာရင် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာနိုင်မယ်လို့ ထင်ပါ သလဲခင်ဗျ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက်လည်း ထိခိုက် သွားနိုင်လားခင်ဗျ။ Ans7. တိုက်ပွဲတွေ ပိုပြီးဖြစ်လာရင် ဆွေးနွေးတဲ့အခါ စိတ်ရှည်သည်းခံနိုင် မှုတွေ ပျောက်သွားနိုင်ပါတယ်။ အဲလိုဖြစ်လာရင် ဆွေးနွေးမှုပေါ် ထိခိုက်နိုင်ပါတယ်။ Q8. အခုလိုဖြစ်နေတဲ့ တိုက်ပွဲ ပြဿနာတွေကို KIO အနေနဲ့ ဘယ်လိုဖြေရှင်းသွားဖို့ ရှိပါသလဲ။ Ans8. KIO အနေနဲ့ ဦးအောင်မင်း ဆီကနေတစ်ဆင့် စာပို့မေးထားပါတယ်။ အစိုးရဘက်နဲ့ KIO ဘက်ရဲ့ ဖြစ်စဉ် အချက်အလက်တွေ အင်မတန်မှ ကွဲလွဲနေတာကို အစိုးရအနေနဲ့ ဘယ်လို ဆောင်ရွက်မှာလဲ ဆိုတာကို ဦးစွာမေးမြန်း ထားပါတယ်။ Q9. UNFC က မြောက်ပိုင်းမှာ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ် တပ်မတော်ကကော လက်ရှိမှာ ဘယ်လို ပုံစံမျိုးတွေ ဆောင်ရွက်နေလဲ။ တိုက်ပွဲတွေ ဖြစ်လာခဲ့ရင် ဖက်ဒရယ် တပ်မတော် အနေနဲ့ ဘယ်လိုကဏ္ဍတွေက ပါဝင် ဆောင်ရွက်မှာလဲခင်ဗျ။ Ans9. UNFC က ဖက်ဒရယ် တပ်မတော်ဆိုတာ ခုမှ ပြောနေတာ မဟုတ်ပါဘူး။ ပြီးတော့ လက်တွေ့ တိုက်ပွဲတွေကို ဖက်ဒရယ် တပ်မတော်က တိုက်နေတာ မဟုတ်ပါဘူး။ ပလောင်၊ ကိုးကန့်၊ KIO စတဲ့ အဖွဲ့တွေ စုပေါင်းပြီး မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်ရေးကို စုပေါင်း ခုခံနေကြတယ်။ အဲဒီတပ်ပေါင်းစုကို Concept အရ FUA လို့ ကျွန်တော်တို့ ပြောနေကြ တာဖြစ်ပါတယ်။ FUA ရဲ့ အဓိက ရည်ရွယ်ချက်က နိုင်ငံရေး ဆွေးနွေးမှုရဲ့ ဆုံးဖြတ်ချက်အရ ဖြစ်ပေါ်လာမယ့် နိုင်ငံတော်ရဲ့ တပ်မတော်ပုံစံ ကို မျှော်လင့်နေတာ ဖြစ်ပါတယ်။ စစ်တိုက်ဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းချင်တာ မဟုတ်ပါဘူး။ Q10. ကာကွယ်ရေး ဦးစီးချုပ်က VOA နဲ့ အင်တာဗျူးမှာ ဖြေထားတာ သူတို့က သမ္မတကြီးရဲ့ ညွှန်ကြားချက် အတိုင်း စစ်ဆင်တာတွေ မလုပ်ပါဘူး။ ပြန်ခုခံကာကွယ်တဲ့ အဆင့်ပဲရှိပါကြောင်း ဖြေထားတဲ့ အပေါ်မှာကော ဘယ်လို သဘောရပါသလဲ ခင်ဗျ။ Ans10. စစ်ရေးစစ်ရာမှာ ခုခံစစ်၊ ထိုးစစ်ဆိုတဲ့ ဝေါဟာရတွေဟာ ရှုပ်ထွေးပါတယ်။ သာမန် အရပ်သုံးစကားနဲ့ အင်မတန် ကွာခြားပါတယ်။ ထိုးစစ်တစ်ခုကို ““ကာကွယ်စစ်””လို့ အလွယ်တကူ အဓိပ္ပာယ် ဖွင့်ဆို နိုင်ပါတယ်။ VOA အင်တာဗျူးမှာ ကာချုပ်ရဲ့ အတွင်းသဘောတွေကို တွေ့မြင်နိုင်ပါတယ်။ Q11. ဖက်ဒရယ် တပ်မတော်အပေါ်မှာလည်း တပ်မတော်ဘက်က လိုချင်တဲ့ပုံစံနဲ့ UNFC ဖွဲ့စည်းပုံမှာ ပါတဲ့ ပုံစံက ကွဲပြားနေတယ်လို့ သိရပါတယ်။ အဲဒီပေါ်မှာ ဘယ်အချက်တွေ၊ ဘယ်သဘောထားတွေအပေါ် အခြေခံပြီး ကွဲလွဲလဲဆိုတာ ရှင်းပြ ပေးစေလိုပါတယ်။ Ans11. FUA ကိစ္စကို တူညီတဲ့ပုံစံတွေ မဖော်နိုင်သေးပါဘူး။ နိုင်ငံရဲ့ တပ်မတော်ကို ဖက်ဒရယ် တပ်မတော် ပုံစံဖြစ်စေချင်တယ်လို့ ပြောနေတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးလိုကြောင်း NCCT က တင်ပြထားပါတယ်။ ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းမှာလဲ ဆိုတာကတော့ အားလုံးရဲ့ ဆွေးနွေးမှုကနေ အဖြေရှာရမှာ ဖြစ်ပါတယ်။ Q12. ဦးအောင်မင်းတို့နဲ့ တိုင်းရင်းသားတွေ ဆွေးနွေးတဲ့အခါ အဆင်ပြေတာကို တွေ့ရပေမယ့် တပ်မတော် ပါလာတဲ့အခါ အဆင်မပြေတာတွေ တွေ့ရတော့ ဦးအောင်မင်းတို့နဲ့ တပ်မတော်နဲ့ကြားက ဆက်ဆံရေးကို သုံးသပ်ပေးပါလား။ Ans12. ဦးအောင်မင်းရဲ့ တာဝန်က UPCC ကနေ ချမှတ်ပေးတဲ့ ငြိမ်းချမ်းရေးမူကို အောင်မြင်အောင် လုပ်ဆောင်ဖို့ ဖြစ်တယ်လို့ နားလည်ပါတယ်။ ဦးအောင်မင်းနဲ့ ဆွေးနွေးတဲ့ကိစ္စတွေ အားလုံးအဆင်ပြေနေ တာလည်း မဟုတ်ပါဘူး။ ဦးအောင်မင်းတို့နဲ့ တပ်မတော်ရဲ့ဆက်ဆံရေးကို ကျွန်တော်တို့ မသိနိုင်ပါဘူး။ Q13. အခုနောက်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တပ်မတော်ပါလာပြီး အရင်ဆွေးနွေး သဘောတူ ပြီးသားတွေတောင် ပြန်ဆွေးနွေးနေ တာ တွေ့ရတော့ သူတို့ရဲ့ သဘောထားက ဘယ်လိုရှိသလဲ ဆိုတာ သုံးသပ်ပေးပါခင်ဗျ။ Ans13. ကျွန်တော်တို့ နားလည်တာက NCCT ဟာ EAO’s ရဲ့ ကိုယ်စား ဆွေးနွေးတယ်။ UPWC က အစိုးရရဲ့ ကိုယ်စားပေါ့။ တပ်ရယ်၊ လွှတ်တော်ရယ်၊ အစိုးရရယ် ဆိုပြီး အသံတွေ ထွက်လာတိုင်း ကျွန်တော်တို့ အနေနဲ့ ကတော့““အစိုးရအဖွဲ့””လို့သာ ယူဆကြောင်း အမြဲပြောနေ တာပါ။ နိုင်ငံတော်သမ္မတရဲ့ အင်တာဗျူးမှာ မဟုတ်ဘဲ ကာချုပ်ရဲ့ အင်တာဗျူးမှာ ““မူ ၆ ချက်””ကိစ္စပြောလာတော့ အစိုးရအတွင်း ဆုံးဖြတ်ခွင့်ကို ဘယ်လို စီမံထားသလဲဆိုတာ သုံးသပ်ဖို့ လိုအပ်လာပါတယ်။ Q14. အခုဖြစ်နေတဲ့ တိုက်ပွဲအများစုက တပ်မတော်ရဲ့ နယ်မြေ ရှင်းလင်းရေး ပြဿနာတွေဆိုတော့ ခုချိန် မှာလည်း တပ်ပိုင်းဆိုင်ရာ ကိစ္စတွေက ညှိနှိုင်းလို့ မရသေးတော့ ဒီပြဿနာတွေကို ဘယ်လို ဖြေရှင်းဖို့ ရည်ရွယ် ထားပါသလဲ။ Q15. နောက်ဆုံးအနေနဲ့ လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေအပေါ်မှာ တပ်မတော်ရဲ့ အဓိက တာဝန်အရှိဆုံးဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ကို ဘာများပြောချင်လဲခင်ဗျ။ Ans14+15. တိုက်ပွဲဆိုတာ ခေါင်းစဉ်တွေ အမျိုးမျိုးတပ်ပြီး လုပ်လို့ရပါတယ်။ နယ်မြေ ရှင်းလင်းရေး၊ လမ်းဖောက်လုပ်ရေး စသည်ဖြင့်ပေါ့ဗျာ။ အရေးကြီးတာကတော့ တိုက်ပွဲတွေ မဖြစ်အောင် ထိန်းသိမ်းလိုတဲ့ စိတ်ဓာတ် ရှိ/မရှိ ဆိုတာပါပဲ။ တပ်မတော် အပါအ၀င် ကာချုပ်ကို ရည်စူးပြီး (ကျွန်တော့်အနေနဲ့) အထူး ပြောစရာ မရှိပါဘူး။ မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

ဆူဇူကီးဖလား မြန်မာနှင့်ထိုင်း ဒီနေ့ ယှဉ်ပြိုင်ကစားမည် ------------------------------------------------

ဆူဇူကီးဖလား မြန်မာနှင့်ထိုင်း ဒီနေ့ ယှဉ်ပြိုင်ကစားမည် --------------------------------------------------------- ဆူဇူကီးဖလား အုပ်စုဘီပွဲစဉ်အဖြစ် မြန်မာနဲ့ ထိုင်းအသင်းတို့ ရှာလန် ဘီဆာ ကွင်းမှာ ဒီနေ့ ကစားကြဖို့ ရှိပါတယ်။ ထိုင်းအသင်းဟာ နှစ်ပွဲကစား ၆ မှတ်နဲ့ အုပ်စုကို ဦးဆောင်နေပြီး မြန်မာအသင်းကတော့ ၁ မှတ်နဲ့ အုပ်စု အောက်ဆုံးအသင်းဖြစ်နေပါတယ်။ ထိုင်းအသင်း လက်ထောက် နည်းပြက ထိုင်းအသင်းဟာ ဆီမီးဖိုင်နယ်အ ဆင့်ကို အောင်နေ ပြီ ဖြစ်ပေမယ့် နောက်တပွဲ ထပ်နိုင်ချင်သေး တယ်လို့ ပြောပါတယ်။ မြန်မာအသင်းဟာ အသင်းကောင်းဖြစ်ပေမယ့် ကစားခဲ့တဲ့ နှစ်ပွဲစလုံးမှာ ကံဆိုးလို့ ရှုံးခဲ့တာ ဖြစ်လို့ ဒီနေ့ ထိုင်းနဲ့ပွဲဟာ ကြည့်ကောင်းတဲ့ ပွဲဖြစ်မယ်လို့ ပြောပါတယ်။ ထိုင်းအသင်းနဲ့ပွဲမှာ မြန်မာအသင်းက အနည်းဆုံး လေးဂိုးသွင်းနိုင်ဖို့ လိုသလို၊ စင်ကာပူနဲ့ မလေးရှားရလဒ်က အခွင့်အရေးပေးမှသာ ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ မြန်မာအသင်းနည်းပြ မြန်မာအသင်း နည်းပြ အေဘရာမိုဗစ်က ထိုင်းနဲ့ပွဲအတွက် မြန်မာအသင်းရဲ့ ခံစစ်ကို ပြုပြင်သွုားမယ်လို့ စင်ကာပူမှာ မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ စင်ကာပူနဲ့ပွဲမှာ ခံစစ်ပိုင်းအားနည်းချက်ကြောင့် လွယ်လွယ်ကူကူ ဂိုးတွေပေးခဲ့ရတဲ့အတွက် ဒီနေ့ ထိုင်းနဲ့ပွဲမှာ ခံစစ်ကို ပြု ပြင်ရမယ်လို့ ပြောပါတယ်။ DVB

ဖားကန့်တွင် သဲကား၊ ထင်ကားများကိုလည်း KIA ဆက်ကြေးကောက်နေ

နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၁၄ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ တာမခံကျေးရွာတွင် သဲ၊ကျောက်၊ မီးသွေးနှင့် ထင်း သယ်ဆောင်နေသော တုန်ဖုန်းယာဉ်ပိုင်ရှင်များအား ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) အဖွဲ့မှ ဆက်ကြေး ငွေများ ကောက်ခံနေကြောင်း ယင်းဒေသခံများထံမှ သိရသည်။ `` ဆက်ကြေးကောက်နေတာကတော့ ခဏ ခဏ ပါပဲ၊ ဟိုတလောလေးကတောင် ဆက်ကြေးပေးလိုက်ရတယ် ပြော တယ်။ ရွှေမှော်၊ ကျောက်စိမ်းမှော်တွေမှာ ဆက်ကြေးကောက်တာ ကြားကောင်းပါသေးတယ်၊ သဲကား၊ ထင်းကားတောင် မရှောင်ဘဲ ကောက်တာကတော့ တရားလွန်လွန်းပါတယ် ´´ ဟု ဒေသခံတစ်ဦးကပြောသည်။ KIA အဖွဲ့မှ အဆိုပါ တုန်ဖုန်းယာဉ်ပိုင်ရှင်များအား တစ်စီးလျှင်ငွေကျပ်(၃)သိန်းနှုန်းကောက်ခံခဲ့ရာ ပိုင်ရှင်များမှ ရွှေ/ ကျောက်သယ်နေသော ယာဉ်များမဟုတ်၍ ငွေလျှော့ပေးရန်တောင်းပန်ခဲ့ရကြောင်းလည်း သိရသည်။ `` ကနဦးတောင်းတာက ၃ သိန်းပါ၊ ယာဉ်ပိုင်ရှင်တွေက တောင်းပန်လို့ တစ်စီးငါးသောင်းနှုန်းပေးလိုက်ရတယ်။ တစ်ပိုင် တစ်နိုင်လုပ်စီးပွားရေးလုပ်ငန်းတွေကိုတောင်မှ ငွေတောင်းလာတာကတော့ KIA အဖွဲ့ တော်တော်ငတ်ပြတ်နေပြီနဲ့တူ ပါတယ် ´´ ဟု အမည်မဖော်လိုသော တုန်ဖုန်းယာဉ်ပိုင်ရှင်တစ်ဦးကပြောသည်။ အလားတူ KIA အဖွဲ့သည် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုအတွင်းရှိ ဈေးဆိုင်၊ စားသောက်ဆိုင် အပါအ၀င် ကွမ်းယာဆိုင်အဆုံးအားလုံးကို ဆက်ကြေးငွေကောက်ခံနေကြောင်း သိရှိရပါသည်။ `` ဒီလိုဆက်ကြေးကောက်တဲ့ကိစ္စကျတွေကိုကျတော့ မီဒီယာတွေမှာ ဖော်ပြတာမတွေ့ဘူးဗျ၊ အောက်ခြေ တန်းစား တွေဆီကနေ ငွေတောင်းတာကိုကျ ဘယ်သတင်းဌာနကမှ တရားဝင်မဖော်ပြရဲဘူး၊ အဖြစ်မှန်တေါကို ဖော်ပြပေးရဲ ရင်တော့ ကျွန်တော်တို့ကလည်း သတင်းအကုန်ပေးရဲတာပေါ့၊ ဒါပေမယ့် KIA ဗိုလ်သင်တန်းကျောင်းပေါ် လက်နက် ကြီးကျတာပဲ ၀ိုင်းပြီးဖော်ပြနေကြတယ် ´´ ဟု ဟောင်းပါးဒေသခံစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသွားသည်။ ထွန်းနေအောင်(ဖားကန့်)

သင် ဖားကန့်ရောက်ဖူးပြီလား?မရောက်ဖူးရင်မပြောနဲ့ မရောက်ဖူးသူများဖတ်ရန်

ဖားကန့်မြို့၏ မှော်ရှန်ခေါ်သော ရပ်ကွက်တစ်ခု၌ ဖြစ်သည်။ 1B2 (မှော်ရှန်ရပ်ကွက် အမှတ် ၁၊ အိမ်နံပါတ် B2) ဆိုသော အနှိပ်ခန်းတစ်ခုသို့ KIA တပ်သားအချို့ သောက်စားပြဲရွဲနေသော အနေအထားဖြင့် ရောက်လာကြသည်။ ဖားကန့်ဒေသဆိုသည်က KIA တို့ ကြီးစိုးထားသော နယ်မြေဖြစ်သည်။ KIA သောင်းကျန်းသူတို့ကို မည်သူကမျှ မော်မကြည့်ဝံ့သော နယ်မြေဖြစ်သည်။ KIA ဆိုလျှင် လူကိုယ်တိုင်ကို မဆိုထားဘိ၊ KIA ဟူသော အမည်ကြားလျှင်ပင် ဒူးတုန်အောင် ကြောက်ကြရသည်။ ယခု KIA များကိုတော့ ဆိုင်ရှင်မှ KIA ဟု မထင်မိသဖြင့် "အခန်းမအားသေးလို့ ခဏစောင့်ပါဦး" ဟု ပြောလိုက်မိသည်။ ဤတွင် KIA တို့ ယမ်းပုံမီးကျကြသည်။ သူတို့ကို ဤသို့ပြောရပါမည်လားဆို၍ ဆိုင်ထဲရှိသမျှ ယောက်ျားသားမှန်သမျှ ဆွဲထုတ်၍ လမ်းမပေါ် ဝမ်းလျားမှောက်နေစေသည်။ ထို့နောက် သေနတ်နှင့်ချိန်၍ လက်သီးဆုပ် ဒိုက်ထိုးခိုင်းသည်။ ဤမြင်ကွင်းက ဖားကန့်ဒေသ၌ KIA မှ အရပ်သားပြည်သူများအပေါ် နိစ္စဒူဝ နှိပ်စက်ညှင်းပန်းနေသော မြင်ကွင်းများထဲမှ တစ်ခုသာဖြစ်သည်။ ဖားကန့်ဒေသ၌ အမှား/အမှန် ခွဲခြားခြင်းဟူ၍ မရှိ။ အမှား/အမှန်သည် KIA ၏ နှုတ်ထွက်စကားတစ်ခွန်းအပေါ် မူတည်သည်။ ဖားကန့်ဒေသ၌ တရားဥပဒေမရှိ။ တရားစီရင်မှုဆိုသည်မှာ KIA ၏ အဆုံးအဖြတ်သာ ဖြစ်သည်။ KIA မှ အပြစ်ရှိသည်ဟု ဆုံးဖြတ်လျှင် အမှုကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ သေဒဏ်နှင့် ပေးဆပ်ရသည်။ KIA မှ သံသယရှိလျှင် ဖမ်းဆီးခေါ်ဆောင်သွားခံရပြီး ထိုသူကို နောက်တစ်ကြိမ် ထပ်မံမမြင်တွေ့ရတော့ချေ။ တစ်နည်းအားဖြင့် တောတွင်းတရားစီရင်မှုဟု ခေါ်ဆိုနိုင်ပေမည်။ စီးပွားရေးလုပ်ကိုင်မှုအနေဖြင့်မူ ဖားကန့်ဒေသ၌ မည်သည့်စီးပွားရေးကိုမဆို KIA မှ လုပ်ကိုင်ခွင့် ပေးထားသည်။ သို့သော် KIA နှင့် အဆင်ပြေလျှင် ရှေ့ဆက်အသက်မွေးနိုင်ပြီး အဆင်မပြေလျှင် လုပ်ငန်းဖျက်သိမ်းခံရကာ အသက်ဆုံးရှုံးသည်အထိပင် ဖြစ်နိုင်သည်။ အထက်တွင် ဖော်ပြခဲ့သော 1B2 အနှိပ်ခန်းသည်လည်း KIA အား စကားတစ်ခွန်းမှားသွားသည့်အတွက် KIA မှ ဆိုင်ပိတ်သိမ်းခြင်းကို ခံလိုက်ရရှာသည်။ ဖားကန့်ဒေသ၌ KIA လက်ချက်ဖြင့် ယင်းကဲ့သို့သော နေ့မြင်ညပျောက် လူများ၊ ဆိုင်များကား ဒုနှင့်ဒေး။ တစ်လောကပင် ကျွန်တော့်မိတ်ဆွေတစ်ယောက်အား KIA မှ မသင်္ကာဟူ၍ ဖမ်းခေါ်သွားသည်။ ထိုသူမှာ ဘဝတက်လမ်းမျှော်လင့်ချက်ဖြင့် ရွာမှ ဖားကန့်သို့တက်လာပြီး ရိုးရိုးသားသား ကျောက်တူးနေသူ တစ်ယောက်ဖြစ်သည်။ KIA ဖမ်းခေါ်သွားပြီးချိန်မှစ၍ ထိုသူကို ဖားကန့်မြေ၌ ထပ်မံမမြင်တွေ့ရတော့။ KIA သတ်၍ သေသွားပြီဟုသာ မှတ်ယူလိုက်ကြရသည်။ KIA အနေဖြင့် လူတစ်ဦးတစ်ယောက်အား မသင်္ကာသည် ရှိခဲ့လျှင်သော်မှ ထိုသူသည် အရပ်သားပြည်သူလား၊ သူလျှိုလား သေချာအောင် စုံစမ်းသင့်သည်။ သို့သော် ဖားကန့်ဒေသတွင် KIA မှ မသင်္ကာဖြစ်ခံရသူမှန်သမျှ နေ့မြင်ညပျောက် ဖြစ်သွားကြသည်။ ထိုသို့အပြစ်တစ်စုံတစ်ရာမရှိပါပဲလျက် KIA မှ မသင်္ကာ၍ အသက်ပေးလိုက်ကြရသောသူများကား ဖားကန့်ဒေသ၌ မနည်းတော့ပြီ။ ဖားကန့်ဒေသ၌ KIA လက်အောက်နေရခြင်းသည် မြန်မာများ ဖက်ဆစ်ဂျပန်လက်အောက်နေရစဉ်ကထက် ပိုမိုဆိုးဝါးသည်ဟု နှိုင်းယှဉ်က လွန်အံ့မထင်။ ဖားကန့်ဒေသသည် ကျောက်စိမ်းထွက်သောနယ်မြေဖြစ်၍ လူပေါင်းစုံပြီး လုပ်ငန်းစုံသည်။ ထိုနယ်မြေ၌ လုပ်ကိုင်စားသောက်သူမှန်သမျှ ဝင်ငွေကောင်းသည်။ သို့သော် မိမိရသောဝင်ငွေ၏ ၁၀ ရာနှုန်းကို KIA အား ဆက်ကြေးပေးရသည်။ အခွန်ဟုလည်း ခေါ်ဆိုလိုက ခေါ်ဆိုနိုင်သည်။ မိမိတို့အနေဖြင့် ၁၀ ရာခိုင်နှုန်း ဆက်ကြေးပေးရခြင်းကို မကျေမနပ်မဖြစ်။ ပေးလည်းပေးနိုင်သည်။ ကြည်ဖြူသည်။ သို့သော် ဘဝင်မကျစရာက ဆက်ကြေးက ဆက်ကြေးသာဖြစ်ပြီး KIA တပ်ဖွဲ့ဝင်များ၏ မိုက်ကြေးခွဲမှုများကိုလည်း ပေးကြရသည်။ မူးမူးရူးရူးဖြင့် အိမ်ထိတိုင်လာ၍ မိုက်ကြေးခွဲကြသည်။ ၎င်းတို့နှင့် ပြသနာမဖြစ်ချင်၍၊ မဖြစ်ဝံ့၍ ငါးသောင်း၊ ခြောက်သောင်း ပေးလိုက်လျှင်လည်း မကျေနပ်တတ်။ "ငါးသောင်းလောက် ဘာလုပ်ရမှာလည်း... တသိန်းခွဲပေး... ငါ့ကို ဘာထင်နေလဲ" စသည်ဖြင့် ရစ်တတ်၊ အနိုင်ကျင့်တတ်သည်။ မိမိတို့အနေနှင့်လည်း မတတ်နိုင်။ ကြောက်တော့လည်း တောင်းသလောက် ပေးလိုက်ရသည်ချည်းဖြစ်သည်။ ဤသို့ဖြင့် မိမိတို့ ဖားကန့်ဒေသ၌ လုပ်ကိုင်စားသောက်နေသူမှန်သမျှ မည်သူမျှ စုမိဆောင်းမိသည်ဟူ၍ မရှိ။ KIA နယ်မြေထဲ ရသမျှငွေ KIA အား ဆက်ကြေးပေးရသည့်နှင့် ကုန်ကြရသည်ချည်း ဖြစ်သည်။ ဖားကန့်ဒေသ၌ မည်သည့် စီးပွားရေး၊ လူမှုရေးကိစ္စရပ်မဆို KIA မှ ပါဝင်စွက်ဖက်သည်ချည်း ဖြစ်သည်။ လုပ်ငန်းမှန်သမျှ ၁၀ ရာခိုင်နှုန်း ဆက်ကြေးပေးရသည်က ထုံးစံဖြစ်သည်။ ဈေးဆိုင်မှန်သမျှလည်း ဆက်ကြေးပေးကြရသည်။ ကွမ်းယာဆိုင်ပင်လျှင် ဆက်ကြေးပေးရသည်။ ထို့အပြင် ကျောက်ရောင်း လျှင်လည်းKIA ကို အခွန်ပေးရသည်။ ၁၀ ရာခိုင်နှုန်း အနည်းဆုံးပေးရသည်။ အကယ်၍ တစ်စုံတစ်ဦးမှ ကျောက်ကောင်းရသည် ဝါ ကျောက်အောင်ခဲ့သည် ဆိုပါလျှင် ထိုကျောက်ကို KIA ကို ရောင်းရသည်။ KIA က ထိုကျောက်ကို တန်ရာတန်ကြေးမပေး။ တန်ရာတန်ကြေးမပေး၍ မရောင်းလိုဆိုလျှင်လည်း ထိုသူမှာ နောက်နေ့တွင် ကျောက်ရော လူရော ပျောက်သွားမည်မှာ သေချာသည်။ ဖားကန့်ဒေသအနှံ့တွင် KIA သူလျှို သတင်းပေးများ ရှိသည်။ မိမိတို့မှာ ကချင်စကားပြောသံကြားလျှင်ပင် ကြောက်နေရသည်။ ဖားကန့်ဒေသတွင် နေထိုင်သူမှန်သမျှ ကျီးလန့်စာစား နေကြရသူချည်း ဖြစ်သည်။ လူမျိုးစုံ၊ ဘာသာစုံ၊ ပါတီစုံ ပါဝင်သည်။ ကျွန်တော်သိမိသလောက် ထိုအထဲတွင် ပညာတတ်များ၊ NLD ပါတီဝင်များလည်း ပါဝင်သည်။ ကျွန်တော်ဆိုလျှင်လည်း လက်ထဲမှ ပိုက်ဆံစုမိသည် မကြံသေး။ KIA များ နှိပ်စက်၍ ကုန်ပြန်ပြီ။ ဤသို့ လုံးချာလည်လိုက်နေသည်။ အိမ်ကို ပိုက်ဆံပို့ချင်လွန်း၍ နောက်လမှ ပေါင်းယူပါ တောင်းပန် တိုးလျှိုးတာတောင်မှ မရ။ တောင်းပန်မရတော့လည်း ပေးလိုက်ရသည်ပင်။ မပေးလို့ကလည်း မဖြစ်။ ဤဒေသ၌ ဆက်၍ လုပ်ကိုင်မစားရတော့မည် စိုးရိမ်ရသည်။ အဆင်မတော်လျှင် အသက်အန္တရာယ်ကိုပါ စိုးရိမ်ရသည်။ နီးရာဓား ကြောက်ရသည်။ KIA ကို အာခံလျှင် နောက်တစ်နေ့ နေထွက်သည်ကို မြင်ရလိမ့်မည်မဟုတ်။ မိမိတို့ ဖားကန့်ဒေသတွင် နေထိုင်သူမှန်သမျှ KIA ကို ရွံကြောက်ကြီး ဖြစ်ကြရသည်။ မချစ်သော်လည်း အောင့်ကာနမ်းနေရသည်။ မကျေနပ်ကြောင်း ပြောချင်လှပါသော်လည်း ကြောက်၍ မြိုသိပ်အောင့်အည်းထားကြရသည်။ ဖားကန့်ဒေသမှ လွတ်မြောက်ရာ ကိုယ့်ရွာ ကိုယ့်အရပ်ရောက်မှ မြိုသိပ်ထားသမျှ ဖွင့်ထုတ်ချကြရသည်။ အွန်လိုင်း၊ ပုံနှိပ် မီဒီယာများ၌ စစ်တပ်မကောင်းကြောင်း၊ အစိုးရမှ နှိပ်စက်အုပ်ချုပ်ကြောင်း၊ KIA သည် အစိုးရနှင့် စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေသော၊ ပြည်သူကို ကာကွယ်ပေးသော၊ တရားမျှတသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်း ရေးသားသော သတင်းများ၊ ဆောင်းပါးများကို မမြင်ချင်အဆုံး တွေ့နေရသည်။ ကျွန်တော်မှ ထိုသတင်း၊ ဆောင်းပါးများကို ရေးသားသော သတင်းထောက်၊ ဆောင်းပါးရှင်၊ မီဒီယာသမားများကို မေးခွန်းတစ်ခုတော့ မေးကြည့်ချင်သည်။ သင် ဖားကန့်ရောက်ဖူးပြီလား? မျိုးမင်းသန့် (ခေတ္တ ဖားကန့်မြေ)